သတင်း

Total ရေနံကုမ္ပဏီက မြန်မာကို အမြတ်ငွေအချို့ပေးခြင်း ဆိုင်းငံ့မည်

မြန်မာ့ကမ်းလွန်ပင်လယ်ပင်ပြင်တွင် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ကိုင်လျက်ရှိသည့် ပြင်သစ်ရေနံကုမ္ပဏီကြီး Total က မြန်မာကို အမြတ်ငွေများခွဲဝေပေးခြင်းကို ဆိုင်းငံ့တော့မည်ဖြစ်ကြောင်း ယမန်နေ့ (မေ ၂၇) တွင် ထုတ်ပြန်လိုက်သည်။ 

ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီသည် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရရှိမည့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးရန် အခြေအနေဆိုက်နေပြီဖြစ်သည်။ 

သို့ရာတွင် ယခုဆုံးဖြတ်ချက်သည် သဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှရရှိသည့် အကျိုးအမြတ်များသာဖြစ်ပြီး၊ ပို၍အကျိုးအမြတ်ကြီးမားသည့် သဘာဝဓာတ်ငွေ့ရောင်းချမှရရှိမည့် ဝင်ငွေများ၊ အခြားအခွန်အခကိုမူ မြန်မာစစ်တပ်က ဆက်လက်ရရှိနေဦးမည်ဖြစ်သည်။ 

MOGE သည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သော်လည်း အာဏာသိမ်းပြီးနောက် စစ်ဗိုလ်ချုပ်များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။ 

MOGE အပါအဝင် အမေရိကန်ရေနံကုမ္ပဏီ Chevron၊ ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီတို့နှင့် ပူးပေါင်း၍ မုတ္တမကမ်းလွန်ရှိ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များ တင်ပို့ရောင်းချရန် ထူထောင်ထားသည့် မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (Moattama Gas Transportation Company-MGTC) တွင် ပြင်သစ်ရေနံကုမ္ပဏီကြီး Total သည် ၃၁ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် အများဆုံးရှယ်ယာထည့်ဝင်ထားပြီး ဦးစီးလုပ်ကိုင်နေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း MOGE နှင့် တွဲဖက်လုပ်ကိုင်နေသော နိုင်င့ခြားကုမ္ပဏီများအပေါ် တက်ကြွလှုပ်ရှားသူများက အပြင်းအထန်ဖိအားပေးကန့်ကွက်ခဲ့ပြီးနောက် MGTC တွင် ရှယ်ယာထည့်ဝင်ထားသူများအား အကျိုးအမြတ်ခွဲဝေပေးမှုကို ရပ်ဆိုင်းကြောင်း Total ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။   

နိုင်ငံခြားရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးများကို ဟန်ချက်ညီညီစုပေါင်း၍ အာဏာသိမ်းစစ်ကောင်စီထံ ၎င်းတို့လုပ်ငန်းမှရရှိသည့် အကျိုးအမြတ်များ ဆက်လက်ခွဲဝေမပေးတော့ရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုနေခြင်းဖြစ်သည်။ 

MGTC သည် မြန်မာ့ကမ်းရိုးတန်းအနီးတွင် လုပ်ကိုင်နေသော ရတနာကမ်းလွန်စီမံကိန်းမှရရှိသည့် ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ သွယ်တန်းပေးပို့နေပြီး ပြည်တွင်းသုံးအတွက် ရန်ကုန်မြို့ကိုလည်း ပေးပို့နေသည်။ ထိုလုပ်ငန်းမှာ စီးပွားရေးအရ အလွန်အမင်း အကျိုးအမြတ်များဖြစ်ထွန်းနေသည်။ 

အခွန်ရှောင်ရန် ရည်ရွယ်ချက်ဖြင့် မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲရှိ ဘာမူဒါကျွန်းနိုင်ငံတွင် ရုံးစိုက်ထားသော MGTC ကုမ္ပဏီ၏ စီးပွားရေးဆိုင်ရာအချက်အလက်များကို နှစ်ပေါင်း ၂၀ ကြာ လျှို့ဝှက်ထားခဲ့ရာ Distributed Denial of Secrets ဆိုသော အရပ်ဘက်အဖွဲ့အစည်းတစ်ခုက ယခုနှစ်တွင် ထိုအချက်အလက်များကို ထုတ်ဖော်နိုင်ခဲ့သည်။ 

၎င်းအချက်အလက်များကို Justice for Myanmar တက်ကြွလှုပ်ရှားသည့်အဖွဲ့နှင့် ဗြိတိန်နိုင်ငံအခြေစိုက် သတင်းစာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Finance Uncovered တို့ ပူးပေါင်းပြီးလေ့လာရာ ၂၀၁၉ မတိုင်မီ သုံးနှစ်တာကာလအတွင်း MGTC အမြတ်ငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၇၂ ဖြစ်ကြောင်း တွေ့ရှိရသည်။ 

