ပြည်ပရောက် မြန်မာအလုပ်သမားများထံက အဓမ္မဝင်ငွေခွန်ကောက်ခံမှုစတင်ခဲ့ပြီးနောက် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ဝင်ငွေခွန်ခေါင်းစဉ်အောက်မှ ကောက်ခံရရှိသောငွေပမာဏမှာ ကျပ်ငွေဘီလီယံပေါင်း ၁,၂၆၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၄၇ သန်းခန့်) တိုးလာသည်။
၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံပေါင်း ၃,၈၉၀ သာရရှိခဲ့ပြီး ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ၅,၁၅၆ ဘီလီယံကျော် ရရှိခဲ့မှုဖြင့် နိုင်းယှဉ်ပါက ၁,၂၆၆ ဘီလီယံကျော် ပိုမိုရရှိလာကြောင်း စစ်ကော်မရှင်ထိန်းချုပ်သည့် ပြည်တွင်းအခွန်ဦးစီးဌာန၏ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာပါ အခွန်ကောက်ခံမှု စာရင်းများအရ သိရသည်။
၂၀၂၄-၂၅ ဘဏ္ဍာနှစ်သည် ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် မတ်လကုန်အထိအကျုံးဝင်သည်။
စစ်ကော်မရှင်အတွက် ပြည်တွင်းအခွန်ဌာနက ကောက်ခံပေးနေသည့် အခွန်အမျိုးအစားများအနက် ဝင်ငွေခွန်မှာ ပမာဏအကြီးဆုံးကောက်ခံရရှိသောအခွန်ဖြစ်လာသည်။
တိုင်းပြည်စီးပွားရေးပြိုကျပြီး၊ ပြည်သူများစားဝတ်နေရေးကျပ်တည်းနေချိန် စစ်ကော်မရှင်က ဝင်ငွေခွန် ပမာဏများ တိုးရလာခြင်းမှာ အချက် သုံးချက်ကြောင့် ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ အခွန် ကျွမ်းကျင်ပညာရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ပြည်ပရောက်မြန်မာများအား အခွန်တိုးကောက်ခံခြင်း၊ အိမ်ခြံမြေရောင်းဝယ်ရာတွင် ဝင်ငွေရလမ်း မဖော်ပြနိုင်သောဝင်ငွေများအပေါ် ကောက်ခံရရှိသည့် အခွန်ငွေများတိုးလာခြင်းနှင့် ငွေကြေးဖောင်းပွမှု များကြောင့် ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ထိုအထဲမှ ပြည်ပရောက်မြန်မာအလုပ်သမားများထံမှ ကောက်ခံရရှိသည့်ဝင်ငွေမှာ အချိုးကြီးကြီးမားမား ပါဝင်နိုင်ပြီး နိုင်ငံတကာအခွန်စနစ်များ ချိုးဖောက်၍ အလုပ်သမားများ၏ ချွေးနှဲစာအား ဓားပြတိုက်ခြင်း ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
“နိုင်ငံခြားရောက်နေတဲ့လူတွေဆီကနေ ဝင်ငွေခွန်ကောက်တာက မသင့်လျော်သော ဝင်ငွေခွန် ကောက်ခံမှုတွေ ဖြစ်တာပေါ့။ တနည်းအားဖြင့် နိုင်ငံတကာအခွန်စနစ်တွေရှိတယ်။ DTA (အခွန် နှစ်ထပ် မကျသင့်စေရေး သဘောတူစာချုပ်) ဆိုတာရှိတယ်။ DTA အရ မကောက်ရဘူး။ ယိုးဒယားနဲ့ ဗမာနဲ့ စာချုပ် ချုပ်ထားတယ်ဆိုရင် ယိုးဒယားမှာကောက်ပြီးသား သူတစ်ယောက်ကို ဗမာပြည်မှာ ထပ်ကောက်လို့ မရဘူး။ အလားတူပဲ စင်ကာပူမှာ ကောက်ပြီးသွားရင်လည်း မကောက်ရတော့ဘူး” ဟု သူက ပြောသည်။
မြန်မာနိုင်ငံသည် အိန္ဒိယ၊ လာအို၊ မလေးရှား၊ တောင်ကိုးရီးယား၊ စင်ကာပူ၊ ထိုင်း၊ ဗြိတိန်နှင့် ဗီယက်နမ် စုစုပေါင်း ရှစ်နိုင်ငံနှင့် အခွန်နှစ်ထပ်မကျသင့်စေရေး စာချုပ်လက်မှတ်ထိုးထားသည်။
