မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရ အာဏာပြန်မရမချင်း ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီကြီး PTT အနေဖြင့် စစ်တပ်ပိုင်လုပ်ငန်းများနှင့် ပတ်သက်နေမှုကို အဆုံးသတ်ကာ ရင်းနှီးမြှုပ်နှံမှုအသစ်အားလုံးကိုလည်း ဆိုင်းငံ့ထားသင့်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က တိုက်တွန်းလိုက်သည်။
ထိုင်းရေနံကုမ္ပဏီ PTT သည် စီးပွားရေးလုပ်ငန်းများတိုးချဲ့ရန် မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်နေပြီး အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီကာ အကျိုးဖြစ်ထွန်းစေလျက်ရှိကြောင်း HRW က မေ ၂၅ တွင် ထုတ်ပြန်ခဲ့သည်။
စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းကြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က လယ်သမားများထံမှ သိမ်းဆည်းထားသည့် မြေပေါ်တွင် ဆီလှောင်ကန်များတည်ဆောက်ရန် ၂၀၁၉ ခုနှစ်အတွင်း PTT ကုမ္ပဏီက MEC ကို မြေငှားရမ်းခ ဒေါ်လာ ၁ သန်းပေးခဲ့သည်ဟု ဆိုသည်။
အကြီးအကျယ် အလွဲသုံးစားမှုပြုလုပ်နေသည့် စစ်တပ်ကို ဝင်ငွေအမြောက်အမြားရှာပေးနေသည့် စစ်တပ်ပိုင် MEC နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်) ကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် ကနေဒါနိုင်ငံများက ဒဏ်ခတ်အရေးယူခဲ့ပြီးဖြစ်သည်။
“အရပ်သားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းအားဖြင့် ထိုင်းနိုင်ငံပိုင် PTT ဟာ မြန်မာပြည်သူတွေရဲ့ အသက်နဲ့ လွတ်လပ်ခွင့်ကို အလေးမထားတာကို ပြလိုက်တာပဲ” ဟု HRW ၏ အာရှရေးရာသုတေသီ ရှေနာဘော့ချ်နာက ပြောသည်။
PTT ကုမ္ပဏီ ဦးဆောင်သူများအနေဖြင့် နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူမှုများကို လေးစားလိုက်နာပြီး စစ်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေခြင်းမှ ရှောင်ကြဉ်ရန် စစ်အုပ်စုနှင့် အဆက်အသွယ်ဖြတ်သင့်သည်ဟုလည်း ၎င်းက ပြောသည်။
PTT အနေဖြင့် မြန်မာနိုင်ငံရှိ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ရပ်တန့်သင့်သည့်အပြင် နိုင်ငံခြားအစိုးရများအနေဖြင့်လည်း PTT နှင့် အခြားကုမ္ပဏီများလုပ်ကိုင်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများမှတဆင့် စစ်ကောင်စီထံ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ငွေပေးချေမှုများ မပြုနိုင်စေရန် တားဆီးပိတ်ပင်သင့်ကြောင်း HRW က တောင်းဆိုသည်။
ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၁၉၈၉ ခုနှစ်ကတည်းက ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်ပြီး အခွန်အခမျိုးစုံအတွက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှတဆင့် အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ပေးခဲ့ပြီးဖြစ်သည်။
မြန်မာစစ်တပ်နှင့် စီးပွားရေးအရ ဆက်နွှယ်မှုများကြောင့် အိန္ဒိယနိုင်ငံမှ ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်လုပ်ငန်းကုမ္ပဏီ Adani မှာ ကုမ္ပဏီများ၏ ရေရှည်စွမ်းဆောင်မှုဆိုင်ရာ အကဲဖြတ်အညွှန်းကိန်း Dow Jones Sustainability Indices မှ ဖယ်ရှားခံခဲ့ရသည်။
PTT ကုမ္ပဏီသည်လည်း Dow Jones Sustainability Indices ညွှန်းကိန်းတွင် စာရင်းဝင်နေသည့်အပြင် PTT နည်းတူ Adani ကုမ္ပဏီသည်လည်း စစ်တပ်ပိုင် MEC ထံမှ မြေငှားရမ်းကာ စီးပွားရေးလုပ်ကိုင်ခဲ့သည်။
