စစ်တပ်က မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်ဖြင့် ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်သူမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် နာမည်ကြီးခဲ့သူ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးဖြစ်သည်။
ဦးသိန်းစိုးသည် ထိုရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပြတ်အသတ်အနိုင်ရစေရေးအတွက် စစ်ဗိုလ်ချုပ်များ စနစ်တကျစီစဉ်မှု အကောင်အထည်ပေါ်စေရန် ကြိုးပမ်းနိုင်ခဲ့သူလည်းဖြစ်သည်။
ယခင်စစ်အစိုးရခေတ်က စစ်ဥပဒေချုပ်၊ ဒုတိယတရားသူကြီးချုပ် စသည့် တာဝန်များထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးသည် စစ်တက္ကသိုလ်အပတ်စဉ် ၁၆ ကျောင်းဆင်းတစ်ဦးဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းရခြင်းမှာ မဲမသမာမှုကြောင့်ဖြစ်သည်ဟု စစ်ကောင်စီက အကြောင်းပြချက်ပေးလေ့ရှိသော်လည်း ဦးသိန်းစိုးကဲ့သို့ အမည်ပျက်ရှိသူကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခြင်းမှာ အနာဂတ်ရွေးကောက်ပွဲအပေါ် ထားရှိသည့် စစ်ကောင်စီ၏ သဘောထားကို ထင်ဟပ်စေသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
ဦးသိန်းစိုး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတာဝန်ယူခဲ့စဉ် ရန်ကုန်နှင့် ပဲခူးတိုင်း ၂ ခုတည်းတွင်ပင် မဲမသမာမှုပေါင်း ၄၀ ကျော်၏ သက်သေအထောက်အထားရှိသည်ဟု ထိုရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့သည့် Myanmar Network For Free Elections ကို တည်ထောင်ခဲ့သူ မမြနန္ဒာသင်းက ပြောသည်။
“သူဘယ်လိုလူလဲဆိုတာ ကျွန်မအနေနဲ့ ပြောဖို့တောင်မှ လိုမယ်မထင်ပါဘူး။ အားလုံးလည်း သိကြပြီးသားပါပဲ။ ကျွန်မတစ်ယောက်တည်းအတွက်ဆိုရင်တော့ လက်ခံနိုင်စရာမရှိပါဘူး” ဟု ၎င်းက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကာလက ဆန္ဒမဲပုံးများပျောက်ဆုံးခြင်း၊ ညဉ့်သန်းခေါင်ယံအချိန်တွင်မှ မဲရုံသို့ ကြိုတင်မဲအလုံးအရင်းဖြင့် ရောက်ရှိလာခြင်း၊ ထိုကြိုတင်မဲလက်မှတ်များတွင် ကြံ့ခိုင်ရေးပါတီကို မဲပေးထားခြင်း စသည့် မဲမသမာမှုများအတွက် ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းစိုးတွင် အဓိကတာဝန်ရှိသည်ဟု ၎င်းက ပြောသည်။
မမြနန္ဒာသင်းသည် New Myanmar Foundation ကို တည်ထောင်ပြီး ၂၀၁၀ နောက်ပိုင်း ရွေးကောက်ပွဲများကို ဆက်လက်စောင့်ကြည့်လေ့လာနေသူဖြစ်သည်။
သို့သော်လည်း မမြနန္ဒာသင်းက စစ်အုပ်စုက ကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို အယုံအကြည်ရှိတော့မည်မဟုတ်သလို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမည့် လုပ်ငန်းစဉ်တွင် ပါဝင်တော့မည်မဟုတ်ပေ။
စောင့်ကြည့်သူမဲ့ ရွေးကောက်ပွဲ
