
အာဏာသိမ်းစစ်ကောင်စီတပ်သည် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ကို အရပ်လေးမျက်နှာမှ စစ်မျက်နှာဖွင့်ပြီး ထိုးစစ်ဆင်မည့် အရိပ်အယောင်ရှိနေရာ လက်နက်ခဲယမ်းအင်အား မမျှခြင်းက အဓိကအခက်အခဲဖြစ်နေဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယမန်နေ့ (ဇွန် ၉) က ထုတ်ပြန်ခဲ့သည့် KNDF ၏တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ ကယားပြည်နယ် မြို့တော်လွိုင်ကော်မှ ၁၀ မိုင်ခန့်အကွာရှိ ဒီးမော့ဆိုတွင် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများကို ပစ်ခတ်ခြင်း၊ ဒီးမော့ဆိုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများ ထိုးဝင်လာလျက်ရှိသည်။
“အခက်အခဲတော့ ရှိတာပေါ့။ အဓိကတော့ လက်နက်ခဲယမ်း မမျှတတာတစ်ခုကြောင့်ပေါ့။ အကယ်၍များ ကျွန်တော်တို့မှာ လက်နက်ခဲယမ်းအင်အား မျှခဲ့မယ်ဆိုရင်တော့ သေချာပါတယ် အခက်အခဲတော့ ဒီလောက်ထိရှိမှာ မဟုတ်ဘူး” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
ထိုသို့ စစ်ကောင်စီက အရပ်လေးမျက်နှာနေ၍ ထိုးစစ်ဆင်လာပါက စစ်ရှောင်ဒုက္ခသည်အရေအတွက် ပိုများလာမည်ဖြစ်သည့်အပြင် လုံခြုံရေးနှင့် စားနပ်ရိက္ခာလုံလောက်မှု အခက်အခဲများ ပိုဖြစ်လာမည်ဟုလည်း KNDF က ဆိုသည်။
စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ချီတက်လာ၍ ဒေသတွင်းစစ်ရှောင်စခန်းများ၌ ခိုလှုံနေသော ပြည်သူများအပြင် စစ်ရှောင်ခြင်းမရှိသေးသော ပြည်သူများပါ စိုးရိမ်ထိတ်လန့်နေကြရကြောင်း KNDF ၏ ထုတ်ပြန်ချက်က ဆိုသည်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မေလ ၂၁ ရက်မှစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိကာ စစ်ကောင်စီဘက်မှ အကျအဆုံးများပြားခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
တိုက်ပွဲများကြောင့် ဒီးမော့ဆို၊ လွိုင်ကော်နှင့် ကယားပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ/ဖယ်ခုံမြို့တွင် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းနီးပါးရှိလာပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။
ကယားပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီက လက်နက်ကိုင်နှင့် အရပ်သားမခွဲခြားဘဲ တိုက်ခိုက်နေမှုအပေါ် အပြင်းအထန်ကန့်ကွက်ပြီး၊ ကလေးလူကြီးများပါမကျန် ထောင်ပေါင်းများစွာသော ပြည်သူများ၏ ဘဝကို ခြိမ်းခြောက်နေသည့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းတင်သွင်းသူ မစ္စတာတွမ်အင်ဒရူးက ဇွန် ၉ ရက်တွင် ရေးသားတိုက်တွန်းထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကလည်း ကယားပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူတစ်သိန်းခန့် စစ်ဘေးရှောင်နေရပြီး၊ ဒုက္ခသည်များအတွက် လူသားချင်းစာနာသောအကူအညီများနှင့် သွားရောက်ကူညီသူကို ခွင့်ပြုရန် ဇွန် ၈ ရက်တွင် တိုက်တွန်းထားသည်။