(သစ်လွင်နှင့် ကိုကျော် ရေးသားသည်။ သစ်လွင်သည် ဥပဒေ၊ နိုင်ငံရေးနှင့်လူမှုရေးသိပ္ပံ လေ့လာ သင်ယူနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။ ကိုကျော်သည် ဥပဒေ သုတေသီ တစ်ဦးဖြစ်သည်။)
ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူများက ၎င်းတို့ကိုယ်စား နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန် ပြည်သူလူထုကိုယ်စား လူတစ်ဦးတစ်ယောက် သို့မဟုတ် အစုအဖွဲ့တစ်ခုကို မဲပေးရွေးချယ်ခြင်းဖြစ်သည်။
တနည်းအားဖြင့် ပြည်သူလူထုသည် မိမိတို့ကို မည်သူအုပ်ချုပ်မည်ကို ရွေးချယ်ပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း စစ်တပ်က ပြည်သူ့ဆန္ဒဖြစ်သော၊ လွတ်လပ်၍ တရားမျှတသော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုကာ ဥပဒေမဲ့ အာဏာသိမ်းထားသည်မှာ ၅ နှစ်တာ ကာလအတွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။
ဤကာလအတွင်း ပြည်သူလူထု၏ ခုခံတော်လှန်ရေးမှာ အာဏာသိမ်း စစ်တပ် ထင်မှတ်မထားလောက်အောင်ပြင်းထန်လှပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ပြန့်နှံ့သက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံရေး ပဋိပက္ခ ပိုမိုဆိုးရွားလာသည်မှာလည်း အရှိတရားပင်ဖြစ်သည်။ စစ်တပ်သည်အဆိုပါ နိုင်ငံရေးကျပ်တည်းမှုကို အဖြေရှာရန် ထွက်ပေါက်အဖြစ် “ရွေးကောက်ပွဲ” ဆိုသည့် နိုင်ငံရေးလှိုင်းလုံးကို ရှေ့တန်းသို့ ပြန်တင်လာကာ ရွေးကောက်ပွဲ ပထမအစိတ်အပိုင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်ပြီး ဒုတိယပိုင်းနှင့် တတိယပိုင်းကို ၂၀၂၆ ဇန်နဝါရီလထဲတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
ဥပဒေမဲ့ စစ်အာဏာသိမ်းမှု
ပထမဦးစွာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ပေါ်ပေါက်ခဲ့သော အာဏာသိမ်းမှုတွင် စစ်တပ်က ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေပါ ပုဒ်မ ၇၃(က)၊ ၄၁၇၊ ၄၁၈၊ ၄၁၉ တို့နှင့်အညီဆောင်ရွက်ခဲ့သည်ဟု ဆိုခဲ့သည်၊ သို့သော်လည်း ဥပဒေကြောင်းအရ တရားဝင်မှုမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားသော စစ်အာဏာသိမ်းမှု တစ်ခုဖြစ်သည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ကျန်းမာရေးကောင်းမွန်သည့်အပြင် သမ္မတ တာဝန် ဆက်လက်ထမ်းဆောင်နိုင်စွမ်းရှိသောကြောင့် စစ်တပ်၏ ဖိအားပေး နုတ်ထွက်စေမှုကိုလည်း ဆန့်ကျင်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃ (က) အရ ဒုတိယမဲအများဆုံးရသော ဒုတိယ သမ္မတ ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် တာဝန်ယူစေကာမူ ပုဒ်မ ၇၃ (ခ) အရ နိုင်ငံတော်သမ္မတ ရာထူးလစ်လပ်သွားချိန်တွင် ယာယီသမ္မတအနေဖြင့် နောက်ထပ်သမ္မတအသစ်တဦး ရွေးချယ်ရန် ပြည်ထောင်စုလွတ်တော် အကြီးအမှူး (နာယက) ထံ ဆောလျင်စွာအကြောင်းကြားရမည်မှာ မလွဲဧကန်ဖြစ်ပြီး ပြည်ထောင်စုလွတ်တော် နာယကအနေဖြင့် အထူးအစည်းအဝေးဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကိုဖြစ်စေ ကျင်းပနိုင်ကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၂ တွင် အတိအလင်းပြဋ္ဌာန်းထားသည်ဖြစ်သည်။
ထိုနည်းတူ ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ အခန်း (၄) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ လစ်လပ်ရာထူးနေရာတွင် ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၇ (က) နှင့် ၇ (ခ) တို့တွင်လည်း ယာယီသမ္မတသည် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ အကြောင်းကြားရမည်ဟု ဖော်ပြထားသည်။
