ပညာရေး

အခြေခံပညာကျောင်းများ ပြန်ဖွင့်၊ တက်ရောက်သူများ နည်းပါး

နိုင်ငံအနှံ့အပြားဗုံးကွဲခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေရှိခြင်းတို့ကြောင့် မငြိမ်မသက်ဖြစ်နေသော်လည်း အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်ဟု ပြသလိုသော စစ်ကောင်စီက ယနေ့ (ဇွန် ၁) တွင်  အခြေခံပညာကျောင်းများကို ဖွင့်လှစ်လိုက်သည်။ 

နိုင်ငံအနှံ့မှ ပြည်သူများသည် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း အာဏာသိမ်းမှု ၄ လ ပြည့်သည်အထိ ဆန္ဒပြလှုပ်ရှားနေကြရာ ထိုအထဲတွင် ကျောင်းသားနှင့် မိဘများ၏ ကျောင်းမတက်ရေးလှုပ်ရှားမှုလည်း ပါဝင်သည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဆရာဆရာများကလည်း ကျောင်းမအပ်ကြရန် လှုံ့ဆော်ခဲ့ကြသည်။ 

CDM တွင် မပါဝင်သူ ဆရာ/ဆရာမများက ပြီးခဲ့သည့် မေ ၂၄ တွင် စစ်ကောင်စီက ဖိအားပေးခဲ့၍ အခြေခံပညာကျောင်းများ ပြန်ဖွင့်ရန် ကျောင်းအပ်လက်ခံခဲ့ကြသည်။ 

အဆိုပါရက်ကတည်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံသူ နည်းပါးခဲ့ပြီး ကျောင်းစဖွင့်သည့် ယနေ့တွင်မူ လူသူကင်းမဲ့နေသည့် ကျောင်းအများအပြားရှိနေသည်ဟု ဆရာများအဖွဲ့ချုပ်မှ အဖွဲ့ဝင်ဆရာတစ်ဦးက ပြောသည်။

“စစ်ကိုင်းတိုင်းဘက်က ထူးခြားတာပေါ့။ လုံးဝ အပ်လည်းမအပ်၊ တက်လည်းမတက်တဲ့ ကျောင်းတွေများတယ်။ ရွာတွေဘက်မှာထိ မတက်တာ များတယ်” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများသည် စစ်တပ်ကို ရရာလက်နက်ဖြင့် ခုခံတော်လှန်နေသောကြောင့် အပြင်းအထန်ဖိနှိပ်ခံနေရပြီး ကနီနယ်တစ်ဝိုက်တွင် စစ်ရှောင်ရသူ တစ်သောင်းကျော်ခန့် ရှိနေသည်။

နှစ်နှစ်ကြာ စစ်ပွဲဒဏ်ခံလာရသည့် ရခိုင်ပြည်နယ်တွင်မူ ကျောင်းအပ်နှံမှုများရှိခဲ့သည့်အပေါ် ဝေဖန်မှုများရှိသော်လည်း ၂၀၂၀ နိုဝင်ဘာတွင်မှ စစ်ပွဲများရပ်သွားသောကြောင့် စစ်ဒဏ်မှ နာလန်ပြန်ထူနိုင်ရေး ကြိုးပမ်းနေရဆဲဖြစ်သည်ဟု ရခိုင်ဒေသခံများက ပြောထားသည်။

“ရခိုင်ကတော့ သီးသန့်တွေးတယ်။ ကျောင်းတက်တာ တခြားနေရာထက်စာရင် များလိမ့်မယ်။ CDM လုပ်တာ တခြားနေရာတွေထက်စာရင် နည်းပါလိမ့်မယ်။ ဒါကလည်း ကျွန်တော်တို့အမြင်မှာ လက်ခံလို့ရပါတယ်။ သူတို့က အရင်ကတည်းက ဖိနှိပ်မှုကို ခံရတာလေ” ဟု ၎င်းဆရာက ဆိုသည်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် တိုက်ပွဲဖြစ်ပွားရာ ချင်း၊ ကယားပြည်နယ်တို့တွင် ကျောင်းတက်သူ လုံးဝမရှိသည့် စာသင်ကျောင်းအများအပြားရှိသည်ဟု ၎င်းက ပြောသည်။

ကျောင်းစဖွင့်ရက်ဖြစ်သည့်အပြင် အာဏာသိမ်းမှု ၄ လ ပြည့်နေ့ဖြစ်သဖြင့် ကျောင်းအပ်နှံထားသော်လည်း ကျောင်းမတက်ခိုင်းသေးဘဲ စောင့်ကြည့်နေသော ကျောင်းသားမိဘများလည်းရှိသည်ဟု ဆရာများအဖွဲ့ချုပ်မှ ဆရာက ဆက်လက်ပြောသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွင်း စစ်ကောင်စီက ဖွင့်လှစ်ထားသော ကျောင်းတွင် ‌ကျောင်းအပ်နှံသောနေ့မှစ၍ မေ ၂၈ အထိ ကျောင်းအပ်နှံသူဦးရေ အများဆုံးဖြစ်ကြောင်း ဟားခါးမြို့အခြေစိုက် Chin World မီဒီယာတွင် ဖော်ပြထားသည်။ 