နှစ် ၃၀ ကြာ စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့သည့် စစ်ခေါင်းဆောင် ဦးသန်းရွှေက အရပ်သားတစ်ပိုင်းအစိုးရတစ်ရပ် ဖော်ဆောင်ရန် ၂၀၁၀ နိုဝင်ဘာ ၇ တွင် ရွေးကောက်ပွဲပြုလုပ်ရာ ပြည်ပမှလေ့လာသူများ၊ သတင်းထောက်များကို ရွေးကောက်ပွဲစောင့်ကြည့်ခွင့် မပေးခဲ့ပေ။
သူ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်လိုက်သည့် ဦးသိန်းစိုးကလည်း မြန်မာနိုင်ငံတွင် သတင်းထောက်များရှိပြီးဖြစ်သည့်အတွက် နိုင်ငံခြားသတင်းထောက်များ လာရန် မလိုအပ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကျင်းပရန် တစ်လအလို နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် သံတမန်များ၊ သတင်းသမားများကို ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုစဉ်က အမေရိကန်သမ္မတ ဘရက်(က်)အိုဘားမားက ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတခြင်းမရှိဘဲ မြန်မာပြည်သူလူထုမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို ငြင်းပယ်ခံနေရဆဲဖြစ်သည်ဟုပင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဦးသိန်းစိုးဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်သည် ပါဝင်သင့်ပါဝင်ထိုက်သည့် နိုင်ငံရေးပါတီများ ဝင်မပြိုင်နိုင်စေရန် ဥပဒေဖြင့် တားမြစ်ခဲ့ပြီး စစ်အစိုးရလိုချင်သည့် ရွေးကောက်ပွဲရလဒ် ပေါ်ပေါက်အောင် မဲမသမာမှုများကို တစ်ဖက်စောင်းနင်းဆောင်ရွက်ခဲ့သည်ဟု ၂၀၁၀ ရွေးကောက်ပွဲကာလက သတင်းရယူခဲ့သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်သည်။
“အဲ့ဒီအချိန်တုန်းက သူ့ကို စစ်အာဏာရှင်တွေက ဒီရွေးကောက်ပွဲကို ဒီလိုရလဒ်ထွက်အောင် လုပ်ပေးပါဆိုပြီး တာဝန်ပေးလိုက်တာ။ မဲမသမာမှုတွေ အစအဆုံး ပြည့်နေတဲ့ နောက်ပြီးတော့ သူလိုချင်တဲ့ဟာကို ရအောင်လုပ်ထားတဲ့ဟာပဲ” ဟု ၎င်းက သုံးသပ်သည်။
ကြံ့ခိုင်ရေးပါတီအနိုင်ရစေလိုသည့် မဲဆန္ဒနယ်မြေများတွင် ကြိုတင်မဲများ ဖန်တီးထားပြီး မြို့နယ်အဆင့် မဲရေတွက်ရာတွင်လည်း အမတ်လောင်းများ၊ သတင်းစာဆရာများကို ကြည့်ရှုလေ့လာခွင့် မပေးခဲ့ကြောင်း ၎င်းက ထောက်ပြသည်။
“သူ့ဘာသာသူလုပ်တယ် တစ်ညလုံးပဲ။ နောက်ပြီးတော့ သူ့ဘာသာသူ အဖြေထုတ်တယ်”ဟု ၎င်းက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် စစ်ဗိုလ်ချုပ်ကြီးများ၏ ရာထူးကြီး၊ငယ်အတိုင်းပင် ရွေးကောက်ပွဲမဲရလဒ် ရာခိုင်နှုန်းများကို ပုံဖော်ခဲ့၍ ထိုအဖြစ်အပျက်မှာ သတင်းစာဆရာများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအတွက် လက်ဖက်ရည်ဆိုင်ဟာသတစ်ခုပင် ဖြစ်ခဲ့ရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထိုရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ NLD ပါတီဝင်တချို့က အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ကို တည်ထောင်ရာ ရေပန်းစားသည့် ပါတီဖြစ်လာသည်။