ဤကာလ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် နှင့် ယာယီသမ္မတအမည်ခံ မြင့်ဆွေသည် ပြည်ထောင်စုလွတ်တော် နာယကဖြစ်သော ဦးတီခွန်မြတ်ထံ အကြောင်းကြား အသိပေးအပ်ခြင်းမျိုးလည်း ပြုလုပ်ခဲ့ခြင်းမရှိပေ။
ရပ်ကွက်ထဲရှိ လူအများစု စကားဝိုင်းများတွင်ပြောဆိုသကဲ့သို့ မည်သို့ပင်ဥပဒေနှင့် ဆန့်ကျင်စေကာမူ သိမ်းချင်လို့ကို သိမ်းသည်ဟူ၍ပင် မှတ်ယူရပေမည်။
ထိုကြောင့် ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေ တာဝန်ယူ ကြေညာခဲ့သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များဖြစ်သော ပုဒ်မ ၄၁၇၊ ၄၁၈၊ ၄၁၉ တို့ကို နိုင်ငံတော် သမ္မတဦးဝင်းမြင့်သာလျှင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူ၍ အမိန့်ထုတ်ပြန်ကြေညာနိုင်သည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ရွေးကောက်ခံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ သာလျှင်ကုန်ဆုံးမည်ဖြစ်သောကြောင့် ဦးမြင့်ဆွေ၏ ကြောညာချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လျက်ရှိသည်။
အာဏာသိမ်းကာလ နောက်ပိုင်း အဖြစ်အပျက်များ
အာဏာသိမ်းကာလနောက်ပိုင်း အဖြစ်အပျက်များကို ဆက်လက်လေ့လာကြည့်မည်ဆိုပါက ပုဒ်မ ၄၁၉ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေပြုရေးအာဏာကိုသာ မိမ်ိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခွင့်ရှိပြီး အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေးအာဏာများကို အဖွဲ့အစည်းတစ်ရပ်ရပ် ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွဲအပ်ကျင့်သုံး ဆောင်ရွက်ခွင့်သာရှိသည်။
ဤနေရာတွင် သတိချပ်စရာတစ်ခုရှိသည်၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ ဆိုသည်မှာ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်” ဟူ၍ ဖော်ပြထားခြင်းမရှိသည့်အချက်ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီ နှင့် အိမ်စောင့်အစိုးရအဖွဲ့အစည်းတွင် မင်းအောင်လှိုင်အနေဖြင့် အုပ်ချုပ်ရေး တာဝန်များ လုံးဝ ယူပိုင်ခွင့်မရှိပေ။ စစ်အာဏာသိမ်းကာလ စစ်အုပ်ချုပ်ရေးအမိန့်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ကသာလျှင် ကြေညာချက် ထုတ်ပြန်မှုရှိသည်ကို တွေ့နိုင်သည်။
ဤလုပ်ရပ်များသည်လည်း စစ်ကောင်စီကိုးကား၍ အာဏာသိမ်းခဲ့သော အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်ပါ ဥပဒေများကို ဆက်လက် ချိုးဖောက်နေခြင်းပင်။ အခြေခံဥပဒေပုဒ်မ ၄၁၃ (ခ) အရ နိုင်ငံတော်သမ္မတကသာလျှင် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားသည်။
မင်းအောင်လှိုင်ဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ၄၁၇ အရ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ထုတ်ပြန်၍ အရေးပေါ်ကာလ အကျိုးသက်ရောက်သော အချိန်သည် ၁ နှစ်ဟု ပြဋ္ဌာန်းထားသည်။
ဆက်လက်၍ အခြေခံဥပဒေပုဒ်မ ပုဒ်မ ၄၂၁ (ခ) အရ ကာကွယ်ရေးဦးစီးချုပ်က ယင်းအားပေးထားသည့်တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်ပါက နိုင်ငံတော်သမ္မတသည် ကာလုံနှင့်ညှိနှိုင်းပြီး သာမန်အားဖြင့် ခြောက်လ တစ်ကြိမ်နှုန်းဖြင့် ၂ ကြိမ်တိုးမြင့်ပေးနိုင်ပြီး အဆိုပါတိုးမြင့်ပေးသည့်ကိစ္စရပ်ကို ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူ၍ အစီရင်ခံ တင်ပြရမည်ဖြစ်သည်။ သို့သော် စစ်ကောင်စီအနေဖြင့် ပြည်ထောင်စုလွှတ်တော်အရေးပေါ် အစည်းအဝေးမခေါ်ယူဘဲ ၂၀၂၂ ခုနှစ်အထိ ထပ်မံ သက်တမ်းတိုးခဲ့သည်။