ပြည်နယ်အတွင်း ကျောင်းအပ်နှံမှု ဒုတိယအများဆုံးမှာ တီးတိန်မြို့နယ်ဖြစ်ပြီး တတိယအများဆုံးမှာ ဖလမ်းမြို့နယ်ဖြစ်ကာ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့တွင် ကျောင်းအပ်နှံကြခြင်း မရှိဟု သိရသည်။

ရန်ကုန်မြို့တွင်မူ ကျောင်းသူကျောင်းသားပေါ်မလာသည့် ကျောင်းအများအပြားရှိသော်လည်း ကျောင်းတက်သည့် မူလတန်း၊ အလယ်တန်းအရွယ် ကျောင်းသား/သူများ စီးနင်းသည့် ကျောင်းကြို့/ပို့ယာဉ်တွင် လက်နက်အပြည့်အစုံဖြင့် လိုက်ပါခြင်း၊ ကျောင်းများရှေ့တွင် ရဲနှင့် စစ်သားများ ချထားခြင်းတို့ကို တွေ့မြင်ရသည်။

စစ်ကောင်စီက ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများ မတက်ရောက်ရန်၊ စစ်ကျွန်ပညာရေးဟု ခေါ်ကြသော စစ်ကောင်စီ စီစဉ်သည့် ပညာရေးကို သပိတ်မှောက်ရန် နိုင်ငံအနှံ့တွင် ဆန္ဒပြခဲ့ကြပြီး စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆေးနီများဖြင့် ကျောင်းနံရံများ၊ အုတ်တံတိုင်းများတွင် ရေးသားဆန္ဒပြမှုများ၊ သွေးစွန်းနေသော ကျောင်းဝတ်စုံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စစ်ကောင်စီ၏ အမှောင်ခေတ်ပညာရေးအလိုမရှိကြောင်း ဆန္ဒပြပိုစတာအား ကိုင်ဆောင်ထားသည်ကို မန္တလေးမြို့တွင် မေ ၂၂ က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-EPA) 

ယမန်နေ့ (မေ ၃၁) ည ၁၁ နာရီခန့်၌ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာ ၉ ရွာရှိ စာသင်ကျောင်းများတွင် တစ်ပြိုင်နက် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု သိရပြီး Myanmar Now က ကျေးရွာနှစ်ရွာမှ ဖြစ်ရပ်ကို အတည်ပြုနိုင်ခဲ့သည်။ ယင်းညမှာပင် ကန့်ဘလူမြို့နှင့် ၉ မိုင်ခန့်အကွာရှိ ကျွန်းလှမြို့စာသင်ကျောင်း၌လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

ကျောင်းတက်‌သူမရှိသည့် ရွာကျောင်းများတွင် ယနေ့ ကျောင်းဖွင့်ရန် လာသည့် ဆရာဆရာမများက ပစ္စည်းများသိမ်းဆည်း၍ ကျောင်းမဖွင့်ဘဲ စောစောပြန်သွားကြသည်ဟု ဆရာများအဖွဲ့ချုပ်မှ ဆရာတစ်ဦးက ဆိုသည်။

စစ်အာဏာရှင်ကို အမြဲတော်လှန်နေသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကျေးရွာတချို့ရှိ စာသင်ကျောင်းများတွင် ယနေ့ (ဇွန် ၁) တွင် ကျောင်းတက်ရောက်သူ လုံးဝမရှိခဲ့ပေ။ 

မန္တလေးမြို့တွင် ကျောင်းမဖွင့်ခင် ယမန်နေ့ (မေ ၃၁) ညပိုင်းကတည်းက မြို့ပေါ် နေရာအနှံ့အပြားတွင် စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဇွန် ၁ နံနက်ပိုင်း၌ စစ်ကားများ၊ တင့်ကားများဖြင့် မန္တလေးမြို့အတွင်း လှည့်လည်သွားလာနေသော်လည်း ကျောင်းသားတချို့က ပြောက်ကျားဆန္ဒပြကြသည်။ 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် မူလတန်းကျောင်း ၁၂ ကျောင်းတွင် ကျောင်းတက်သူ နှစ်ဦးသာရှိပြီး အထက်တန်းကျောင်း ၄ ကျောင်းတွင် ကျောင်းတက်သူ ၄၇ ဦးသာရှိကြောင်း ဒေသတွင်းသတင်းများဖော်ပြနေသည့် မြင်းခြံလူထုလှုပ်ရှားမှုကော်မတီဆိုသည့်အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြင်းခြံ အထက ၃ တွင် ၃၂ ဦး တက်ရောက်ခဲ့ကြပြီး ၂၈ ဦးမှာ စစ်တပ်အသိုင်းအဝိုင်းမှ ဖြစ်သည်ဟု ၎င်းကော်မတီက ဖော်ပြထားသည်။

