
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့၏ နေပြည်တော်ခရီးစဉ် အတွင်း မြန်မာ့အရေးဘုံသဘောတူညီချက်တွင် မပါဝင်သော ရွေးကောက်ပွဲကိစ္စဆွေးနွေးခဲ့သည့်အပြင် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) နှင့်လည်း တွေ့ဆုံခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက် မြန်မာ့အရေး အာဆီယံအထူးထိပ်သီး အစည်းအဝေး၏ရလဒ် ဘုံသဘောတူညီချက်ငါးရပ်တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲ နောက်တစ်ကြိမ်ပြုလုပ်မည်ဟု လေသံပစ်ထားသည့် စစ်ကောင်စီ၏ UEC နှင့် တွေ့ဆုံရေး မပါဝင်ပေ။
အကြမ်းဖက်သတ်ဖြတ်မှုအားလုံး ချက်ချင်းရပ်ဆိုင်းရန်၊ အများပြည်သူအကျိုးအတွက် ငြိမ်းငြိမ်းချမ်း ချမ်းအဖြေရှာရေး သက်ဆိုင်ရာအစုအဖွဲ့အားလုံး အပြုသဘောဆွေးနွေးရန်၊ ဆွေးနွေးမှု ဖြစ်ပေါ်လာရေးအတွက် အာဆီယံအသင်းဥက္ကဋ္ဌ၏ အထူးသံတမန်က ကြားဝင်ကူညီပေးရန်၊ လူသားချင်းစာနာမှု အကူအညီများပေးရန်နှင့် အာဆီယံ၏ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ လာရောက်၍ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် တွေ့ဆုံရန်တို့ကိုသာ အာဆီယံက ဘုံသဘောတူညီချက်အဖြစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်း၏အကျိုးဆက်အဖြစ် အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ဦးဆောင်ကာ ဇွန် ၃ တွင် မြန်မာနိုင်ငံသို့ရောက်လာခြင်းဖြစ်ပြီး နောက်တစ်ရက်တွင်ပင် အာဆီယံဆုံးဖြတ်ချက်၌မပါဝင်သည့် UEC နှင့်တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်ခဲ့သည်။
အာဆီယံ ဥက္ကဋ္ဌဘရူနိုင်းဒါရူဆလင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) Dato Erywan Pehin Yusof နှင့် အတွင်းရေးမှူးချုပ် Dato Lim Jock Hoi တို့သည် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ကို တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပမည့်အခြေ အနေများကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ဝါဒဖြန့်သတင်းစာများ က ယနေ့(ဇွန်၅) ရက်တွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲကျင်းပပါက အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ အပါအဝင် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အာဏာမသိမ်းမီကတည်းက စစ်တပ်က ဝါဒဖြန့်နေသည့် မဲမသမာမှုဖြစ်နိုင်ခြေဆိုသော စစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်နေသည့်ကိစွအပေါ် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
အာဆီယံဥက္ကဋ္ဌ၏ ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ပြီး အာဆီယံဘုံသဘောတူညီချက်ရလဒ်၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေး၊ ကိုဗစ်နိုင်တင်းကာကွယ်ဆေးရရှိရေးကိစ္စ၊ မြန်မာ-ဘရူနိုင်းနှစ်နိုင်ငံဆက်ဆံရေး၊ လူသား ချင်းကူညီ ထောက်ပံ့ရေးကိစ္စများဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC ကို ပြောထားသည်။
“နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းသွားစေမယ့် ရွေးကောက်ပွဲပြန်လည်ပြုလုပ်မယ့်အခြေအနေတွေ ဆွေးနွေးခဲ့တယ်”ဟု BBC နှင့် အင်တာဗျူးတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုသည်။ ၎င်းသည် အာဏာသိမ်းပြီးစက နှစ်နှစ်အတွင်းရွေးကောက်ပွဲပြန်လုပ်ပေးမည်ဟု အာမခံခဲ့သူ ဖြစ်သည်။
စစ်တပ်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင်ရွေးကောက်ခံအစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးကာ အာဏာသိမ်းယူခဲ့ပြီး နောက်တစ်နေ့တွင်ပင် UEC အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ ပြန်ဖွဲ့သည့် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးမှာ မဲမသမာမှုများစွာရှိခဲ့သည်ဟု နာမည်ကျော်ပြီး စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို အာဏာရစေခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို ကြီးကြပ်ကိုင်တွယ်ခဲ့သူဖြစ်သည်။
ဦးသိန်းစိုး UEC ဥက္ကဋ္ဌ ပြန်ဖြစ်လျှင်ဖြစ်ချင်းပင် စစ်တပ်ကငြင်းပယ်၍ အာဏာသိမ်းခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို ဖျက်သိမ်းမည်ဟု လေသံပစ်ထားသည်။
အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့၏ မည်သည့်နေ့တွင် ပြီးဆုံးမည်၊ မည်သူတို့နှင့်ထပ်မံတွေ့ဆုံရန်ရှိသည်ကို စစ်ကောင်စီဘက်က အတည်ပြုထားခြင်း မရှိသေးပေ။
အဆိုပါခရီးစဉ်နှင့်စပ်လျဉ်း၍ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့်ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဘက်ကမူ မျှော်လင့်စရာမရှိဟု ပြောထားသည်။
ယမန်နေ့ (ဇွန်၄) တွင် အွန်လိုင်းမှတဆင့် ပြုလုပ်သည့် NUG သတင်းစာရှင်းလင်းပွဲတွင် “ပွင့်ပွင့်လင်းလင်း ပြောရရင် အာဆီယံအနေနဲ့ ဒါဟာလုပ်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်။ Credibility အတွက် အလုပ်တစ်ခုကို လုပ်ရမယ်ဆိုတဲ့အနေနဲ့ တာဝန်ကျေပွန်ရုံဆောင်ရွက်နေတယ်လို့ပဲ ယူဆပါတယ်” ဟု NUG အစိုးရအဖွဲ့၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမျိုးဇော်ဦးက ပြောထားသည်။