ထိုအပြင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် အစည်းအဝေးခေါ်ယူပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေဟာ သာမန်မဟုတ်သောအခြေအနေတွင် ရှိနေသည်ဟု သုံးသပ် ဆုံးဖြတ်ခဲ့ကြသည်။ အဆိုပါ အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဗန်ထီးယူက ကျန်းမာရေးအရ ခွင့်တိုင်ကြားသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
သာမာန်ဟုတ်ခြင်း မဟုတ်ခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိတိကျကျ ဖွင့်ဆိုမထားသည့်အတွက် ကန့်သတ်ထားခြင်းမရှိ ဟူသော စဥ်းစားချက်ကို အခြေပြုပြီးပြောဆိုကြကြောင်း ယူဆနိုင်သည်။ သို့ဆိုလျှင် သာမာန်ဟုတ်မဟုတ်ကို မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းက ဆုံးဖြတ်ပေးနိုင်မည်နည်း ဆိုသည့်မေးခွန်းမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။
ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ပါဝင်သူများမှာ မည်သူကမျှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် စကားရပ်များကို မိမိစိတ်တိုင်းကျ အနက်အဓိပ္ပာယ် ကောက်ယူခွင့်မရှိပေ။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေ ပုဒ်မ ၁၂ အရ ခုံရုံးကသာဆောင်ရွက်ရမည်ဖြစ်သည်။
သို့သော် စစ်ကောင်စီသည် သက်တမ်းတိုးပြီးနောက် မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အခြေခံဥပဒေနှင့်ညီညွတ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက သဘောထားပြန်ကြားသည်ဟု အလျင်အမြန် သတင်းထုတ်ပြန်ခဲ့သည်။ ထိုသတင်းထုတ်ပြန်ချက်တွင် ယာယီသမ္မတက ခုံရုံးကို သဘောထားထုတ်ပြန်ချက် တောင်းသည့်အတွက် ခုံရုံးက ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြန်ကြားသည်ဟုဆိုခဲ့သည်။ ဤထုတ်ပြန်ချက်တွင် စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ စစ်ကောင်စီအနေဖြင့် မည်သည့်အချိန်ကာလတွင် သဘောထားတောင်းခံခဲ့သည်၊ မည်သို့ သဘောထားတောင်းခဲ့သည်ဟူသည့် အချက်ဖြစ်သည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေအရ ထိုကဲ့သို့ သဘောထားမှတ်ချက်တောင်းခံမှုတင်သွင်းလွှာပြည့်စုံမှု ရှိ၊ မရှိ စိစစ်တင်ပြရန် နိုင်ငံတော်သမ္မတက ရွေးချယ်သည့်အဖွဲ့ဝင်များအနက်မှ တစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သည့်အဖွဲ့ဝင်များအနက်မှ တစ်ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သည့်အဖွဲ့ဝင်များအနက်မှ တစ်ဦးတို့ပါဝင်သော တင်သွင်းလွှာစိစစ်ရေး အဖွဲ့ကို ဦးစွာ ဖွဲ့စည်းရမည်ဖြစ်သည်။
ထိုအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၁၉ အရ ထိုကော်မတီက စိစစ်ပြီး အချက်အလက်များ ပြည့်စုံသည့် အခါမှသာ ကြားနာနိုင်ရန် ခုံရုံးသို့တင်ပြရမည်ဖြစ်သည်။ ခုံရုံးက ကြားနာမည့် လုပ်ငန်းလုပ်ဆောင်သောအခါ ကြားနာမည့်နေ့ရက်ကို ပုဒ်မ ၂၁ အရ မဖြစ်မနေ ကြိုတင်၍ကြေညာရမည်ဖြစ်ပြီး ဥပဒေ ပုဒ်မ ၂၂ အရ သဘောထားမှတ်ချက်အတွက် ဆုံးဖြတ်ချက်ချမည့်နေ့ကိုလည်း ကြိုတင်ကြေညာရမည် ဖြစ်သည်။ ဥပဒေ ပုဒ်မ ၂၁ အရ နိုင်ငံတော်၏ လျှို့ဝှက်ချက် သို့မဟုတ် နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်စေနိုင်သော အကြောင်းကိစ္စမှတစ်ပါး အများပြည်သူရှေ့မှောက်တွင် ကြားနာမှုကိုသာ ကန့်သတ်နိုင်ပြီး ကျန်ဆောင်ရွက်ချက်များသည် မည်သည့်အခြေအနေတွင် ဖြစ်စေကာမူ ဥပဒေနည်းလမ်းတကျဆောင်ရွက်ရမည်သာဖြစ်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်သည် ဥပဒေလုပ်ထုံးလုပ်နည်းများ ကင်းမဲ့နေပြီး စနစ်မကျသည့် အတွက် သာမာန်မဟုတ်သောအခြေအနေနှင့်ပတ်သက်၍ သဘောထားမှတ်ချက် တောင်းခံမှုမှာ ဥပဒေ နည်းလမ်းတကျ မဖြစ်သည့်အတွက် ခိုင်မာသည့်ဆုံးဖြတ်ချက်ဟူ၍ မှတ်ယူရန် လွန်စွာခဲယဥ်းလှသည်။
