
နိုင်ငံတစ်ဝန်းအကြမ်းဖက်မှုနှင့် ကျဆုံးနိုင်ငံအဖြစ် မကျရောက်စေရန် နိုင်ငံတကာအသိုက်အဝန်းက မြန်မာစစ်တပ်ကို ပြင်းထန်စွာဖိအားပေးရန် ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်များအဖွဲ့ (The Elders) က ယမန်နေ့ (ဇွန် ၁ ရက်) တွင် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု အားကောင်းခြင်းကိုတားဆီးရန်၊ အရပ်သားအုပ်ချုပ်မှုဖြင့် ဒီမိုကရေစီအပြည့်အဝပြန်လည်ရရှိရန် ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် အခြား ဒေသတွင်းနှင့် နိုင်ငံတကာခေါင်းဆောင်များအနေဖြင့် ပူးပေါင်းပါဝင်ပတ်သက်မှုကို ချက်ချင်းလက်ငင်း မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း The Elders အဖွဲ့က ဆိုသည်။
“လက်ရှိမှာ မြန်မာဟာ ကျဆုံးနိုင်ငံဆီ ဦးတည်တဲ့ အန္တရာယ်လမ်းကြောင်းပေါ် ရောက်နေပါတယ်။ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ခိုင်ခိုင်မာမာ ရပ်တည်ရပါမယ်။ ဒေသတွင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အထူးသဖြင့် ကုလသမဂ္ဂတို့ဟာ အပြုသဘောဆောင်တဲ့ဆွေးနွေးမှု အရေးပေါ်လိုအပ်ပါတယ်” ဟု The Elders အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဟောင်း Mary Robinson က ပြောသည်။
မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအကြား သဘောကွဲလွဲခြင်းက စုစည်းညီညွတ်သည့် အရေးယူမှုလုပ်ဆောင်ရန် ကြန့်ကြာစေသည်ဟု The Elders အဖွဲ့က ယူဆသည်။
ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ကုလသမဂ္ဂပဋိညာဉ်အရ တာဝန်ရှိမှုကို ဖြည့်ဆည်းဖြေရှင်းရန်လည်း ၎င်းတို့က တိုက်တွန်းထားသည်။
လွန်ခဲ့သည့် တစ်လကျော်က ဒေသတွင်း အာဆီယံနိုင်ငံများအကြား သဘောတူဆုံးဖြတ်ခဲ့သော ကတိကဝတ် ၅ ချက်ကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှုမရှိကြောင်း၊ အာဆီယံက မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တာဝန်ခံစေရမည်ဖြစ်ကြောင်း The Elders အဖွဲ့က ဆိုသည်။
“ကံမကောင်းစွာနဲ့ပဲ အာဆီယံက သူတို့ရဲ့လုပ်ပိုင်ခွင့်နဲ့ တာဝန်ရှိမှုအရ ပျက်ကွက်နေပါတယ်။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံအနေနဲ့ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေနဲ့ ပူးပေါင်းပြီး အရေးပါတဲ့အခန်းကဏ္ဍကနေ တစ်ဆင့်တက်ဆောင်ရွက်ရပါမယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဒီပဋိပက္ခရဲ့ လမ်းကြောင်းကို ပြောင်းလဲနိုင်တဲ့ အရှိန်အဝါရှိနေပါတယ်။ ဒါကို လက်တွေ့အသုံးချရနိုင်မယ့် အချိန်ပါ ပဲ” ဟု The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ ကုလအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက ပြောသည်။
စစ်အာဏာသိမ်းမှုအပြီး တည်ထောင်ထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံကို အုပ်ချုပ်ရန် တရားဝင်မှု သို့မဟုတ် အခွင့်အာဏာမရှိကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဖျက်သိမ်းရန် ခြိမ်းခြောက်မှုသည် စစ်တပ်၏ တရားဝင်မှုကို ထပ်မံလျော့ကျစေပြီး မြန်မာပြည်သူများအပေါ် စစ်တပ်၏ ကြောက်ရွံ့မှုကို ဖော်ပြခြင်းဖြစ်သည်ဟုလည်း The Elders အဖွဲ့က သုံးသပ်သည်။
ဒီမိုကရေစီနည်းကျ လွတ်လပ်မှု၊ အားလုံးပါဝင်မှုနှင့် သာယာဝပြောမှုတို့အပေါ် အခြေခံကာ ပိုမိုကောင်းမွန်သည့် အနာဂတ်အတွက် တောင်းဆိုသော မြန်မာပြည်နယ်နိမိတ်ပြင်ပတွင် နေထိုင်သူများအပါအဝင် မြန်မာပြည်သူများနှင့်အတူ ခိုင်ခိုင်မာမာရပ်တည်ကြောင်း The Elders အဖွဲ့က ဆိုသည်။