စစ်အသုံးစရိတ် အဆမတန်တိုးမြှင့်သုံးစွဲနေသည့် စစ်ကော်မရှင်သည် ပြည်ပရောက်အလုပ်သမားများ ထံက ရရှိလာသော နိုင်ငံခြားငွေများကို လက်နက်ဝယ်ယူရာတွင် အသုံးပြုဖွယ်ရှိကြောင်း ၎င်းက ယူဆသည်။

စစ်အာဏာသိမ်းမှု၊ စီးပွားရေးကျပ်တည်းမှု၊ အဓမ္မစစ်သားစုဆောင်းမှုများကြောင့် မြန်မာလူငယ် အများစုသည် ထိုင်းအပါအဝင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြရသည်။
ထို့ကြောင့် ပြည်ပရောက် သန်းနှင့်ချီသော အလုပ်သမားများ၊ နိုင်ငံသားများထံမှ အတင်းအဓမ္မ ငွေညှစ်နိုင်သည့် အခွန်အကောက်ဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင်က ပြင်ဆင်လိုက်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ရရှိသော သက်ဆိုင်ရာနိုင်ငံခြားဝင်ငွေအပေါ်တွင် ၂ ရာခိုင်နှုန်း စတင်ကောက်ခံခဲ့သည်။
ပြည်ပရောက်အလုပ်သမားများထံမှ နိုင်ငံခြားငွေဖြင့် ဝင်ငွေခွန်ကောက်ခံခြင်းသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ၁၀ နှစ်ကျော်ကြာ ကင်းလွတ်ခွင့်ရခဲ့သော်လည်း အာဏာသိမ်းထားသည့် စစ်ကော်မရှင် လက်ထက်တွင် ပြန်အသက်သွင်းခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းကာစတွင် စစ်ကောင်စီဟု အမည်တွင်ခဲ့သော အာဏာသိမ်းစစ်တပ်အတွက် ဝင်ငွေရလမ်း ဖြစ်သော အောင်ဘာလေထီ၊ မီတာခ ကဲ့သို့သော အခွန်များကို မဆောင်ဘဲ ပြည်သူအများစုက သပိတ်မှောက်ခဲ့ရာ အခွန်ကောက်ခံရရှိမှုများကျဆင်းခဲ့သည်။
ထို့ကြောင့် လူထုထံမှ ငွေများ ၎င်းတို့ထံ စီးဆင်းစေရန် စစ်ကော်မရှင်လက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အခွန်တိမ်းရှောင်ပါက အရေးယူနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
အခွန်ဆောင်ရန် သိလျက်နှင့် ရှောင်တိမ်းခြင်း၊ ရပိုင်ခွင့်မရှိသည့် အခွန်ပြန်အမ်းငွေ တောင်းခံခြင်းတို့ကို အခွန်တိမ်းရှောင်ခြင်းဟုမှတ်ယူကာ ရဲအရေးပိုင်သောအမှုအဖြစ် သတ်မှတ်အရေးယူနိုင်ရန် ပြင်ဆင်နေကြောင်း ၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်သည် နိုင်ငံတကာ အသိအမှတ်ပြုခံရရေးအတွက် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းဖြင့် ကျင်းပရန် ပြင်ဆင်နေသလို နိုင်ငံအလယ်ပိုင်း၊ ရှမ်းမြောက်၊ ကချင်၊ ချင်းပြည်နယ်တို့ကို တကျော့ပြန်စစ်ကြောင်း ထိုးရန် ယခုနှစ်လယ်မှစ၍ ကြိုးပမ်းနေသည်။
စစ်မျက်နှာအနှံ့ ဖွင့်ထားသော စစ်ကော်မရှင်အနေဖြင့် အသုံးစရိတ်များ၊ ဝင်ငွေရလမ်းကြောင်းများ ရရှိရန် ကြိုးပမ်းနေသလို တစ်ဖက်တွင်လည်း လူထုအား ကုန်စည်ကူးသန်းမှုများ ခက်ခဲအောင် လုပ်ဆောင်နေသည်။
အထူးသဖြင့် တော်လှန်ရေးအင်အားစုအားကောင်းရာ ဒေသများကို အခြေခံကုန်ပစ္စည်းများကိုပင် ကန့်သတ်မှုများ လုပ်ဆောင်နေသည်။



