
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဝင်ပေါက်မုခ်ဦးတွင် ယမန်နေ့(ဇွန်၁) ည ၈ နာရီခန့်က ဆီမီးထွန်း၍ ဆုတောင်းမေတ္တာပို့နေစဉ် စစ်ကောင်စီတပ်က အသံဗုံး၊ သေနတ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် ရဟန်းတစ်ပါးထိခိုက်ဒဏ်ရာရခဲ့သည်ဟု သတင်းရရှိသည်။
“သေနတ်မှန်တာတော့ မဟုတ်ဘူး။ ပစ်ခတ်ပြီး ကျောင်းထဲထိဝင်လာတော့ ထွက်ပြေးတာ လှေကားပေါ်က ပြုတ်ကျတာ ခေါင်းထိသွားတယ်။ ညကတော့ စိုးရိမ်ရတယ်၊ အခု စိတ်ချရပါပြီ” ဟု အဆိုပါကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ရဟန်းတစ်ပါးက Myanmar Now ကို မိန့်ကြားသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များ၏ လက်ချက်ဖြင့် မြန်မာပြည်သူများ ဆင်းရဲဒုက္ခရောက်နေရခြင်းမှ ကင်းဝေးစေရန် ရည်ရွယ်ကာ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်၌ ညစဉ် ဆုတောင်းမေတ္တာပို့သခြင်း ပြုလုပ်လျက်ရှိကာ ယမန်နေ့ညတွင် စစ်ကောင်စီတပ်ဖွဲ့က အင်အား၂၀ ခန့်ဖြင့် လာရောက်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။
“ကျောင်းဝင်းထဲအထိ ဝင်ပစ်တာ။ ကျောင်းဆောင်တွေအပေါ်တော့ မတက်ခဲ့ပါဘူး။ ဦးဇင်းတို့က မေတ္တာပို့တာလေ။ ဒီလိုလာအကြမ်းဖက်တော့ သူတို့အကုသိုလ်နဲ့ သူတို့ မေတ္တာတွေစူးရလိမ့်မယ်”ဟု အထက်ပါသံဃာက ဆက်မိန့်သည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သံဃာတော်ကို လူမှုကူညီရေးအသင်းကားဖြင့် ခေါ်ဆောင်ကာ လုံခြုံသည့်နေရာတွင် ဆေးကုသမှုပေးလျက်ရှိပြီး ဒဏ်ရာအခြေအနေသက်သာကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။
မန္တလေးတွင် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီအပေါ် မြို့ခံများက နည်းလမ်းပေါင်းစုံသုံး၍ အင်နှင့်အားနှင့် တော်လှန်နေကြရာတွင် သံဃာတော်များလည်း တက်ကြွစွာ ပါဝင်လျက်ရှိသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများ၏ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများကို နေ့ရောညပါ အကြမ်းဖက်ဖြိုခွင်းလျက်ရှိသောကြောင့် ယနေ့(ဇွန် ၂) တွင် နေ့စဉ်ရက်ဆက်ချီတက်ဆန္ဒပြသည့် သံဃသပိတ်စစ်ကြောင်းကို ရပ်တန့်ထားရသည်ဟု မန္တလေးသံဃသမဂ္ဂဆရာတော်များအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်သည်။
“နည်းလမ်းတစ်မျိုးမျိုးနဲ့တော့ ဆက်တော်လှန်သွားမှာပါ။ ဦးဇင်းတို့တိုင်ပင်နေတယ်။ ဒီလိုအကြမ်းဖက်လို့တော့ ရပ်ပစ်မှာ မဟုတ်ပါဘူး” ဟု သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်သည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ ဇွန် ၁ရက်အထိ စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၈၄၀ ဦးကျော် သေဆုံးခဲ့ရပြီး ၄၄၀၀ ကျော် ဖမ်းဆီးခံရပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်ကမူ AAPP ကို တရားမဝင်အသင်းအဖွဲ့ဟု ကြေညာထားပြီး အရေးယူမည်ဟု ဆိုထားသည်။