ဤနေရာတွင် မေးခွန်းထုတ်စရာမှာ အခြေခံဥပဒေအရ ၂ ကြိမ်သာ သက်တမ်းတိုးခွင့်ပေးထားသော စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် ကာလုံအစည်းအဝေးတွင် “သာမာန်မဟုတ်သောအခြေအနေ” ဟု အကြောင်းပြပြီး အရေးပေါ်ကာလကို အခြေခံဥပဒေပုဒ်မ ၄၂၅ အသုံးပြုကာ နောက်ထပ် ၂ နှစ် နှင့် ၆ လကျော် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ ၎င်း၏သက်တမ်းကို ဆွဲဆန့်ခဲ့သည်။
ထိုအပြင် တော်လှန်ရေးကောင်စီခေတ်က ပြဋ္ဌာန်းခဲ့သော စကားလုံးများ၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုသည့်အခါတွင် အသုံးပြုသည့် ပြဋ္ဌာန်း ဥပဒေတရပ်ဖြစ်သော “၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ” အခန်း (၃) အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များတွင်လဲ “သာမန်မဟုတ်သော” ဆိုသည့် စကားအနက်အဓိပ္ပာယ်ကို ဖွင့်ဆိုထားခြင်းမရှိချေ။
ဤသည်မှာလျှင် ၂၀၀၈ အခြေခံဥပဒေ သာမက တည်ဆဲ စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေတွင် မပါရှိသည့် “သာမန်မဟုတ်သော” ဆိုသည့် စကားရပ်အသစ်ထွင်ကာ မည်သည့်ဥပဒေကိုမှ မကိုးကား အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်မပါရှိဘဲ တည်ဆဲဥပဒေကို ထပ်မံချိုးဖောက်လိုက်ခြင်းဖြစ်သည်။
ထိုကြောင့် သာမန်အားဖြင့်တစ်ကြိမ်လျှင် ခြောက်လအထိ ၂ ကြိမ်တိုးမြင့်ပေးနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၁ (ခ) ပါ ပြဋ္ဌာန်းချက်များကို ကျော်လွန်၍ လုပ်ဆောင်သော စစ်တပ်၏ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှ ယနေ့ ၂၀၂၅ ဒီဇင်ဘာလအထိ လုပ်ဆောင်ချက်များသည်လည်း မည်သည့် ဥပဒေနည်းလမ်းနှင့်မျှ တရားမဝင်မည် မဟုတ်ပါ။
သမ္မတရာထူး ဥပဒေမဲ့ လွဲပြောင်းခြင်း
ဆက်လက်၍ မြင့်ဆွေက မင်းအောင်လှိုင်ထံသို့ သမ္မတရာထူး ဥပဒေမဲ့ လွဲပြောင်းခြင်းကို ကြည့်မည်ဆိုလျှင် ဒုတိယ သမ္မတဖြစ်သော ဦးဟင်နရီ ဗန်ထီးယူ အကြောင်းလည်း ပါဝင်လာသည်။
ထိုအကြောင်းအရာကို လေ့လာသုံးသပ်ရမည်ဆိုလျှင် မင်းအောင်လှိုင်ခန့် ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့်ရောဂါ (Parkinson’s Disease)၊ ၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့ကို စတင် ခံစားလာရသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
ထိုအခါ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းကာလ စတင်ခေါ်ယူသော ကာလုံအစည်းအဝေးများကို တက်ရောက်ခြင်းမရှိဘဲ လူမြင်ကွင်းမှ နှစ်အတော်ကြာ ပျောက်ကွယ်နေသော ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ ကာလုံအစည်းအဝေးသို့ တက်ရောက်စေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကာလုံတွင် ပြန်လည်ပါဝင်လာခဲ့သည်။
အကြောင်းအရာများကို ဆက်စပ်ကြည့်မည့်ဆိုပါက ထိုကာလအခြေအနေတွင် ကျန်းမာရေး မကောင်းသော မြင့်ဆွေ ကာလုံအစည်းအဝေး တက်နိုင်မည်မဟုတ်ကြောင်း မင်းအောင်လှိုင်တို့ စစ်အုပ်စုအနေဖြင့် သိရှိပြီးလောက်မည်မှာအသေအချာဖြစ်ပြီး ဒုတိယ သမ္မတ နောက်တစ်ဦးဖြစ်သော NLD ပါတီဝင် ဦးဟင်နရီ ဗန်ထီးယူကို အမည်ခံ ယာယီသမ္မတနေရာတွင် ထားပြီး ကာလုံကို ဆက်လက်ဦးစီးစေကာ အမိန့်ကြေညာချက်များ ဆက်လက်ထုတ်ပြန်ရန် ရည်ရွယ်ခဲ့ပုံရသည်။
အဘယ်ကြောင့်ဆိုသော် ကာလုံမှ တဆင့်ကြေညာရသော ကိစ္စအဝဝသည် သမ္မတရာထူးရှိသော လူပုဂ္ဂိုလ်သာ လုပ်ဆောင်ခွင့်ရှိကြောင်း ၂၀၀၈ အခြေခံဥပဒေ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်ပါ ဥပဒေများတွင် အတိအလင်း ပြဋ္ဌာန်းထားသောကြောင့်ဖြစ်သည်။ ထို့အပြင် အခြေခံဥပဒေကို ချိုးဖောက်ကာ အာဏာသိမ်းထားသော မင်းအောင်လှိုင် စစ်အုပ်စုအနေဖြင့် ထိုအခြေခံဥပဒေကို လေးစားလိုက်နာချင်သယောင် အယောင်ဆောင်ခဲ့ခြင်းလဲ ဖြစ်နိုင်သည်။
