သတင်း

အာဏာသိမ်းမှုကို ဆန့်ကျင်သော Mytel ဝန်ထမ်းများကို စစ်ကောင်စီ လိုက်ဖမ်းနေ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် Mytel ဝန်ထမ်းများနှင့် အလုပ်မှ နုတ်ထွက်ထားသည့် ဝန်ထမ်း‌ဟောင်းတချို့ကို စစ်ကောင်စီက လိုက်လံဖမ်းဆီး‌လျက်ရှိသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့် CDM ဝန်ထမ်းအမည်စာရင်းဖြင့် လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟု Mytel မှ အလုပ်ထွက်ထားသည့် ဝန်ထမ်းဟောင်းအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့က အစိုးရလည်းမဟုတ်ဘူး။ သူတို့အနေနဲ့ ဒီလိုလိုက်ဖမ်းစရာ အကြောင်းလည်းမရှိဘူးပေါ့နော်။ အဲဒီလိုမျိုးထင်လိုက်တာ။ အစက မယုံဘူး။ Branch (ရုံးခွဲ)က ခင်တဲ့အစ်ကိုတစ်ယောက်ကို မေးလိုက်တော့ ဟုတ်တဲ့ပုံစံမျိုး ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၁ တွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ ရှယ်ယာများပါဝင်သော Mytel ကုမ္ပဏီ၏ ရန်ကုန်ရုံးမှ အလုပ်ထွက်ခဲ့သည်ဟု အထက်ပါ Mytel ဝန်ထမ်းဟောင်းအမျိုးသမီးက ဆိုသည်။ 

အလုပ်ထွက်ထားသော်လည်း Mytel ကုမ္ပဏီ၏ CDM ဝန်ထမ်းစာရင်းတွင် ၎င်း၏အမည် ပါဝင်နေကြောင်း အုပ်ချုပ်ရေးမှူးရုံးမှ သိကျွမ်းသူများက ပြောပြလာကြောင်း၊ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) နှင့် စစ်ကောင်စီတပ်ဖွဲ့က ရပ်ကွက်အတွင်း မေးမြန်းရှာဖွေနေသဖြင့် ပုန်းရှောင်နေရကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလလယ်ပိုင်း၌ ရန်ကုန်မြို့ရှိ ၎င်း‌နေထိုင်ရာလမ်းအတွင်း စစ်တပ်က လာ‌ရောက်စုံစမ်းခဲ့သော်လည်း Mytel ရုံးတွင် အလုပ်လုပ်ခဲ့သည်ကို ရပ်ကွက်‌နေသူများက မသိသည့်အပြင် ၎င်း၏အမည် အပြည့်အစုံကို မသိရှိ၍ ရှာမတွေ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

စစ်အာဏာသိမ်းပြီးနောက် Mytel ‌ဝန်ထမ်းများ၏ နောက်ဆုံးသတင်းအချက်အလက်များကို ကုမ္ပဏီဘက်က လိုက်လံစုဆောင်းနေပြီး ဝန်ထမ်းများ၏ Facebook လူမှုကွန်ရက်တွင် ရေးသားမှုများကိုလည်း စောင့်ကြည့်မှုရှိသည်ဟု အဆိုပါအမျိုးသမီးက ဆက်ပြောသည်။ 

“ညီမကိုပဲ မဟုတ်ဘူး။ ညီမတို့အရင်က ခင်ခဲ့တဲ့ ညီမလေးတွေရှိတာပေါ့။ ဒါပေမယ့် သူတို့က ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက ထွက်သွားတဲ့သူတွေ။ အခုဆို တခြားအော်ပရေတာတွေမှာ အလုပ်လုပ်နေတာ။ သူတို့ကိုလည်း လိုက်နေတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

Mytel ရန်ကုန်ရုံးမှ မန်နေဂျာတစ်ဦးသည်လည်း လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုတစ်ခုနှင့်ပတ်သက်ပြီး ဝန်ထမ်းအချင်းချင်း တိုင်တန်းခဲ့၍ အဖမ်းခံခဲ့ရကာ လေးရက်ကြာ ထိန်းသိမ်းခံရပြီးနောက် ပြန်လွတ်ခဲ့ကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် Mytel ၏ အတွင်းသတင်းအချက်အလက်များကို ဝန်ထမ်းများက ထုတ်ဖော်ပြောဆိုမည်ကို ကုမ္ပဏီဘက်က ပိုမိုသတိထားလာခဲ့ပြီး ဝန်ထမ်းများကို စိစစ်ခန့်ထားလိုသဖြင့် အလုပ်ထွက်လိုသူများကို တစ်လမဆိုင်းဘဲ ချက်ချင်းထွက်ခွင့်ပြုခဲ့သည်ဟု သိရသည်။ 

အဆိုပါ လိုက်လံဖမ်းဆီးမှုနှင့် ပတ်သက်၍ ပဲခူးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် Mytel ဝန်ထမ်းတစ်ဦးကို မေးမြန်း‌သော်လည်း အတိအကျမသိကြောင်း ဆိုသည်။

ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီနှင့် အခြားဒေသများမှ Mytel ဝန်ထမ်းများသည် CDM တွင် ပူးပေါင်းခဲ့သော်လည်း ဖိအားပေးမှုများကြောင့် ယခုအခါ ဝန်ထမ်းအများအပြား လုပ်ငန်းခွင်ပြန်ဝင်နေပြီဖြစ်သည်ဟု Mytel ဝန်ထမ်းများထံမှ သိရသည်။

