စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း မရကန်ကျေးရွာတွင် ဒီဇင်ဘာ ၅ ရက်နေ့ ညက လူစည်ကားရာ လက်ဘက်ရည်ဆိုင်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး ငါးနှစ်သား ကလေးတစ်ဦး အပါအဝင် သေဆုံးသူ ၁၈ ဦး ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဒီပဲယင်းမြို့ ၊ အရှေ့ဘက် ကိုးမိုင်ခန့်အကွာ မရကန်ရွာမြောက်ဘက် လက်ဘက်ရည်ဆိုင်အနီး ည ၈ နာရီ ဝန်းကျင်တွင် ဗုံး နှစ်လုံးကြဲချခဲ့သဖြင့် ဆိုင်အရှေ့ ငါးပေ ခန့်အကွာ တစ်လုံး၊ မြောက်ဘက်တွင် တစ်လုံး ကျရောက်ပေါက်ကွဲသည်။
“ ကျွန်တော်တို့ဒေသက ခုချိန်အလုပ်လုပ်နေတာ စပါးသိမ်းနေတဲ့အချိန်။ ၅ နာရီ ၆ နာရီဆိုတော့ လူတွေက နားပြီ။ ၆ နာရီနောက်ပိုင်းနားကျတော့ ရေမိုးချိုးပြီး လက်ဘက်ရည်ဆိုင်သွားကြပြီ။ လက်ဘက်ရည်ဆိုင် သွားကြတော့ လူစည်တဲ့အချိန်မှာဖြစ်တာပေါ့။ ဘေးပတ်ဝန်းကျင်ကအိမ်တွေကလည်း သေတာပေါ့။ သူတို့ ပစ်တဲ့လက်နက်ရဲ့ပြင်းအားကလည်း တော်တော်ကိုကြောက်စရာကောင်းတဲ့ အနေအထား ဖြစ်ပါတယ် ”ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဒီဇင်ဘာလ ၆ ရက်နေ့က ပြောသည်။
ထိုတိုက်ခိုက်မှုသည် အများပြည်သူအပန်းဖြေရာနေရာအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ပြီး အခြေခံအကျဆုံး လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးဝန်ကြီးဌာနက ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သေဆုံးသူအများစုသည် အသက် ၂၀ ကျော်မှ ၇၀ ကျော်အတွင်းဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးတစ်ဦး ပါဝင်ကြောင်း၊ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး သုံးဦးသေဆုံးသည့်အနက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင်ပါဝင်သည့် ပညာရေးဝန်ထမ်း နှစ်ဦးပါဝင်ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း၊ မရကန်ကျေးရွာလေကြောင်းတိုက်ခိုက်မှုတွင် မောင်ခန့်ဇေယျာအောင် ငါးနှစ် ၊ ဦးတင်ရွှေ (၇၇ နှစ်)၊ ဦးဉာဏ်ပို (၇၅ နှစ်) ၊ ဦးမြတ်ရှိန်း (၇၂ နှစ်)၊ ဦးလင်းအောင် (၅၀ နှစ်) ၊ ဒေါ်ဌေးစီ (၅၃ နှစ်) ၊ ဦးသန်းဇော်ဦး (ဒိုင်နတ်ရွာ)၊ ဒေါ်ခင်မာအေး (၅၇ နှစ်) ၊ ဦးဖိုးနီ (၄၄ နှစ်)၊ ဒေါ်ခင်မော် (၅၉ နှစ်)၊ ကိုရဲထက် (၃၃ နှစ်)၊ ဦးဇော်ဌေး (၄၄ နှစ်) ၊ ပူတူး (၃၇ နှစ်) ၊ ကိုဝေယံ (၃၇ နှစ်) ၊ ဦးမြင့်သောင်း (၅၇ နှစ်)၊ ဦးကျော်မြင့် (၅၉ နှစ်)၊ ကိုဖြိုး (၂၀ နှစ်) ၊ ဦးကံဌေး (၅၆ နှစ်) တို့ သေဆုံးခဲ့ကြသည်။
ဒဏ်ရာရသူ ၂၂ ဦးအနက် လသားအရွယ်ကလေးငယ်တစ်ဦးနှင့် အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူ ခြောက်ဦး၊ အသက်အန္တရာယ် စိုးရိမ်ရသူ သုံးဦး ရှိကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။ ထိုရွာမှ နေအိမ် ၁၉ လုံး၊ ကားတစ်စီး၊ ထော်လာဂျီတစ်စီးနှင့် ဆိုင်ကယ် ၁၀ စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အိမ်ခြေ ၅၀၀ ကျော်ရှိသည့် မရကန်ရွာသည် ယခင်နှစ်များတွင် စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်စဉ် သုံးကြိမ် မီးရှို့ခံခဲ့ရပြီး အိမ်ခြေ ၇၀ ခန့်ပြာကျခဲ့သည်။

