သတင်း

ကလေးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးခြောက်ဦး တစ်ပြိုင်တည်းနုတ်ထွက်စာတင် 

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအားကောင်းသည့် ကျေးရွာအုပ်စုတစ်ခုမှ ကျေးရွာအုပ်ချုပ်ရေးမှူးခြောက်ဦးသည် မိသားစုအရေးကိစ္စဟူသော အကြောင်းပြချက်ဖြင့် တစ်ပြိုင်နက်တည်း နုတ်ထွက်စာတင်ခဲ့ကြသည်။

ကလေးမြို့နယ် ကျောင်းတိုက်ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းတိုက်ရွာ၊ သဖန်းအိုင်ကျေးရွာ၊ အာဝါးကျေးရွာ၊ ညောင်တောကျေးရွာ၊ သဘော်ပင်ကွင်းကျေးရွာနှင့် ဆည်တော်ဦးကျေးရွာ အုပ်ချုပ်ရေးမှူးများ ဇွန် ၃ ရက်တွင် မြို့နယ်စစ်ကောင်စီထံ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။

“အခုချိန်ထိရသမျှသတင်းက ကျေးရွာအုပ်စုတစ်ခုလုံးထွက်တာပဲ။ တံဆိပ်ခေါင်းတွေရော၊ တံဆိပ်တုံးတွေရော အပ်လိုက်ပြီ။ အဲဒီဘက်က ကြံ့ခိုင်ရေး သို့မဟုတ် တပ်ထောက်ခံသူတွေများတယ်။ ဒီအချိန်မှာထွက်တာ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ ခြိမ်းခြောက်ခံရတာမျိုးတော့ မဖြစ်နိုင်ဘူး”ဟု နယ်ခံတစ်ဦးက Myanmar Now ကို ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးခြောက်ဦးသည် ၂၀၁၆ ဧပြီ ၁ မှစ၍ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခုလဆန်းပိုင်းအထိ တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပြီး ကျောင်းတိုင်ကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများပြားပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှု နည်းပါးသည်ဟုလည်း ဒေသခံများက ပြောသည်။

“ဒီဘက်တွေမှာက တပ်ထောက်ခံသူတွေများတယ်။ စစ်တပ်ကို မကြိုက်တဲ့လူငယ်တွေကလည်း တခြားနေရာတွေ ရွှေ့နေကြတာ။ ဒီဘက်မှာရှိနေရင် မချောင်ဘူး။ ဆန္ဒပြပွဲတွေဆို ဒီဘက်မှာ အခြေတည်လို့ကို မရဘူး။ သူတို့ ဘာကြောင့်ထွက်တာလဲ ကျွန်တော်တို့ စုံစမ်းနေတာ”ဟု အခြားနယ်ခံတစ်ဦးက ပြောသည်။

ရာထူးမှ နုတ်ထွက်ခဲ့ကြသည့် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စစ်ကောင်စီထံ Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ကျောင်းတိုက်ကျေးရွာအုပ်စု မြောက်ဘက် တစ်မိုင်အကွာတွင်ရှိ မောက်လင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျင့်ဆွာန်မုန်သည် ဇွန် ၁ ရက်တွင် နုတ်ထွက်ခဲ့သည်ဟု သိရသည်။

ကလေးမြို့သည် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပထမဆုံးလက်နက်ကိုင်ခုခံတော်လှန်သည့် မြို့လည်းဖြစ်သည်။ ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများအပေါ် ပစ်ခတ်ဖြိုခွင်းသည့် စစ်ကောင်စီတပ်ဖွဲ့များကို အာခံရာတွင် အဆိုပါမြို့ရှိ တာဟန်းခံတပ်မှာ ထင်ရှားခဲ့သည်။

ဧပြီလအတွင်း ရိုးရာလက်လုပ်တူမီးသေနတ်အချို့ဖြင့် ခုခံနေသည့် တာဟန်းခံတပ်ဖြိုခွင်းခံရစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးများပင် သုံးခဲ့ပြီး အရပ်သားသေဆုံးမှု ၁၀ဦးထက်မနည်းရှိကြောင်း ဆေးကုသရေးကူညီပေးခဲ့သည့်အဖွဲ့များက Myanmar Nowကို အတည်ပြုထားဖူးသည်။

ဇွန် ၂ ရက်က စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ပေါ်ဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းဆိုသူ အသတ်ခံရပြီးနောက် ခင်ဦးမြို့နယ်အတွင်းရှိ ကွမ်းတိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်သည် ကျန်းမာရေးအကြောင်းပြချက်ဖြင့် နုတ်ထွက်စာတင်ခဲ့သည်။ 

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် ပြည်ခိုင်ဖြိုးပါတီဝင်အချို့ လုပ်ကြံသတ်ဖြတ်ခံရမှု ဆက်တိုက်ဖြစ်ပွားလာပြီး ရန်ကုန်၊ မြင်းခြံ၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူး ၇ ဦးအထိ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ 

Show More

Related Articles

Back to top button