သစ်မှောင်ခိုတွေရန်ပြုတာ ခံနေရတဲ့ ပဲခူးရိုးမသစ်တောဝန်ထမ်းများ

ဇူလိုင် ၂၅ ရက်နေ့က ကျောက်တံခါးမြို့နယ်တွင် တွေ့ရသော သစ်တောရဲတပ်ဖွဲ့ဝင်နှစ်ဦး (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)
ဇူလိုင် ၂၅ ရက်နေ့က ကျောက်တံခါးမြို့နယ်တွင် တွေ့ရသော သစ်တောရဲတပ်ဖွဲ့ဝင်နှစ်ဦး (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

ပဲခူးရိုးမကို ဖြတ်ပြီး ဖောက်ထားတဲ့ မြို့ကျောင်း-စိန်ကန့်လန့်လမ်းဟာ ဒေသတွင်း သစ်ခိုးထုတ်သူတို့ရဲ့အဓိက လမ်းကြောင်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

သစ်တုံးတွေ လမ်းဘေးဝဲယာ ဟိုတစ်ပုံ၊ ဒီတစ်ပုံဖြစ်နေတဲ့ ဒီလမ်းရဲ့အစမှာပဲ ဖြတ်သန်းသွားလာမယ့် မော်တော်ယာဉ်တွေ ရပ်တန့်စေမယ့် သံတန်းမောင်းတံကြီးကို တွေ့ရပါတယ်။ ဒီနေရာကတော့ ရန်ကုန်-နေပြည်တော် အမြန်လမ်းရဲ့ အနောက်ဖက် ၉ မိုင် ခန့် အကွာမှာရှိတဲ့ စိန်ကန့်လန့် စစ်ဆေးရေးဂိတ်ပါ။

ဒီဂိတ်မှာ နေ့ရော ညပါ သစ်တောဝန်ထမ်းတွေ အလှည့်ကျတာဝန်ထမ်းဆောင်နေသလို ပြီးခဲ့တဲ့ လကစပြီး ပဲခူး တိုင်းဒေသကြီးရဲ့ လက်နက်ကိုင်သစ်တောရဲ ၂ဝ ထဲက ထက်ဝက်ကို ဒီဒေသမှာ တာဝန်ချထားပါတယ်။ လက်နက်တပ်ဆင်မထားတဲ့ သစ်တောဝန်ထမ်းတွေ အန္တရာယ်ပြုခံရပြီးနောက်ပိုင်းမှာ သစ်တောရဲတွေကို အားဖြည့် တာဝန်ချထားရတာပါ။

ကျောက်တံခါး၊ ညောင်လေးပင်မြို့နယ်တွေက သစ်တောဝန်ထမ်းတွေ ပါဝင်တဲ့ အင်အား ၂၂ ဦးပါ ခရိုင်သစ်တောအဖွဲ့ဟာ ပြီးခဲ့တဲ့ဇွန်လက ၂ ဖွဲ့ခွဲပြီး ပဲခူးရိုးမထဲကို ကင်းလှည့်ရာမှာ ခိုးထုတ်ပြီးသား သစ်တွေကို တင်နေတဲ့ကားတစ်စီး တွေ့ရတယ်လို့ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးမှူး ဦးစန်းယုက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ စစ်ဆေးရေးဂိတ်နဲ့ ၇ မိုင် ကွာဝေးပါတယ်။ ရန်ကုန်၊ မန္တလေး အမြန်လမ်းမရှိရာဆီ အတင်းမောင်းထွက်တဲ့ ခိုးသစ်တင်ကားနောက် သစ်တောအဖွဲ့နှစ်ဖွဲ့က လိုက်ဖမ်းရာမှာ သိပ်မကြာခင်မှာပဲ သစ်ခိုးကား မီးလောင်တာကြောင့် ကားပေါ်မှာပါတဲ့သူတွေက ဆင်းပြေးကြတယ်၊ သစ်တောဝန်ထမ်းတွေ မီးငြိမ်းနေတုန်း ထွက်ပြေးသွားသူများ ပြန်ရောက်လာတယ်၊ လေးခွထဲ သံကုံးသီးထည့်ပြီး ပစ်ခတ် တိုက်ခိုက်ကြရာမှာဝန်ထမ်း ၃ ဦး ဒဏ်ရာရသွားတယ်လို့ သစ်တောဦးစီးမှူးက ဆက်ပြောပါတယ်။