ထိုင်းနိုင်ငံတွင် ကျင်းပနေသော ၃၃ ကြိမ်မြောက် ဆီးဂိမ်း (SEA Games) ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့ အုပ်စု- ခပွဲစဉ် ကြည့်ရှုပြီး အားကစားအစီအစဉ်များကို ကြည့်နေသည့် ရွာအရှေ့ဘက် လက်ဘက်ရည်ဆိုင်တွင် ဗုံးကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးဝန်ကြီးဌာနကဆိုသည်။
မရကန်ရွာ လေကြောင်းတိုက်ခိုက်မှုတွင် ၁၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု အတည်ပြုထားနိုင်ပြီး အသက်ငါး နှစ်အောက် ကလေးနှစ်ဦးနှင့် အမျိုးသမီးများလည်း ပါဝင်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများပြားပြီး အသက်အန္တရာယ်စိုးရိမ်ရသူများ ပါဝင်ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ယင်းနေ့နံနက်တွင် သတင်းထုတ်ပြန်ထားသည်။
ဘောလုံးပွဲ ရှိနေသဖြင့် လက်ဘက်ရည်ဆိုင်၌ လူစုလူဝေးရှိနေချိန် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။
“ ဘောလုံးပွဲရှိတယ်လို့ပြောတယ်။ ဘောလုံးပွဲကြည့်ပြီးမပြန်သေးတဲ့သူတွေပါမယ်။ လက်ဘက်ရည်ဆိုင် ဖြစ်တဲ့အတွက် ထိခိုက်မှုက များသွားတာ။ မြန်မာပွဲ အမျိုးသမီးပွဲ (လေယာဉ်) မပစ်ခင် စပ်ကြားလေးမှာ ကြည့်ကြသေးတယ်ပြောတယ်။ အဓိကတော့ ဗုံးကြဲတာ။ မီးလောင်ဗုံးသဘောမျိုးလည်း ဖြစ်မယ်။ သူတို့ ပစ်လိုက်တဲ့နေရာမှာ အကုန်ပြောင်သလင်းခါသွားတယ်။ Dead Body တွေမှာလည်း တစစီ ဖြစ်သွားတာ ” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ဒီပဲယင်းမြို့နယ်ဒေသခံတစ်ဦးက ညဘက် တီဗီကြည့်ချိန်ဖြစ်သဖြင့် လက်ဘက်ရည်ဆိုင်မှာအများအပြား ရှိနေကြသည်ဟု ဆိုသည်။
“ လက်ဘက်ရည်ဆိုင်မှာ လူကြီးလူငယ်တွေ တီဗီ ကြည့်ကြ၊ ဘောလုံးပွဲကြည့်နေကြတဲ့အချိန်မို့ပါ။ ည ၈ နာရီ ဆိုတော့လေ။ ဒဏ်ရာအပြင်းအထန်ရသူတွေလည်း ၃၀ လောက်ရှ်ပါတယ်။ မိသားစုတစ်စု ဆိုရင် အိမ်မှာ နေရင်းနဲ့ အဖေ၊ အမေ ၊သား သုံးယောက်လုံး ပါသွားပါတယ်” ဟု ထိုသူက ဆိုသည်။
မရကန်ရွာတွင် လက်ဘက်ရည်ဆိုင်ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ပြီး သေဆုံးသူများသည် အရပ်သား များချည်းဖြစ်ကြောင်းလည်း ဒေသခံ အခြားတစ်ဦးကလည်း ပြောသည်။
“မနေ့က တစ်ရက်တည်းကို ဒီပဲယင်းမြို့နယ်ထဲမှာ လေကြောင်းက တစ်နေ့လုံးလိုလို ပတ်နေတာ။ ဖိုက်တာက နေ့လယ် သုံးစီး၊ ညနေ တစ်စီး ၊ ညပိုင်း တစ်စီး လာတယ်” ဟု ၎င်းက ဒီဇင်ဘာလ ၆ ရက်နေ့က ဆိုသည်။
အစုလိုက်အပြုံသေဆုံးခဲ့ရသည့် မရကန်ရွာလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး စစ်တပ်က ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်အထိ တစ်စုံတစ်ရာသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
တော်လှန်ရေးအင်အားစုများအားကောင်းရာ စစ်ကိုင်းတိုင်းသို့ ဆေးဝါးများအပါအဝင် ကုန်စည်စီးဆင်းမှုကို စစ်တပ် ပိုမိုတင်းကျပ်ထားရာ လက်ရှိ ဆေးကုသရေးတွင် အခက်ကြုံနေရပြီး ဆေးဝါးမလုံလောက်မှု များရှိနေကြောင်း သိရသည်။
