
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အင်္ဂတေဖြင့် ထုလုပ်ထားသည့် ဆရာတော်ဦးဥတ္တမရုပ်တုနေရာတွင် ကြေးရုပ်သွန်းလုပ်အစားထိုးရန် စီစဉ်နေခြင်းကို စစ်တပ်အရာရှိတစ်ဦးက ကန့်ကွက်ခဲ့ကြောင်း အမ်းမျိုးဆက်သစ်လူငယ်အဖွဲ့ထံမှ သိရသည်။
မေ ၃၁ နံနက် အမ်းမြို့၊ မြို့နယ်အုပ်ချုပ်ရေးရုံးတွင် ပြုလုပ်သည့်အစည်းအဝေးတွင် အမ်းမြို့နယ်စစ်ကောင်စီအဖွဲ့ဝင် စစ်တပ်အရာရှိတစ်ဦးက ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေးစီစဉ်နေသည့် အမ်းမျိုးဆက်သစ်လူငယ်အဖွဲ့မှ နာယက ကိုမျိုးလွင်က ပြောသည်။
အမ်းမြို့နယ်အဝင် ဦးဥတ္တမပန်းခြံရှိ သက်တမ်း ၈ နှစ် ကြာပြီဖြစ်၍ ကြေးရုပ်တုဖြင့် အစားထိုးမည့် အစီအစဉ်အတွက် မြို့နယ်သံဃမဟာနာယကအဖွဲ့၏ ခွင့်ပြုချက်လည်း ရရှိထားသည်ဟု ဆိုသည်။
လူငယ်အဖွဲ့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ စာတင်ထားရာတွင်လည်း ကန့်ကွက်ခဲ့ခြင်းမရှိဘဲ မေ ၃၁ အစည်းအဝေးတွင်မှ ထိုသို့ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်တုထုလုပ်ရန်မှာ နိုင်ငံတော်၏ တာဝန်သာဖြစ်၍ အရပ်ဘက်အဖွဲ့အစည်းကို ပြုလုပ်ခွင့်မပေးခြင်းဖြစ်ပြီး လိုအပ်သည့်အချိန်တွင် နိုင်ငံတော်က ထုလုပ်ပေးသွားမည်ဟု စစ်တပ်အရာရှိက ပြောခဲ့ကြောင်း သိရသည်။
“ကောင်စီက ခွင့်မပြုရင် ကောင်စီနဲ့တော့ အဆက်အသွယ်လုပ်မှာတော့ မဟုတ်ဘူး။ ကျွန်တော်တို့မြို့မှာတော့ ဆရာတော်ဦးဥတ္တမကြေးရုပ်တုကို ဖြစ်အောင်လုပ်သွားမှာပါ” ဟု ကိုမျိုးလွင်က ပြောသည်။
၇ ပေ အမြင့် သွန်းလုပ်မည့် ကြေးရုပ်ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေတချို့ရရှိထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
၎င်းတို့အဖွဲ့အနေဖြင့် ရုပ်တုဖြစ်မြောက်ရေးရန်ပုံငွေဆိုင်ရာ ကံစမ်းမဲပစ္စည်းများ၊ ရုပ်တုအတွက် တရားပွဲအပါအဝင် စုစုပေါင်း ကျပ်သိန်း ၂၄၀ ခန့် ကုန်ကျရန် ခန့်မှန်းထားသည်ဟု ဆိုသည်။ တစ်စောင်လျှင် ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချမည့် မဲလက်မှတ် ၁၆၀၀၀ ခန့် ရိုက်နှိပ်ပြီးပြီဟု ယင်းအဖွဲ့ထံမှ သိရသည်။
ကြေးရုပ်တုဖြစ်မြောက်ရေးအတွက် ဆရာတော်ကြီးများ ဝင်ရောက်ဦးဆောင်စေလိုသည်ဟု ယင်းအဖွဲ့က ပြောသည်။
အင်္ဂလိပ်အစိုးရလက်ထက်၌ ထင်ရှားသည့် ရခိုင်နိုင်ငံရေးခေါင်းဆောင် ဆရာတော်ဦးဥတ္တမသည် နိုင်ငံရေးတရားဟောကြားမှုများကြောင့် သုံးကြိမ်တိုင်တိုင် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည်။
ပျံလွန်တော်မူခဲ့သော ၁၉၃၉ ၊ စက်တင်ဘာလ ၉ ကို ဆရာတော်ဦးဥတ္တမနေ့အဖြစ် သတ်မှတ်၍ ရခိုင်လူမျိုးများက အလေးထားကာ ရှိခိုးပူဇော်ကန်တော့ပွဲများ ပြုလုပ်နေကြသည်။
အမ်းမြို့နယ်သည် ရခိုင်ပြည်နယ် အလယ်ပိုင်းမြို့တစ်မြို့ဖြစ်၍ စစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လည်း တည်ရှိပြီး ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် အနိုင်ရရှိခဲ့သော နယ်မြေဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၂၈ ကလည်း အမ်းမြို့တွင် ရုပ်သံလိုင်းဖမ်းယူသည့် PSI စက်များကို ဖြုတ်သိမ်းပေးရန် ဖိအားပေးနေ၍ ဒေသခံများက လိုက်နာခဲ့ရသည်။