သစ်ခိုးသူတစ်ဦးက ဓားကိုင်ပြီး တိုးဝင်လာတယ်၊ ဝန်ထမ်းတွေက လမ်းဘေးက ကျောက်ခဲတွေနဲ့ ပြန်ပစ်ပေါက်ကြတဲ့အတွက် ရန်မူသူ ၄ ဦး ပြန်လည်ထွက်ပြေးသွားကြတယ်လို့ ဦးစန်းယုက ဆက်ပြောပါတယ်။

“ကျွန်တော် ဒီကိုပြောင်းလာတာ ၈ လပဲ ကြာသေးတယ်။ ဒီလို ကျွန်တော်တို့သစ်တောဝန်ထမ်းတွေကို ပြန်ရန်ပြုတဲ့အဖြစ်အပျက်က ပထဆုံး အတွေ့အကြုံပါ။ စိတ်ထဲမှာတော့ တော်တော်လေးလန့်တာပေါ့” လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့မှာက ဘာလက်နက်မှ ပါသွားတာမဟုတ်ဘူး။ လက်နက်ဆိုလို့ တောတောင်ထဲသွားတဲ့အခါ သုံးဖို့ဆောင်သွားတဲ့ ဓါးမြောင်လေးပဲပါတာ။ ၄ ယောက်က လေးခွနဲ့ ပစ်တယ်ဆိုပေမယ့် သူတို့နောက်ကွယ်မှာ လူတွေ ထပ်ပါ မပါလည်း ကျွန်တော်တို့ မသိနိုင်ဘူး”

အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ ပဲခူးတိုင်းဒေသကြီးအစိုးရက စိန်ကန့်လန့်စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင် သစ်တောရဲ ၁ဝ ဦး ပို့ပြီး အားဖြည့်ပေးခဲ့တာပါ။

“သစ်တောရဲတွေ ရောက်လာပြီးတဲ့နောက်ပိုင်းမှာလည်း (သစ်ခိုးထုတ်တဲ့ ထရပ်ကားတစ်စီး) ကျွန်တော်တို့ စစ်ဆေးရေးဂိတ် မောင်းတံကို အတင်းတိုက်ပြီး ထွက်ပြေးမယ်လုပ်လို့ သစ်တောရဲတွေက ကားဘီးကို သေနတ်နဲ့ပစ်ပြီး ဖမ်းလိုက်ရသေးတယ်” လို့ ဦးစန်းယုက ဆိုပါတယ်။

သစ်တောကာကွယ်ရေး ကြိုးပမ်းမှု

ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း နိုင်ငံရဲ့သစ်တောတွေဟာ သစ်ထုတ်တဲ့ကုမ္ပဏီတွေ၊ လယ်ယာ စီးပွား ကုမ္ပဏီတွေ၊ သစ်ခိုးဂိုဏ်းတွေကြောင့် ဖြူခါပြာခါကျခဲ့ရပါတယ်။ ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ရခိုင်၊ ပဲခူး ဒေသတွေက ထူထပ်တဲ့သစ်တောကြီးတွေ ပြောင်တလင်းခါသွားခဲ့ပြီး ဒေါ်လာဘီလျံနဲ့ချီပြီးတန်တဲ့ သစ်လုံးတွေဟာ အိမ်နီးချင်းနိုင်ငံများဆီကို တံခါးမရှိဓားမရှိရောက်သွားကြတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ခန့်မှန်းနေကြပါတယ်။

တပ်မတော်စစ်ကြောင်းတွေ၊ သူပုန်တပ်တွေက တိုင်းရင်းသားဒေသ သစ်မှောင်ခိုသမား၊ သစ်ခိုးထုတ်သူများကို အခွန် ကောက်ကြတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့သလို အစိုးရ အရာရှိတွေရဲ့ခြစားမှုတွေကလည်း သစ်တောပြုန်းတီးမှုကို မီးထိုးပေးခဲ့ပါတယ်။ ယခင်အစိုးရများလက်ထက် သစ်တောကာကွယ်ရေး ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း သစ်တောတွေကတော့ မြန်မြန်ကြီးပဲ လျော့ကျပြုန်းတီးနေခဲ့တာပါ။