“စစ်ကောင်စီက ပစ္စည်းတင်သွင်းမှုတွေကို တင်းကျပ်ထားတော့ ဆေးဝါးကုသဖို့ရာအခက်အခဲတွေ ရှိပါတယ်။ ဆေးဝါးကုသရတဲ့သူတွေဆိုတာကလည်းနေရာအနှံ့မှာ အခြေအနေအချိန်အခါအရလုံခြုံ ရေးလည်းအဆင်ပြေအောင် ပြည်သူကို ရှိတာလေးနဲ့ လုပ်ပေးနေတာပါပဲ။ ဘာတွေအခက်အခဲရှိလည်း ဆိုတော့ လူနာတွေကိုပို့ဆောင်တဲ့နေရာမှာ သွားရေးလာရေးအခက်အခဲအခြေအနေတွေလည်း ရှိတယ်။ ကျွန်တော်တို့မှာ ဆေးဝါးမလုံလောက်မှုတွေလည်း အများကြီးရှိပါတယ်”ဟု ဒီပဲယင်း ပအဖ တာဝန်ရှိသူ က ပြောသည်။
ကျေးရွာထဲတွင် တော်လှန်ရေးအင်အားစုများတပ်စွဲထားခြင်းမရှိသလို သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများသည် အရပ်သားပြည်သူများသာဖြစ်ကြောင်း အထက်ပါ ပအဖ တာဝန်ရှိသူက ဆက်ပြောသည်။
မရကန်ရွာဒေသခံများမှာ လေကြောင်းအန္တရာယ်ကြောင့် ထိတ်လန့်ကြောက်ရွံ့ပြီး အများစု ပြန်မဝင်ရဲ သေးသော်လည်း နေရပ်တွင်ပြန်လည်နေထိုင်သူအနည်းငယ်ရှိကြောင်း ၎င်းက ဆိုသည်။
ဒီပဲယင်းမြို့နယ်အနောက်ခြမ်းကိုလည်း ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီက တိုက်လေယာဉ်၊ ဂျိုင်ရိုကော်ပတာ တို့ ဖြင့် လေကြောင်းတိုက်ခိုက်မှုရှိခဲ့ပြီး ဘုတ်ထမ်းရွာတွင် ဒဏ်ရာရသူ ခုနစ်ဦး ရှိကြောင်း သိရသည်။
“မနေ့က နေရာနှစ်ခုဖြစ်တာ နှစ်နေရာလုံး ထိခိုက်များတယ်ဗျ။ ဘုတ်ထမ်းဘက်က သေဆုံးစာရင်း မကြားပေမဲ့ ဒဏ်ရာရသူများတယ်၊ (မရကန်ရွာမှာတော့) စာရင်းအတိအကျကို မသိနိုင်သေးဘူး ဖြစ်နေတယ်” ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ဝင် နောက်တစ်ဦးက ဒီဇင်ဘာလ ၆ ရက်နေ့က ပြောသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာနှင့် မိုင် ၄၀ ဝန်းကျင်သာဝေးသည့် ဒီပဲယင်းမြို့နယ်တွင် ဒီပဲယင်း မြို့ပေါ်ရပ်ကွက်နှင့် စိုင်ပြင်မြို့တွင်သာ ထိန်းချုပ်ထားနိုင်ပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးထားသည်။
ယခုနှစ် မေလက ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းသားကျောင်းသူများနှင့် ဆရာမ စုစုပေါင်း ၂၂ ဦးသေဆုံးခဲ့သည်။
စစ်တပ်သည် ဒီပဲယင်းမြို့နယ်တွင် လူဆယ်ချီသေဆုံးသည့် အစုလိုက်အပြုံလိုက် လေကြောင်းတိုက်ခိုက်မှုများ အဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ၁၃ ဦးထက်မနည်း သေဆုံးခဲသည့် လက်ယက်ကုန်း ကျေးရွာ တိုက်ခိုက်မှု ကျူးလွန်ခဲ့သေးသည်။
လာမည့် ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲလုပ်မည့် စစ်တပ်သည် ယခုဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်း ချောင်းဦး၊ ဝက်လက် ၊ ယင်းမာပင် ၊ ကနီ ၊ ဒီပဲယင်းမြို့နယ် ကျေးရွာများကို နေ့စဉ်လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၃၀ ဦး ထက်မနည်း ရှိကာ ဒဏ်ရာရရှိသူများလည်း ဒါဇင်နှင့်ချီ ရှိနေသည်။
ဒီဇင်ဘာလ ၅ ရက်နေ့ တစ်ရက်တည်းမှာပင် ရွေဘိုမြို့နယ် သစ်ချိုပင်ရွာကိုလည်း နံနက် ၁ နာရီ မိနစ် ၂၀ ခန့်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ လင်မယားနှစ်ဦးနှင့် ၇ နှစ်အရွယ်သမီးအပါအဝင် မိသားစု သုံးဦး ပွဲချင်းပြီး သေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့သည်။
ပုံစာ- စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မရကန်ရွာကို ဒီဇင်ဘာ ၅ ရက်နေ့ညပိုင်းက လေကြောင်းတိိုက်ခိုက် မှုကြောင့် ထိခိုက်ပျက်စီးမှုများ။ (ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် ပအဖ)