မန္တလေးတိုင်းရှိ Mytel ဝန်ထမ်းတစ်ဦးကမူ စစ်အာဏာသိမ်းပြီးခါစ၌ CDM လုပ်သည့် ဝန်ထမ်းများသည် ယခုအခါ လုပ်ငန်းခွင်ပြန်ဝင်နေကြပြီးဖြစ်သဖြင့် CDM လုပ်၍ ကုမ္ပဏီမှ အလုပ်ထွက်သွားသူများကို ဖမ်းဆီးခြင်းဖြစ်‌နိုင်သည်ဟု ဆိုသည်။

“ရန်ကုန်မှာတော့ တစ်ယောက်ကြားတယ်။ တစ်ယောက်ကို ဖမ်းသွားတယ်။ အဲ့လိုမျိုးပဲ ကြားလိုက်တယ်။ ကျန်တာတော့ ဂဃနဏ မကြားရဘူးဖြစ်နေတယ်။ ရုံးတွင်းပိုင်းသတင်းပျောက်ပေါ့။ တစ်ယောက်နဲ့တစ်ယောက် မပြောနဲ့၊ မဆိုနဲ့ ပုံစံမျိုးကို ဖြစ်သွားတာ” ဟု မန္တလေးမှ ဝန်ထမ်းက ဆိုသည်။

အဖမ်းခံရသည့် မန်နေဂျာ မည်သူဖြစ်သည်ကို အတည်မပြု‌နိုင်သည့်အပြင် ဝန်ထမ်းဟောင်းတချို့ ဖမ်းဆီးမှုနှင့် ပတ်သက်၍ Mytel ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံတန်ဖိုးရှိ Mytel တွင် မူလက တပ်မတော်လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုဖြင့် ပူးပေါင်းထားသည့် Myanmar National Telecom Holding (MNTH) ကုမ္ပဏီက ၂၃ ရာခိုင်နှုန်းနှင့် ဗီယက်နမ်စစ်တပ်လက်အောက်ခံ Viettel Global Investment JSC က ၄၉ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်သည်။

ဗီယက်နမ်စစ်တပ်ပိုင် Viettel ကုမ္ပဏီနှင့် မြန်မာစစ်တပ်တို့ ပူးပေါင်းကာ မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်နေသည့် Telecom International Myanmar ကုမ္ပဏီ  ဒါရိုက်တာအဖွဲ့တွင် မြန်မာဘက်မှ ၆ ဦး၊ Viettel ဘက်မှ ၄ ဦး နေရာယူထားကြောင်း DICA  (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန) မှတ်တမ်းများတွင် တွေ့ရသည်။

စစ်တပ်က အာဏာသိမ်းပြီး‌နောက် Mytel တွင် ရင်းနှီးမြှုပ်နှံထားသော အစုရှယ်ယာများကို ပြန်လည်ရောင်းချပြီး စီးပွားဖက်အဖြစ်မှ လက်တွဲဖြုတ်ရန် အများပိုင်ကုမ္ပဏီနှစ်ခုက ဆုံးဖြတ်ခဲ့သည်။ 

ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခု အနက် နိုင်ငံတကာစွမ်းအင်ထုတ်လုပ်ရေး (IPG) နှင့် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေး (GLAD) တို့သည် Mytel တွင် ရင်းနှီးမြှုပ်နှံထားသည့် အစုရှယ်ယာများကို ပြန်လည်ရောင်းချသွားမည်ဖြစ်သည်။

 MNTH က၎င်း၏ရှယ်ယာပိုင်ဆိုင်မှုအချို့ကိုလည်း Star High ကိုလွှဲပြောင်းခဲ့ကြောင်း  စစ်တပ်၏ စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်လေ့လာသည့် Justice For Myanmar က ဆိုသည်။ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တင်သွင်းခဲ့သည့် Mytel ၏ အစီရင်ခံစာပေါက်ကြားပြီးနောက် Justice For Myanmar အဖွဲ့က လေ့လာခဲ့ရာ မြန်မာစစ်တပ်သည် Mytel မှနေ၍ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်အမြတ်အစွန်းရနိုင်ကြောင်း တွေ့ရှိခဲ့သည်။ 

“CDM  လုပ်တဲ့ Mytel ဝန်ထမ်းတွေကို စစ်တပ်ကအခုလို ဒုက္ခလိုက်ပေးတာဟာ စစ်တပ်ဟာ စီးပွားရေးကို ဘယ်လိုသိက္ခာမဲ့လုပ်နေတယ်ဆိုတာကို ထပ်ပြီးပေါ်လွင်စေပါတယ်။ နိုင်ငံတော်ကို ပုဂ္ဂလိကအကျိုးစီးပွားများအတွက် လိုသလိုအသုံးချပြီး လူတွေရဲ့ဘဝတွေကို စစ်တပ်က ဖျက်ဆီးနေတာပါပဲ။ စစ်တပ်ဆိုတာ တိုင်းသူပြည်သားတွေက ဒီမိုကရေစီကျင့်စဥ◌်နဲ့အညီ ရွေးချယ်ထားတဲ့အစိုးရလက်အောက်မှာပဲ ရှိရမှာပါ၊ အခုလို မတော်မတရားတွေဆက်မလုပ်နိုင်ဖို့ စစ်တပ်ကို သူနဲ့မဆိုင်တဲ့ စီးပွားရေးကနေပြီး ဖယ်ထုတ်ရမှာပါပဲ” ဟု Justice For Myanmar ၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။ 

Show More

Related Articles

Back to top button