၂ဝဝ၁ နဲ့ ၂ဝ၁၃ အတွင်း သစ်တောဟက်တာ ၁ ဒသမ ၇ သန်း (ဧက ၄ ဒသမ ၂ သန်း) ဆုံးရှုံးခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းဖော်ထုတ်ရေးအေဂျင်စီ (Environmental Investigation Agency) ရဲ့ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ သစ်တောဖုံးလွှမ်းမှုအမြင့်ဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်နေပေမယ့် တစ်ဖက်မှာလည်း နှစ်စဉ်သစ်တောပြုန်းတီးမှုနှုန်း ၂ ရာခိုင်နှုန်းရှိတဲ့အတွက် တောပြုန်းနှုန်းအမြင့်ဆုံး နိုင်ငံတစ်ခုလည်းဖြစ်တယ်လို့ ဒီအဖွဲ့က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရလာပြီးတဲ့နောက်မှာ သစ်တော၊ မြစ်ချောင်း၊ သဘာဝ ရင်းမြစ်တွေကို ပိုမိုကောင်းမွန်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်ရေးကို ဦးစားပေးမယ်လို့ ဆိုထားပါတယ်။ တနိုင်ငံလုံးမှာ သစ်ထုတ်ယူခွင့်ကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း ရပ်ဆိုင်းပြီး သစ်ထုတ်ယူနိုင်စွမ်း အကြီးအကျယ် ကျဆင်းခဲ့တဲ့ မြန်မာ့ကျွန်းသစ်မူရင်းဒေသ ပဲခူးရိုးမမှာတော့ ကျွန်းနဲ့ သစ်မာထုတ်ယူခြင်းမပြုဘဲ ၁ဝ နှစ်အထိ အနားပေးဖို့ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဇွန်လ ဆွေးနွေးပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

၂၉၆ မိုင် ရှည်လျားတဲ့ ဒီပဲခူးရိုးမဟာ တစ်ချိန်က သစ်တောထူထပ်၊ သားငှက်တွေ အလွန်ပေါခဲ့ပေမယ့် အခုအခါမှာတော့ အဆိုးရွားဆုံး သစ်ထုတ်လုပ်မှု၊ တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်မှုများနဲ့ ရင်ဆိုင်နေရပါပြီ။

နိုင်ငံအနှံ့မှာ ယခုနှစ် ပထမ ခြောက်လ အတွင်း သစ်မျိုးစုံ တန်ချိန် ၁၅,ဝဝဝ ကျော် ဖမ်းဆီးရမိခဲ့ပြီး အဲဒီထဲက ၁၂ ရာခိုင်နှုန်းနီးပါးဟာ ပဲခူးတိုင်း ဒေသကြီးမှာ ဖမ်းမိတာဖြစ်တယ်လို့ ဝန်ကြီး ဦးအုန်းဝင်းက ဇူလိုင် ၂၉ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားပါတယ်။

သစ်တောဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပဲခူးတိုင်းမှာ သစ်တောဝန်ထမ်း ၉ဝဝ ကျော် လျာထားပေမဲ့ ခန့်ထားနိုင်တာ ၆ဝဝ ကျော်ပဲ ရှိတယ်၊ လက်နက်ကိုင် သစ်တောရဲ အင်အား ကလည်း ၂ဝ ပဲ ရှိသေးတယ်လို့ ပြောပါတယ်။ အင်အား မပြည့်စုံတာကြောင့် ဒေသတွင်း တောပြုန်းတီးမှု၊ တောရိုင်းတိရစ္ဆာန်တွေ သတ်ဖြတ်ဖမ်းဆီးခံနေရမှုတို့ကို ရပ်တန့်အောင်လုပ်ဖို့ ခက်ခဲမယ်လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ဆင်ရိုင်း ၂ဝ အသတ်ခံခဲ့ရပြီး ဒီနှစ်မှာတော့ မြန်မာတစ်နိုင်ငံလုံးမှာ အသတ်ခံရတာ ၁၂ ကောင် ရှိပြီ ဖြစ်ကြောင်း၊ အထူးသဖြင့် ပဲခူးနယ်မှာ သစ်တောမြေ ဧရိယာ အများအပြား ပျောက်ကွယ်လာတာကြောင့် ဆင်နဲ့ လူတို့ကြားက ပဋိပက္ခ ကြီးထွားလာကြောင်း သူက ပြောပါတယ်။

