
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မေ ၃၁ ရက်က ကြက်ခြံတစ်ခုအနီး ယာယီအခြေပြုထားသည့် စစ်ကောင်စီတပ်စခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်တပ်မှ ၈၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က ယမန်နေ့ (ဇွန် ၁) တွင် သတင်းထုတ်ပြန်သည်။
ဒီးမော့ဆိုမြို့နှင့် သုံးမိုင်ခန့်အကွာရှိ ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈၀ ထက်မနည်း သေဆုံးခဲ့ကြောင်း မြေပြင်တိုက်ခိုက်ရေးသမားများ၏ခန့်မှန်းချက်ကို ကိုးကားပြီး KNDF က မေ ၃၁ တွင် ထုတ်ပြန်ခဲ့ပြီးနောက် ယမန်နေ့တွင် ထပ်မံသတင်းထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ထက်မနည်း ကျဆုံးခဲ့သည့်အပြင် ၆၀ မမ လက်နက်ကြီးတစ်လက်နှင့် လက်နက်ငယ် ၂၀ သိမ်းဆီးနိုင်ခဲ့သည်ဟု KPDF ၏ ထပ်မံထုတ်ပြန်ချက်က ဆိုသည်။
“စစ်တပ်က လူထုရဲ့ မွေးမြူရေးကြက်ခြံတွေလုပ်ထားတဲ့ လယ်ခင်းပတ်ဝန်းကျင်တစ်ဝိုက်မှာ လာပြီး စခန်းချတာ။ အဲဒါကို PDF က ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်” ဟု KPDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
ယမန်နေ့ နံနက်ပိုင်းတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KPDF တို့ တိုက်ပွဲအနည်းငယ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်းလည်း KPDF ၏ ထပ်မံထုတ်ပြန်ချက်က ဆိုသည်။
ဒီးမော့ဆိုမြို့နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများခြင်းမှာ ဒေသခံတပ်များမဟုတ်၍ နယ်မြေကျွမ်းကျင်မှုမရှိသည့်အပြင် စစ်ကူများ အချိန်မီ မပေးပို့နိုင်ခြင်းကြောင့်ဖြစ်သည်ဟု အထက်ပါ KPDF အဖွဲ့ဝင်က သုံးသပ်သည်။
“နောက်ပြီးတော့ သူတို့ကို ထောက်ပံ့ပေးတဲ့ ပတ်ဝန်းကျင်တွေမရှိဘူး။ ကျွန်တော်တို့ PDF မှာကျတော့ လူထုကလည်း ဝန်းရံပေးနေတာကိုး။ သတင်းအချက် လုံလုံလောက်လောက်ဖြစ်လို့ အများကြီး လက်ဦးမှုရတာ။ အဲဒါကြောင့် ဟိုဘက်က အကျအဆုံးများတယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။
မေ ၃၁ ရက်က ကုန်းသာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ရဟတ်ယာဉ်များ၊ ဂျက်လေယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ကူများစွာလည်း ရယူခဲ့သည်ဟု ဆိုသည်။
“PDFဘက်က တစ်ယောက်ကျတယ်။ စစ်တပ်ဘက်က အယောက် ၈၀ ကျော်ကျသွားတယ်လို့ သိရတယ်။ ကုန်းသာကျေးရွာ ကျောက်ဆည်ကန်နားမှာပဲ အလောင်းတွေ အခုပေါ်နေတယ်။ ရဟတ်ယာဉ်မလာခင်ဖြစ်တဲ့တိုက်ပွဲမှာ သူတို့ ကျသွားတာ။ အကျအဆုံးများတော့ မနိုင်တော့ ရဟတ်ယာဉ်ပစ်ကူနဲ့တိုက်တာ” ဟု ဒီးမော့ဆိုဒေသခံတစ်ဦးက ကုန်းသာတိုက်ပွဲနှင့် ပတ်သက်၍ ပြောသည်။
အဆိုပါတိုက်ပွဲတွင် ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်သဖြင့် KNPLF (ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး) အဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံရွာသားတစ်ဦး ကျဆုံးခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါနှစ်ဦးအပါအဝင် အာဏာသိမ်းပြီးနောက် ကယားပြည်နယ်တွင် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၃၁ ဦးရှိသည်ဟု ဆိုသည်။
သေဆုံးခဲ့သူများတွင် PDF တပ်ဖွဲ့ဝင်များ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အပါအဝင် ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ သာမန်ပြည်သူများ၊ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြပြည်သူများပါဝင်သည်ဟု သိရသည်။