NDF သည် စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီနှင့် မဲရလဒ်အငြင်းပွားမှုများ ဖြစ်လာခဲ့သည်။
ကနဦး မဲရေတွက်ရာတွင် NDF ပါတီက အပြတ်အသတ်ဖြင့် အနိုင်ရနေသော်လည်း မဲရုံပိတ်သည့် အချိန်တွင် ကြိုတင်မဲများ အလုံးအရင်းဖြင့် ရောက်ရှိလာခဲ့သည်။ ထိုမဲအားလုံးမှာ ပြည်ခိုင်ဖြိုးပါတီမဲများဖြစ်နေရာ အနိုင်အရှုံးရလဒ်များ ပြောင်းပြန်ဖြစ်ကုန်သည်ဟု NDF ပါတီ တာဝန်ရှိသူများက ရွေးကောက်ပွဲကျင်းပပြီး နောက်တစ်ရက်တွင် VOA သတင်းဌာနကို ဖြေကြားခဲ့သည်။
ကြိုတင်မဲကိစ္စများကို ရွေးကောက်ပွဲကော်မရှင်က မဖြေရှင်းပေးပါက အနိုင်ရကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုလက်မှတ်ထိုးပေးမည် မဟုတ်ကြောင်း NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက VOA သတင်းဌာနကို ဖြေကြားခဲ့သည်။
၁၆၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NDF ပါတီက ၁၆ နေရာသာ အနိုင်ရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီက ၃၈၈ နေရာ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။
NDF ၏ ရန်ကုန်တိုင်း၊ အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်က ၂၀၁၀ ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီမှ ကိုယ်စားလှယ်လောင်းအများစုသည် ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ ရရှိသည့် ကြိုတင်မဲများကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ပြောသည်။
ရွေးကောက်ပွဲခုံရုံးထံ တိုင်ကြားလိုကြသော်လည်း ရွေးကောက်ပွဲကော်မရှင်က မှန်ကန်သည့် ရလဒ်ကို ဖော်ဆောင်ပေးမည်ဟု မမျှော်လင့်နိုင်၍ လက်လျှော့လိုက်ကြသည်ဟု ၎င်းက ပြောသည်။
“နိုင်ငံရေးပါတီတွေ မျှော်လင့်လို့ ရနိုင်တာမရနိုင်တာထက်။ လူထုတင်မြှောက်တဲ့အနေအထားမျိုး၊ ကြားနေအနေအထားမျိုး၊ နိုင်ငံမှာ သမာသမတ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေကိုပဲ ခန့်ထားစေချင်ပါတယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေကိုပဲ ရွေးကောက်ပွဲမှာ တာဝန်ယူစေချင်တယ်” ဟု ၎င်းက ပြောသည်။
တစ်ကျော့ပြန် ရွေးကော်
စစ်ကောင်စီက ကြေညာထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ နောက်ဆုံးအချက်မှာ ရွေးကောက်ပွဲထပ်လုပ်ပြီး အနိုင်ရပါတီကို အာဏာအပ်ရေးဖြစ်သည်။ ယခု ဦးသိန်းစိုးကို ပြန်လည်အသုံးပြုခြင်းမှာ ၎င်းတို့အလိုကျ ရွေးကောက်ပွဲရလဒ် ဖော်ဆောင်နိုင်ရေးဖြစ်သည်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။