သို့သော်ငြားလည်း ဦးဟင်နရီ ဗန်ထီးယူသည်လည်း ကြာကြာမခံလိုက်ပေ။ ၂၀၂၄ ဖေဖော်ဝါရီ ကာလုံခေါ်ပြီးနောက် နှစ်လအကြာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်” ဟူသော ထုတ်ပြန်ချက် ထွက်လာသည်။
ဤတွင် ကာလုံက ဖွဲ့စည်းပေးထားသော စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲမှတဆင့် ပြည်သူလူထုရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်က တရားဝင်ခန့်အပ်ထားပြီး၊ ကာလုံ အင်္ဂါစဉ်တွင် တတိယနေရာရှိသော ဒုတိယသမ္မတကို ကျန်းမာရေးအရ နားယူခွင့်ပေးခြင်းသည် ၂၀၀၈ အခြေခံဥပဒေကို ထပ်မံချိုးဖောက်ခြင်းဖြစ်သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများအားခန့်အပ်ပိုင်ခွင့်၊ အနားယူခွင့်ပေးခြင်းဆိုင်ရာ ထိုသို့သော လုပ်ပိုင်ခွင့်ရှိကြောင်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ စသည် မည်သည် ပြဋ္ဌာန်း ဥပဒေတွင်မျှ မတွေ့ရှိရပါ။
ထိုအပြင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ကာလုံအစည်းအဝေးမတိုင်ခင် ဇူလိုင်လ၂၂ ရက်နေ့တွင် ယာယီသမ္မတ မြင့်ဆွေ ဆေးကုသမှု ခံယူနေခြင်းဖြစ်၍ ကာလုံဆိုင်ရာကိစ္စရပ်များ၊ ယာယီသမ္မတ တာဝန်များကို မြင့်ဆွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ လွဲပြောင်းပေးကြောင်း ကြေညာခဲ့သည်။
ယာယီသမ္မတ တာဝန်များကို ထို့သို့လွဲပြောင်းခွင့်ရှိကြောင်း “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ” စသည့် အထက်တွင် ဖော်ပြခဲ့သော အရေးကြီးသော ဥပဒေများထဲတွင်လဲ မပါရှိပါ။ ရှင်းရှင်းပြောရလျှင် မည်သည်ဥပဒေ အကိုးအကားတွင်မှ မဖော်ပြထားဘဲ ဥပဒေများကို တရားလက်မဲ့ ဆက်လက်ချိုးဖောက်ခြင်းဖြစ်သည်။
ထိုအပြင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ နိုင်ငံဝန်ထမ်းဖြစ်လျှင် နိုင်ငံဝန်ထမ်း အဖြစ်မှလည်းကောင်း နုတ်ထွက် သို့မဟုတ် အငြိမ်းစားယူရမည်ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၃ တွင် အတိအလင်းဖော်ပြထားသည်။
သမ္မတရာထူး မဖြစ်မနေ လွဲပြောင်းပေးအပ်ရမည်ဆိုရင် ကာလုံအင်္ဂါစဉ်အရ နံပါတ် ၄ ရှိသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်သာ ဖြစ်နိုင်ပြီး မင်းအောင်လှိုင်အနေဖြင့် ကာလုံကို ကျော်လွန်လုပ်ဆောင်ခြင်း အသွင်သဏ္ဌာန် ဆောင်သည်။
နိုင်ငံဝန်ထမ်းတစ်ဦးဖြစ်သော မင်းအောင်လှိုင်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးမှလည်း အနားယူခြင်းမပြုဘဲ ဥပဒေများကို ထပ်ခါထပ်ခါ ချိုးဖောက်ကာ ရပ်ကွက်ထဲ အရောင်းအဝယ်စာချုပ် ချုပ်ဆိုသကဲ့သို့ လွယ်လွယ်ကူကူ ယာယီ သမ္မတ (တာဝန်) ရာထူးယူလိုက်ခြင်းပင်ဖြစ်သည်။
ထိုကြောင့် မင်းအောင်လှိုင်အနေဖြင့် ယာယီသမ္မတ (တာဝန်) ရာထူးယူ၍ ကာလုံခေါ်ခဲ့သော ၂၀၂၄ ခုနှစ် ဩဂုတ်လနောက်ပိုင်း ကိစ္စများသည်လည်း ဥပဒေချိုးဖောက်ယုံသာမက ဥပဒေဘောင်အပြင်ဘက်သို့ ကျော်ထွက်လာပြီး နိုင်ငံရေးအရ ပြောပြစရာ စကားမရှိလောက်အောင်ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီဖြစ်သည်။
မည်သို့ပင် ဥပဒေနှင့်မညီဟု ပြောဆိုနေကာမူ စစ်ခေါင်းဆောင် ကာချုပ် မင်းအောင်လှိုင်မှတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ အရ ယင်းအား ပေးအပ်ထားသော တာဝန်များပြီးမြောက်ဆောင်ရွက်ပြီးကြောင်း တင်ပြလာသဖြင့် ကာလုံသည် အခြေခံဥပဒေ ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရကာကွယ်ရေးဦးစီးချုပ်ထံ လွဲအပ်သည့် နိုင်ငံတော် အာဏာအရပ်ရပ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ အမိန့်အမှတ် ၁/၂၀၂၅ ထုတ်ပြန်ကာ ယာယီသမ္မတ (တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပယ်ဖျက်ခဲ့သည်။