ယခုနှစ်ပိုင်းအတွင်း ပေါက်ကြားခဲ့သည့် အချက်အလက်များအရ PTT အနေဖြင့် ၂၀၁၇ ခုနှစ်တွင် စစ်တပ်နှင့် မိတ်ဖက်လုပ်ကိုင်နေသည့် ကမ္ဘောဇကုမ္ပဏီနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာခွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက်တွင် ရန်ကုန် သီလဝါအထူးစီးပွားရေးဇုန်၌ မြန်မာနိုင်ငံ၏ အကြီးဆုံး ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ရေနံဓာတ်ငွေ့ရည် (LPG) များ တင်သွင်းသိုလှောင်ဖြန့်ဖြူးလုပ်ငန်းဆောင်ရွက်ရန် PTT ၏ ကုမ္ပဏီခွဲ PTTOR နှင့် ကမ္ဘောဇ၏ ကုမ္ပဏီခွဲ Brighter Energy တို့ ဖက်စပ်လုပ်ကိုင်ရန် စစ်တပ်ပိုင် MEC ထံမှ မြေငှားခဲ့သည်။ ယင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံရန် PTT က ကြေညာခဲ့သည်။
အထက်ပါလုပ်ငန်းအတွက် PTT နှင့် ဖက်စပ်လုပ်ကိုင်သည့် ကမ္ဘောဇအုပ်စုလက်အောက်ခံ Brighter Energy ကုမ္ပဏီသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို တစ်နှစ်လျှင် ဒေါ်လာတစ်သန်းနီးပါး မြေငှားရမ်းခများ ပေးဆောင်နေကြောင်း HRW က ဆိုသည်။
Brighter Energy ကုမ္ပဏီသည် ရန်ကုန်တိုင်းကျောက်တန်းမြို့နယ် သီလဝါရှိ MEC ပိုင် မြေဧက ၁၇၀ ခန့်ကို ငှားရမ်းလုပ်ကိုင်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အချက်အလက်များအရ သိရသည်။ စစ်တပ်ပိုင် MEC က သီလဝါသင်္ဘောဖျက်စက်ရုံတွင် မြေဧက ၇၇၀ ခန့်ပိုင်ဆိုင်ပြီး ထိုမြေများမှာ လယ်သမားများထံမှ သိမ်းယူထားသောမြေများဖြစ်ကြောင်း HRW က ဆိုသည်။
ကမ္ဘောဇအုပ်စုသည် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် ဖက်စပ်လုပ်ကိုင်နေသည်မှာ နှစ်ပေါင်း ၂၀ ကျော် ရှိပြီဖြစ်သည်။
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် စစ်ဆင်ရေးပြုလုပ်သည့် စစ်တပ်ကို ကမ္ဘောဇအုပ်စုက အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်း လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က ဖော်ထုတ်ခဲ့သည်။
နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝင်ငွေရရှိစေခဲ့သည့် PTT ကုမ္ပဏီသည် ၂၀၁၉ ခုနှစ်တွင်လည်း စီမံကိန်း၊ ဘဏ္ဍာနှင့် စက်မှုဝန်ကြီးဌာနသို့ အခွန်ငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ပေးသွင်းခဲ့ကြောင်း HRW က ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုလက်သို့ ထိုသို့အခွန်ပေးသွင်းမှုများ ရပ်ဆိုင်းရန် PTT ကုမ္ပဏီကို ၎င်း၏ ဝန်ထမ်းများက CDM ပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်။ Myanmar Now က ယခုလဆန်းပိုင်းတွင် အဆက်အသွယ်ရခဲ့သော PTT ဝန်ထမ်းနှစ်ဦး၏ ပြောပြချက်အရ ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံရှိ PTT ဝန်ထမ်း ၈၀ ရာခိုင်နှုန်းခန့်သည် လစာမဲ့ခွင့်ယူကာ CDM လုပ်ခဲ့ကြောင်း သိရသည်။
“ကုမ္ပဏီဘက်က စစ်အစိုးရကို ပတ်သက်ပြီးတော့ အလုပ်လုပ်နေရင် သူတို့အတွက် ဝင်ငွေရနေမယ်ဆိုရင် ကျွန်တော်တို့ဝန်ထမ်းတွေ အလုပ်လုပ်ဖို့ အဆင်မပြေဘူးလို့ ပြောထားတယ်။ ဒါကို ကုမ္ပဏီက လျစ်လျူရှုတယ်။ ကုမ္ပဏီရဲ့ မူဝါဒအရ နိုင်ငံရေးနဲ့ ဆက်နွှယ်ရင် မပါဘူးဆိုတဲ့ မူဝါဒရှိတယ်ဆိုပြီး လျစ်လျူရှုတယ်။ ဝန်ထမ်းတွေကို ဘာမှတိကျတဲ့ တုံ့ပြန်ချက်မပေးဘူး” ဟု CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ဝန်ထမ်းတစ်ဦးက ပြောသည်။
PTT ကုမ္ပဏီဘက်က တစ်စုံတစ်ရာတုံ့ပြန်မှု မရှိသောကြောင့် မေလတွင် ဝန်ထမ်းအများစု လုပ်ငန်းခွင်ပြန်ဝင်ခဲ့ကြပြီး CDM ဝန်ထမ်း ၁၀၀ ခန့်တွင် ၁၀ ဦးကျော်သာ CDM ဆက်လုပ်နေကြောင်းလည်း ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်မှ မေ ၂၆ အထိ အာဏာသိမ်းစစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၈၂၁ ဦး သေဆုံးခဲ့ပြီး ၅၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။