ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရပြီးနောက် ယနေ့ (ဇွန် ၄) တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး နုတ်ထွက်စာတင်ခဲ့သည်။
ဇွန် ၁ ရက်က ပြည်ခိုင်ဖြိုးပါတီဝင် နန်းမားမြို့အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမင်း သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီး ယနေ့တွင် မြို့မရန်အောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုမျိုးရာဇာ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ၂၀၂၀ ဇွန်လတွင် မြို့မရန်အောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သူ ကိုမျိုးရာဇာသည် စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက်တာဝန်ယူခဲ့ရာမှ ကျန်းမာရေးအခြေအနေကြောင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုပါရန် မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူးထံ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။
ပြည်သူရွေးချယ်တင်မြှောက်ထားသည့် ရပ်အုပ်ချုပ်ရေးမှူးဖြစ်သောကြောင့် ပြည်သူ့ဆန္ဒကို အလေးထားသောအားဖြင့် နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်ကြောင်း ကိုမျိုးရာဇာက Myanmar Now ကို ပြောသည်။
“စစ်အုပ်ချုပ်ရေးအောက်မှာ ပြည်သူတွေက မနေချင်ကြဘူးဗျာ။ ပြည်သူတွေရဲ့ဆန္ဒကို ရှေ့တန်းတင်ရမယ်လေ။ ပြည်သူတွေမကြိုက်တဲ့ အစိုးရအောက်မှာ မနေချင်တော့ ကျွန်တော်လည်း နေလို့မရဘူးဆိုတဲ့ အနေအထားပါ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ဆက်တိုက်လုပ်ကြံသတ်ဖြတ်ခံနေရသောကြောင့် စိုးရိမ်မှုရှိသည်ဟုလည်း ကိုမျိုးရာဇာက ထုတ်ဖော်ပြောကြားသည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အသတ်ခံနေရတယ်ဆိုတဲ့အနေအထားမှာ ကျွန်တော်လည်း မိသားစုရှိတဲ့အတွက် စိုးရိမ်တာပေါ့ဗျာ။ အဲ့ဒါကြောင့်လည်း နုတ်ထွက်စာတင်ရခြင်း တစ်စိတ်တစ်ပိုင်းပါတာပေါ့။ ကျွန်တော်ကတော့ ရပ်ကွက်ပြည်သူလူထုကို သွေးထိုးလှုံ့ဆော်တာတွေလည်း မရှိပါဘူး။ ချောက်ချတာတွေဘာတွေ မရှိပါဘူး။ ပြည်သူဘက်ကပဲ မားမားမတ်မတ်ရပ်တည်ခဲ့တာပေါ့” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇွန် ၂ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံခဲ့ရပြီး တစ်ချိန်တည်းမှာပင် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ၏ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နုတ်ထွက်စာတင်ခဲ့သည်။
ကချင်ပြည်နယ် နန်းမားမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ကိုမျိုးရာဇာသည် ရပ်ရွာအရေးကိစ္စရပ်များကို ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် ပတ်သက်ဆက်စပ်မှုမရှိဘဲ လူမုန်းများသူ မဟုတ်ကြောင်း နန်းမားမြို့ခံတစ်ဦးက ပြောသည်။
“သူက နာမည်ကတော့ မထွက်ဘူး။ လူမုန်းခံရတာတွေဘာတွေလည်း မရှိဘူး။ ရပ်ရွာအရေးပဲ လုပ်နေတဲ့သူ သက်သက်ပဲ။ ကိုဗစ်ကာလတုန်းကလည်း ကိုဗစ်စင်တာတွေမှာ စေတနာ့ဝန်ထမ်းလိုက်လုပ်ပေးတာတွေပဲ များတယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး အနီ၊ အစိမ်းတွေ ဘာတွေ မရှိဘူး” ဟု ၎င်းမြို့ခံက ဆိုသည်။
နန်းမားမြို့တွင် ရှမ်းစုရပ်ကွက်၊ မြို့မရန်အောင်ရပ်ကွက်၊ နန်းသာယာရပ်ကွက်၊ ချောင်းတာရပ်ကွက်နှင့် ညောင်ကုန်းရပ်ကွက်ဟူ၍ ရပ်ကွက် ၅ ခုရှိပြီး ကိုမျိုးရာဇာတစ်ယောက်သာ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။