ကာလုံသည် ဆက်လက်၍ ယာယီသမ္မတ (တာဝန်) မင်းအောင်လှိုင် အမည်ဖြင့် အမိန့်အမှတ် ၄/၂၀၂၅ ထုတ်ပြန်ကာ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်အား ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ် ၄၂၇ အရ ဖွဲ့စည်းဆောင်ရွက်စေသည်ဟု ကြေညာခဲ့သည်။
အမှန်စစ်စစ် ယခုလိုပြုလုပ်ဆောင်ရွက်ခဲ့သောအရာများသည် မည်သည်ဥပဒေ ပြဋ္ဌာန်းချက်နှင့်မျှမညီဘဲ ထွက်ပေါက်ပျောက်နေသော မင်းအောင်လှိုင်အဖို့ သွေးရူးသွေးတန်း လျှောက်လုပ်နေသော အရာများသာဖြစ်သည်။
ယာယီသမ္မတ (တာဝန်) ရာထူး လွဲပြောင်းပေးအပ်ထားသော ဦးမြင့်ဆွေသည်လည်း ၂၀၂၅ ခုနှစ် ဩဂုတ် ၇ ရက်နေ့က ကွယ်လွန်ခဲ့သလို ဒုတိယ သမ္မတ ဟင်နရီ ဗန်ထီးယူကိုလည်း ကျန်းမာရေးအရဟု ဆိုကာ အနားပေးထားပြီး ဖြစ်သည်၊ ထို့ကြောင့် မင်းအောင်လှိုင်သည် တရုတ်၊ ရုရှား၊ ဘယ်လာရုစ် စသောနိုင်ငံများနှင့် တွေ့ဆုံရာတွင် (တာဝန်) ဆိုသော စကားရပ်ကို ပယ်ဖျက်ကာ ယာယီသမ္မတဆိုသည့် နာမ်စားကို ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့သည်။
တရားမဝင်ရွေးကောက်ပွဲ
ပထမဦးစွာ စစ်ဗိုလ်ချုပ် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကော်မရှင်ပြုလုပ်ပေးမည့် ရွေးကောက်ပွဲသည် မည်သည်နည်းနှင့်မှ တရားဝင်မှုရှိမည်မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းမှားယွင်းကြောင်း စွပ်စွဲပြီး ယင်းတို့ကိုယ်တိုင်ရေးဆွဲထားသော အခြေခံဥပဒေကို ချိုးဖောက်ကာ တည်ဆဲအစိုးရကို အကြမ်းဖက်နည်းလမ်းသုံး၍ ဖြုတ်ချခဲ့သောကြောင့်ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်တပ်ကို ဥပဒေအရ မဲစာရင်း စစ်ဆေးပိုင်ခွင့် ပေးထားခြင်းမရှိပေ။ ထိုအရာများသည် နိုင်ငံရေးပါတီများနှင့်လွှတ်တော်ကိုယ်စားလှယ်များက စစ်ဆေးပေးရန် တောင်းဆိုပါမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အခြေခံဥပဒေ အခန်း(၉) ရွေးကောက်တင်မြောက်ခြင်း ဥပဒေပုဒ်မ ၃၉၉ (ဆ) အရ “ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံရုံးအဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်ပေးရမည်” ဖြစ်သည်။
ထို့အပြင် အခြေခံဥပဒေ ပုဒ်မ ၄၀၂ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များသည် အပြီးအသတ် ဖြစ်စေရမည်ဟူ၍ ပြဋ္ဌာန်းထားသည်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည်ဟု ကြေညာခဲ့သည်။
ထိုမျှသာမက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲသည် ယုံကြည်စိတ်ချရပြီး ပြည်သူအများစု၏ ဆန္ဒကို ထင်ဟပ်စေခဲ့သည့် ရွေးကောက်ပွဲဖြစ်သည်ဟု ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများက အသိအမှတ်ပြုခဲ့ကြသည်။
မည်သို့ပေဆိုစေကာမူ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်သူလူထု ကိုဗစ်ကာလ အခက်အခဲတွေကြား မဲပေးရွေးချယ်ခဲ့သော ၂၀၂၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ များနှင့် ညီညွတ်မှုမရှိသည့်အပြင် လွတ်လပ်၍ တရားမျှတမှုမရှိသော ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပယ်ဖျက်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ကြေညာချက်အမှတ် (၂/၂၀၂၁) ထုတ်ပြန်ကာ ကြေညာခဲ့သည်။
ထိုနောက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်တွင်းမှ စစ်ရေး၊ နိုင်ငံရေးဖိအား နှင့် ပြည်ပမှ နိုင်ငံတကာအသိအမှတ်ပြုခံရမှု ကျရှုံးမှုများ ကြီးထွားလာနေရင်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မဟာဗျူဟာနိုင်ငံရေး ထွက်ပေါက်အတိုင်း အတုယူ၍ အထွေထွေရွေးကောက်ပွဲပြုလုပ်ကာ ၂၀၁၀ နိုင်ငံရေးအခင်းအကျင်းကဲ့သို့ ဖန်တီး၍ ဖိအားအသွယ်သွယ်ကိုရှောင်လွှဲရန် ပြင်ဆင်နေသည်။