အခြားသော တိုင်းနှင့် ပြည်နယ်ရှိ ကျောင်းများတွင်လည်း တပ်မတော်အခြေစိုက်သည့် မြို့နယ်များတွင် ကျောင်းတက်သူများရှိသည်ဟု ဆရာများအဖွဲ့ချုပ်ထံမှ သိရသည်။

ယမန်နေ့ (မေ ၃၁) ည၌ စစ်သားနှစ်ဦး စခန်းချနေသော နေအိမ်တစ်လုံးနှင့် စစ်တပ်အဝင်အထွက်ရှိသည့် စိုက်ပျိုးရေးရုံးတစ်ခု ပေါက်ကွဲမှုဖြစ်ခဲ့သော ပေကြီးရွာတွင်လည်း အထက(ခွဲ)ကျောင်း ယနေ့ ဖွင့်လှစ်ခဲ့သည်။ အနီးအနားရှိ တပ်ရင်းများမှ စစ်တပ်မိသားစုဝင် သားသမီးများနှင့် ဝန်ထမ်းသားသမီးများ ၁၃၀ ခန့် တက်ရောက်ကြသည်ဟု ပေကြီးရွာဒေသခံတစ်ဦးက ပြောသည်။ 

“ပုံမှန်ဆိုရင်တော့ ကျောင်းသားဦးရေ ၃၀၀ ကျော်လောက်ရှိတဲ့ကျောင်းပေါ့။ ကျောင်းက ဖွင့်တယ်ဆိုရုံလေး ဖွင့်တာ။ ကျောင်းဝင်ပေါက်တွေ အကုန်ပိတ်ထားပြီး နောက်ဖေးပေါက်ကနေပဲ ကျောင်းသားတွေ၊ ဆရာ/ဆရာမတွေက ဝင်ရတာ။ ကျောင်းတံခါးပေါက်တွေ၊ ဝင်ပေါက်တံခါးတွေ လုံးဝမဖွင့်ဘူး။ ကလေးတွေ ပူလောင်နေရောပေါ့” ဟု ၎င်းဒေသခံက ဆက်ပြောသည်။ 

ကန့်ဘလူတွင် စစ်တပ်၏ ၆၀၀၆ တင့်ကားတပ်ရင်းအခြေစိုက်ပြီး အမှတ် (၂) ထောက်ပို့ရေးတပ်ရင်းလည်း ရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

ပညာရေးဝန်ကြီးဌာန၏ ၂၀၁၉/၂၀၂၀ ပညာသင်နှစ်စာရင်းအရ မြန်မာနိုင်ငံတွင် အခြေခံပညာ ကျောင်းသားကျောင်းသူဦးရေမှာ ကိုးသန်းကျော်ရှိသည်။ 

တစ်နိုင်ငံလုံးတွင် ဆရာ၊ ဆရာမအင်အား ၄ သိန်းကျော်ရှိရာ CDM လုပ်သူ ဆရာ၊ ဆရာမ ၂ သိန်းကျော်ရှိပြီး ၎င်းတို့ကို စစ်ကောင်စီက ယာယီအလုပ်ရပ်ဆိုင်းခြင်းနှင့် အလုပ်ထုတ်ပယ်ထားသည်။

ထို့အပြင် ဆရာ၊ ဆရာမ ၁၀၀ ကျော်ကိုလည်း ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်ဟု ဆရာများအဖွဲ့ချုပ်စာရင်းများအရ သိရသည်။

အာဏာသိမ်းမှုနောက်ဆက်တွဲ မတည်မငြိမ်ဖြစ်နေချိန်၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှိနိုင်သေးသည့် အချိန်တွင် စစ်ကောင်စီသည် စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို အတင်းအဓမ္မဖွင့်လှစ်နိုင်ရန် ကြိုးစားလျက်ရှိပြီး တက္ကသိုလ်များကို မေ ၅ တွင် စဖွင့်ခဲ့၍ အခြေခံပညာကျောင်းများကို ယနေ့(ဇွန် ၁) တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်နှင့် ယခုနှစ်(၂၀၂၁-၂၂) ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများပြန်ဖွင့်မည်ဖြစ်၍ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဇွန်လ တစ်လတိတိ စစ်ရေးလှုပ်ရှားမှုရပ်စဲမည်ဟု ၎င်းတို့၏ ဝါဒဖြန့် ကြေးမုံသတင်းစာတွင် မေ ၃၁ ရက်က ကြေညာထားသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဇွန် ၁ ရက်မှ ၃၀ ရက်ထိ တိုးမြှင့်ရပ်စဲမည်ဟု ဖော်ပြထားခြင်းဖြစ်သည်။ 

Show More

Related Articles

Back to top button