MGTC တွင် ၁၅ ရာခိုင်နှုန်းရှယ်ယာပါသော MOGE သည် ထိုသုံးနှစ်တာကာလ၏ တစ်နှစ်ချင်းစီအလိုက် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၃၆ သန်း ရရှိခဲ့ကြောင်း တွေ့ရှိရသည်။ ထိုပမာဏအားဖြင့် ရတနာကမ်းလွန်စီမံကိန်းမှ ရရှိသော အမြတ်ငွေများကို မြန်မာစစ်တပ်ထံ ထပ်မံမစီးဆင်းရန် Total က ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။ 

ယခုကဲ့သို့ Total ကုမ္ပဏီဆုံးဖြတ်ချက်ချမှတ်မှုကြောင့် မြန်မာစစ်တပ်အပေါ် မည်သည့်အချိန်တွင် ငွေကြေးဆိုင်ရာအရ ရိုက်ခတ်မှုသက်ရောက်မည်လဲဆိုသည်မှာမူ ရှင်းလင်းမှု မရှိပေ။ 

Total ၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သည့်လမှစ၍ မြန်မာသို့ အမြတ်ငွေများဆက်မပေးတော့ဟု ဆိုသည်။ လွန်ခဲ့သည့် ဧပြီလသည် မြန်မာနိုင်ငံတွင် ငွေကြေးနှစ်၏ အစပထမလဖြစ်ပြီး၊ အမြတ်ငွေများကိုမူ မြန်မာငွေကြေးနှစ်၏ အဆုံးပိုင်းကာလ သို့တည်းမဟုတ် နှစ်လယ်တွင် ပေးအပ်လေ့ရှိကြောင်း Total က ဆိုသည်။ 

ယခုဆုံးဖြတ်ချက်မှာ ရတနာစီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို သယ်ယူပို့ဆောင်သည့် လုပ်ငန်းမှရရှိသည့် အကျိုးအမြတ်များသာဖြစ်ပြီး၊ ထိုစီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ရောင်းချရာမှ ရရှိလာသည့် ပိုမိုများပြားသည့် အကျိုးအမြတ်များကိုမူ သက်ရောက်မှုရှိမည် မဟုတ်ပေ။ 

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ ပြည်သူများအတွက် မရှိမဖြစ်အရေးကြီးသည့် လျှပ်စစ်ဓာတ်အားမပြတ်တောက်သွားရန် သက်ဆိုင်သည့် ဥပဒေများနှင့်အညီ သဘာဝဓာတ်ငွေ့ကို ဆက်လက်ထုတ်လုပ်နေဦးမည်ဖြစ်ကြောင်း Total ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်ကတည်းက ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့သည့် ပြင်သစ်ရေနံကုမ္ပဏီကြီး Total က လက်ရှိတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းဖြစ်သည့် ရတနာစီမံကိန်းတွင် အော်ပရေတာအဖြစ် လုပ်ကိုင်လျက်ရှိသည်။ 

ရတနာကမ်းလွန်စီမံကိန်းမှ နေ့စဉ်ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ပြည်တွင်းသုံးအတွက်လည်း ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ 

Total သည် မြန်မာနိုင်ငံတွင် ရတနာကမ်းလွန်စီမံကိန်းအပြင် ရခိုင်ကမ်းလွန်ရှိ A-6 လုပ်ကွက်တွင်လည်း ရင်းနှီးမြှုပ်နှံထားပြီး မုတ္တမပင်လယ်ပြင်ရှိ ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၄ ခုကိုလည်း လုပ်ကိုင်ခွင့်ရရှိထားသည်။

မြန်မာကို အမြတ်ငွေများရပ်ဆိုင်းရန် Total ၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံရှိ စွမ်းအင်နှင့် အခြားနိုင်ငံတကာလုပ်ငန်းများနှင့် ဆက်စပ်နေသော စီးပွားရေးကဏ္ဍများတွင် အလားတူ သက်ရောက်မှုများဖြစ်ပေါ်လာနိုင်စေသည်။ ထိုသို့ဖြစ်ပေါ်လာပါက စစ်တပ်အတွက် ကြီးမားသည့် စီးပွားရေးစိန်ခေါ်မှုများဖြစ်လာမည်ဖြစ်သည်။ 

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် Total နည်းတူ မလေးရှားနိုင်ငံပိုင် Petronas၊ ထိုင်းနိုင်ငံပိုင် PTT နှင့် တောင်ကိုရီးယားနိုင်ငံမှ POSCO တို့က အော်ပရေတာအဖြစ် လုပ်ကိုင်လျက်ရှိပြီး အခြားနိုင်ငံတကာရေနံကုမ္ပဏီများကလည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးနှင့် တူးဖော်ရေးလုပ်ငန်းများတွင် ပါဝင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။ 

မကြာသေးမီက Myanmar Now သတင်းဌာနက ထုတ်ခဲ့သော သတင်းတစ်ပုဒ်အရ ရတနာစီမံကိန်းတွင် လုပ်ကိုင်နေသော ဝန်ထမ်းများက Total ကုမ္ပဏီက သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းကို ရပ်တန့်မှသာလျှင် စစ်တပ်၏ အကျိုးစီးပွားကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ 

ဤသတင်းအား ဗြိတိန်နိုင်ငံအခြေစိုက် Finance Uncovered သတင်းစာအဖွဲ့နှင့် Myanmar Now တို့ ပူးတွဲရေးသားသည်။ 

Show More

Related Articles

Back to top button