ထိုသို့သုံးသပ်နေချိန်မှာပင် ၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိထားသည့် NLD ကို ဖျက်သိမ်းရန် ဦးသိန်းစိုးက မေ ၂၀ သတင်းစာရှင်းလင်းပွဲတွင် စကားဦးသန်းလိုက်သည်။
“ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ပြီး ဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို မှတ်ပုံတင်ဖျက်ပစ်ရပါမယ်။ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံတော်သစ္စာဖောက်အနေနဲ့ ကျွန်တော်တို့ အရေးယူရမယ်” ဟု ၎င်းက သတင်းထောက်များကို ပြောလိုက်သည်။
ဦးသိန်းစိုးဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်သည် အာဏာသိမ်းစစ်ကောင်စီလိုလားသည့်အတိုင်း စီစဉ်သွားဖွယ်ရှိသည်ဟု သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ယူဆသည်။
“အခုလဲ ရိုးရိုးရှင်းရှင်းလေးပဲ၊ မင်းအောင်လှိုင်က တာဝန်ပေးလိုက်တာက ၂၀၂၀ ရွေးကောက်ပွဲက မဲမသမာမှုရှိတယ်ဆိုပြီးတော့ NLD ကို ဖျက်ဖို့၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ဖျက်ဖို့ပေါ့။ ၂၀၁၅ ( ရွေးကောက်ပွဲ) တို့ ၂၀၂၀ (ရွေးကောက်ပွဲ) တို့လို လုပ်မှာ မဟုတ်ဘူး။ ၂၀၁၀ အတိုင်းကို လုပ်မှာ။ ဘယ်နိုင်ငံခြားစောင့်ကြည့်လေ့လာသူမှလဲ သူတို့ ပေးဝင်မှာ မဟုတ်ဘူး”ဟု ၎င်းက သုံးသပ်သည်။
“သူတို့လိုချင်တဲ့ အဖြေကို ထုတ်ပြီးရင် မင်းအောင်လှိုင်ကို မှန်းတာကတော့ သမ္မတလိုနေရာမျိုးကို ဒီဖွဲ့စည်းပုံနဲ့ဆိုရင်ပေါ့ အဲ့လိုမျိုး လုပ်လိမ့်မယ်ဆိုတာကတော့ သေချာပေါက်ပေါ့”
ဦးစည်သူအောင်မြင့်ကဲ့သို့ပင် လေ့လာသူအများအပြားကလည်း အာဏာသိမ်းစစ်ကောင်စီသည် NLD မပါဝင်သော အရပ်သားတစ်ပိုင်းအစိုးရတစ်ရပ် ပေါ်ပေါက်လာစေမည့် ရွေးကောက်ပွဲဖန်တီးရန် ပြင်ဆင်မှုတွင် အလားတူ အတွေ့အကြုံရှိသည့် ဦးသိန်းစိုးကို ရွေးချယ်ခြင်းမှာ အံ့သြစရာမရှိဟု ဆိုကြသည်။
ဦးသိန်းစိုးသည် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဖြစ်လာပြီး ထိုခုံရုံးတွင် ၂ နှစ်နီးပါး ကြာခဲ့သည်။
ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များကြား အကွဲအပြဲမတိုင်ခင် ၂၀၁၂ စက်တင်ဘာတွင် သူရဦးရွှေမန်း ဥက္ကဋ္ဌဖြစ်နေသည့် ပြည်သူ့လွှတ်တော်နှင့် ပဋိပက္ခဖြစ်ပြီး ဦးသိန်းစိုး ရာထူးမှ နုတ်ထွက်သွားရသည်။
၎င်း၏အမည် စာနယ်ဇင်းသတင်းများတွင် ဖော်ပြမှု ၈ နှစ်ကြာလာချိန်တွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး နေရာပြန်ရလာခြင်း ဖြစ်သည်။
မတ် ၂၂ တွင် ဥရောပသမဂ္ဂက စစ်အုပ်စုထိပ်တန်းခေါင်းဆောင် ၁၁ ဦးကို ပိတ်ဆို့အရေးယူကြောင်း သတင်းထုတ်ပြန်ရာ ရွေးကော်ဥက္ကဋ္ဌ ဦးသိန်းစိုးလည်း ပါဝင်သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က စစ်အုပ်စုအဖွဲ့ဝင်များကို ပိတ်ဆို့အရေးယူကြောင်း သတင်းထုတ်ပြန်ရာ အရေးယူခံရသူများစာရင်းတွင် ဦးသိန်းစိုးအမည်ကို ထည့်သွင်းထားသည်။