သို့သော် နားလည်ရခက်သော အခင်းအကျင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နဝတ၊ နအဖ ခေတ်များကဲ့သို့ အာဏာရှင်စနစ် ဥပဒေမူဘောင်များမှတဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဆက်စပ်သည့် ဥပဒေမူဘောင်အသစ်များဖန်တီးသည့် အခင်းအကျင်းမျိုးကဲ့သို့မဟုတ်ဘဲ ၂၀၀၈ ရှိရင်းစွဲ ဥပဒေမူဘောင်ကိုသာ ဆက်လက်စွဲကိုင်ကျင့်သုံးသည်ဟု အကြောင်းပြချက်ပေး၍ ထိုဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်မှ ခွင့်ပြုမထားသည့် အခင်းအကျင်းများကို ကျော်လွန်၍ ဆောင်ရွက်နေခြင်းဖြစ်သည်။
ယခုနှစ် ၂၀၂၅ နှစ်ကုန်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲအများဆုံးရသူအနိုင်စနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံး အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိစာရင်းများအရ မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ကျင်းပရန်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ဖြေကြားထားသည်။
စစ်တပ်၏ ရွေးကောက်ပွဲသည် အတုအယောင်ဖြစ်ရုံသာမက အဆိုပါ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်တွင်းရှိ နိုင်ငံရေးအင်းအားစုများအပေါ် တရားမျှတမှု (Justice) ရှိပါသလားဟုလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။
အထင်ရှားဆုံးဖြစ်ရပ်များ အနေဖြင့် စစ်တပ်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ရှိကာလ ဒေါ်စန္ဒာမင်းတို့ဦးဆောင်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ကို စတင် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ပြည်သူတို့က စစ်တပ်နောက်ခံ ကြံခိုင်ရေးပါတီကို မဲမပေးလိုသောအခါ NLD ပါတီမှ ခွဲထွက်လာသော NDF ပါတီကို မဲပုံပေးခဲ့ခြင်းကြောင့် လွှတ်တော်ထဲတွင် အင်အားအသင့်အတင့် ဝင်ရောက်နိုင်ခဲ့သည် ဥပမာများရှိသည်။
ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သော အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်၏ ပါတီကိုဖျက်သိမ်းခြင်း၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ကို ကိုယ်စားလှယ် အရည်အချင်း မမှီဟုဆိုကာ ဖြုတ်ချခြင်း၊ ပြည်သူ့ပါတီကိုယ်စားလှယ် ၈၈ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးလွင်မြင့် မဲဆွယ်ရာတွင် ၂၀၂၁ အရေးတော်ပုံ စကားရပ်ကို ထည့်သွင်းပြောကြားမိ၍ အရေးယူမှုပြုလုပ်ရန် စီစဉ်ခဲ့ခြင်းစသည့် စစ်တပ်နောက်ခံ ကြံခိုင်ရေးပါတီကို ပုခုံးချင်းယှဉ်လာနိုင်မည့် အခြေအနေများရှိပါက ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဖိနှိပ်၊ ပါတီဖျက်သိမ်းတာမျိုး ပြုလုပ်ထားသည်။
ဆက်လက်၍ ၎င်းတို့၏ တရားမဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအား တတိယအကြိမ်ပြင်ဆင်ခြင်း ဥပဒေကို ၁၉.၆.၂၀၂၅ ရက်စွဲဖြင့် ပြင်ဆင်ခဲ့သည်။ နောက်ထပ်ဥပဒေများဖြစ်သော ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော် ဆဌမအကြိမ်ပြင်ဆင်သည့် ဥပဒေအား ၂၉.၇.၂၀၂၅ တွင် ထပ်မံ ပြင်ဆင်ခဲ့သည်။
ထိုနောက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင်ပြဋ္ဌာန်းပြီး အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ ဖွဲ့စည်းကာ ရွေးကောက်ပွဲ အကြောင်း မကောင်းပြောဆိုရေးသား၊ တုံ့ပြန်မှု ပေးသူမှန်သမျှ ထောင် ၃နှစ် မှ ၇ အပြင် အမှုအမျိုးမျိုးအလိုက် သေဒဏ်ချမှတ်နိုင်သည့် ဥပဒေအဖြစ်ပါ ရေးဆွဲပြဋ္ဌာန်းခဲ့သည်။
ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ သွားမည်ဟု ပြောဆိုနေသော စစ်တပ်သည် ဒီမိုကရေစီ၏ အခြေခံအကျဆုံးဖြစ်သော လွတ်လပ်စွာပြောပိုင်ခွင့်ကို ဗြောင်ကျကျ ချိုးဖောက်လျက်ရှိသည်။ သာဓကများအနေဖြင့် လွတ်လပ်စွာဝေဖန်ပြောဆိုခွင့် မရှိသည့်အပြင် စစ်တပ်၏ ရွေးကောက်ပွဲမကောင်းကြောင်း ရေးထားသည့် ပို့စ်များတွင် (react) ပေးသော ပြည်သူများ၊ အနုပညာရှင်များကိုပါ အဆိုပါ ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တား ဥပဒေဖြင့် ဖမ်းဆီးထောင်ချခြင်းဖြစ်သည်။ ထိုပြင် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က ပေါင်းတလည်မြို့တွင် ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ မဲဆွယ်ဆိုင်းဘုတ် လေတိုက်၍လဲကျသွားသဖြင့် ဟားတိုက်ရယ်မောခဲ့သည့် ပြည်သူတဦးကို ရွေးကောက်ပွဲ နှောက်ယှက်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာ(၂၉)ရက်အထိ အမျိုးသား ၈၃ ဦး အမျိုးသမီး ၅ ဦး စုစုပေါင်း ၈၈ ဦးကို ထိုဥပဒေဖြင့် အရေးယူထားကြောင်း အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အစည်းအဝေးတွင်ပြောဆိုခဲ့သည်။
အဖမ်းအဆီးများ နေ့စဥ်နှင့်အမျှ ရှိနေသဖြင့် အဖမ်းခံရသူ အရေအတွက် ထိုထက်ပိုများနိုင်သည်။ အင်မတန်တိုတောင်းသည့်ကာလအတွင်း ဖမ်းဆီးမှု အဆက်မပြတ် ရှိနေသော်လည်း ဥပဒေတွင် စုံစမ်းစစ်ဆေးဖမ်းဆီးမှုနှင့်ပတ်သက်ပြီး အသေးစိတ်ပြဋ္ဌာန်းမထားတဲ့အပြင် နည်းဥပဒေမရှိသည့်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များကိုလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ သို့သော် နေ့စဥ်နှင့်အမျှ တရားစွဲခြင်းနှင့် စစ်ဆေးစီရင်ခြင်းတို့ကို စနစ်တကျမပြုလုပ်ဘဲ အံ့သြဖွယ်ကောင်းလောက်အောင် တရားလက်မဲ့ ပြုကျင့်ကာ ပြည်သူလူထု အများအပြားကို အဆိုပါ ဥပဒေဖြင့် ဖမ်းဆီးထောင်ချနေသည်။
ဤသည်ကိုကြည့်ပါက စစ်တပ်သည် ယင်းတို့ ကိုယ်တိုင်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျော်လွန် လုပ်ဆောင်၍ ဥပဒေမဲ့ အာဏာသိမ်းကာ ၅ နှစ်တာကာလအတွင်း မတရားဥပဒေများ အကြိမ်ကြိမ် ပြင်ဆင် ပြဋ္ဌာန်းကာ ဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ထိုအပြင် နေ့စဉ်နှင့်အမျှ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်ကာ ပြုလုပ်ပေးမည်မှာ ရွေးကောက်မှာ အတုအယောင်သာဖြစ်ပြီး မည်သို့မျှ လွတ်လပ်၍ တရားမျှတသော အခင်းအကျင်းမျိုး ဖော်ဆောင်နိုင်မည်မဟုတ်ပေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင်ဆိုစေကာမူ အာဏာသိမ်းစစ်တပ်သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်နက်အားကိုး ပယ်ဖျက်ခဲ့ပြီး ယင်းတို့ စိတ်တိုင်းကျ တရားမဝင်ရွေးကောက်ပွဲကို များမကြာမှီ ကျင်းပတော့မည်ဖြစ်သည်။
နိဂုံးချုပ်အနေဖြင့် စစ်တပ်၏ ၂၀၂၁ စစ်အာဏာသိမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေ ပြဋ္ဌာန်းချက်များ နှင့် ဆန့်ကျင်လျက်ရှိကြောင်း ပြည်တွင်း၊ ပြည်ပ ဥပဒေပညာရှင်များစွာက ထောက်ပြကြခဲ့သော်လည်း ကသောင်းကနင်းနှင့်ဖြတ်သန်းလာသည်မှာ ယခု ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလတိုင်ဖြစ်သည်။ အာဏာသိမ်းစစ်ဗိုလ်ချုပ်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသာမက တည်ဆဲ၊ ပြဋ္ဌာန်းဥပဒေများ၏ ပေးထားချက်ကိုကျော်လွန်သည့်တိုင် ၎င်းတို့ပြုလိုသမျှ ကိစ္စအသွယ်သွယ်တို့ကို တရားနည်းလမ်းတကျ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထောက်ခံရန်မှာ စိတ်ကူးယဥ်ဆန်လွန်းလှသည်။ ထိုကြောင့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ “ပလိုင်းပေါက်” နှင့် “ဖား” ကောက်ကြမည့် စစ်တပ်ရွေးကောက်ပွဲကို ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ကြည့်ရှုကြရပေဦးမည် ဖြစ်သည်။