ဒေသခံတို့အတွက် တခြား ရွေးချယ်စရာ

ပဲခူးရိုးမဒေသခံ အများအပြားဟာ သူတို့ဘဝရပ်တည်ရေးအတွက် တခြားရွေးစရာအခွင့်အလမ်းတွေ မရှိသေးတာကြောင့်လည်း သစ်ခိုးထုတ်မှုတွေမှာ တစ်နည်းနည်းနဲ့ ပါဝင် ပတ်သက်နေကြတယ် လို့ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးမှူး ဦးစန်းယုက သုံးသပ်ပါတယ်။

ချို့တဲ့ကြတဲ့ ဒေသခံ အများအပြားဟာ သစ်ခုတ်ရောင်းချရခြင်းကနေ ဝင်ငွေရကြပြီး ကျွန်း၊ ပျဉ်းကတိုးစတဲ့ သစ်မာတွေကို အဓိကထား ခုတ်ကြကာ တောလမ်းတွေအတိုင်း နွားလှည်းနဲ့ ခိုးထုတ်ကြတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ ဒေသတွင်း သစ်အချောထည်လုပ်ငန်းတွေ၊ ပရိဘောဂလုပ်ငန်းတွေက ပြည်တွင်းဈေးကွက်အတွက် အဲဒီသစ်တွေကို သုံးကြတာပါ။

အခုဆိုရင် ရိုးမတောကြီးရဲ့အစွန်အဖျားတွေမှာဆိုရင် ကျွန်း၊ ပျဉ်းကတိုး စတဲ့ သစ်မာတွေကို တောနက်နက်ထဲသွားမှသာ တွေ့နိုင်တော့တယ်လို့ ဦးစန်းယုက ပြောပါတယ်။ ပဲခူးရိုးမထဲမှာ သစ်တော ကြိုးဝိုင်းပေါင်း ၁ဝ၃ ခု (ဧက ၃ သန်းကျော်) ရှိပေမယ့် သစ်ခိုးထုတ်မှု၊ အပြောင်ရှင်းမှုတွေကြောင့် တောတွေက ပုံစံပြောင်းသွားပြီလို့ သူက ပြောပါတယ်။

ရန်မူတတ်တဲ့ သစ်ခိုးဂိုဏ်းကြီးတွေကို ရင်ဆိုင်ရာမှာ သစ်တောဝန်ထမ်းတွေ၊ သစ်တောရဲတွေက လက်နက် မပြည့်စုံဘူး၊ ဒါကြောင့် သစ်ခိုးထုတ်ရာမှာ ပါဝင်တဲ့ ဒေသခံ ဆင်းရဲသား ဖမ်းမိတာ များတယ်လို့ ဦးစန်းယုက ဆိုပါတယ်။ သစ်ခိုးဂိုဏ်းတွေကို ဥပဒေအရ အပြစ်ပေးရမှာဖြစ်ပေမယ့် ဒေသခံအများအပြားက တခြားလုပ်ငန်းပြောင်းလုပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သူက မှတ်ချက်ပေးပါတယ်။ အဲ့ဒီအတွက် အစိုးရအနေနဲ့ ဒေသခံတွေရဲ့ စားဝတ် နေရေးကို ဖြည့်ဆည်းပေးနိုင်မယ့် သစ်တောအခြေခံ နည်းပညာသစ်တွေ၊ လုပ်ငန်းမျိုးတွေကို ရွေးချယ်စီမံချက်ချဖို့ လိုအပ်တယ်လို့ ဦးစန်းယုက သုံးသပ်ပါတယ်။

“ဒီဒေသမှာ ဝါးထွက်တယ်ဗျာ။ အဲ့ဒီဝါးကို အလုံးလိုက်ထုတ်နေတာထက် ဝါးကနေရလာမယ့် ထရံတွေ၊ ဝါးတူတွေ ထုတ်တဲ့လုပ်ငန်းမျိုးကို စနစ်တကျ တည်ထောင်ပေးမယ်၊ ဝါးကိုပေါင်းခံတဲ့ နည်းပညာတွေနဲ့အတူ လူသုံးကုန် ပစ္စည်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းမျိုးတွေကို ထူထောင်ပေး (သင့်တယ်)” လို့ သစ်တောဦးစီးမှူးက ပြောလိုက်ပါတယ်။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading