ကိုဗစ်ရောဂါကြောင့် ကျောင်းတစ်နှစ်ခန့်နားလိုက်ရချိန်တွင် အခြေအနေကောင်း၍ ကျောင်းပြန်ဖွင့်ပါက ဘွဲ့ယူစာတမ်းအတွက် အဆင်သင့်ဖြစ်စေရန် လေကြောင်းအင်ဂျင်နီယာကျောင်းသား ကိုဦး(အမည်လွှဲ)နှင့် သူငယ်ချင်းများက အွန်လိုင်းတွင်စု၍ သီအိုရီပိုင်းကို ဆွေးနွေးလေ့လာထားကြသည်။
လေကြောင်းအင်ဂျင်နီယာကျောင်းသားများအနေဖြင့် ပရောဂျက်ဟုခေါ်သည့် မောင်းသူမဲ့လေယာဉ်၊ ရဟတ်ယာဉ်၊ ငှက်တစ်ကောင်ကဲ့သို့ ပျံသန်းရသည့်ယာဉ်၊ Hexacopter၊ လေအားသုံးတာဘိုင် စသည့် မိမိတို့ကြိုက်နှစ်သက်ရာ ပညာရပ်ပိုင်းဆိုင်ရာ အသေးစား လက်တွေ့တီထွင်မှုတစ်ခုခုကို အဖွဲ့လိုက်ပြုလုပ်ပြီးမှသာ ဘွဲ့ရရေးအထောက်အကူဖြစ်နိုင်သည်။
ထို့ကြောင့် ကျောင်းပိတ်ထားချိန်တွင် ငှက်အစစ်ပုံစံဒရုန်း လက်တွေ့ပရောဂျက် အဆင်ပြေစေရန် ကိုဦးနှင့် ခုနှစ်ဦးပါ သူ၏ သူငယ်ချင်းအဖွဲ့ သီအိုရီပိုင်းကို အကျေအလည် ကြိုတင်ဆွေးနွေးထားခြင်းဖြစ်သည်။
သို့သော် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းလိုက်ပြီးနောက် ကစဉ့်ကလျားအခြေအနေများက ၎င်းတို့၏ အိမ်မက်များကို တိုက်စားသွားသည်။
အာဏာသိမ်းပြီး သုံးလကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးရသည့် ပြည်သူအရေအတွက် ၈၀၀ ဦးကျော်လာချိန်တွင် ဝီရိယထားဆည်းပူးနေသည့် လေကြောင်းအင်ဂျင်နီယာဘွဲ့ယူရေး လမ်းကြောင်းပေါ်မှ ဖယ်ခွာရန် ကိုဦးတို့အဖွဲ့ ဆုံးဖြတ်လိုက်သည်။
“အခုလိုမျိုး ဆရာဆရာမတွေကို ဖမ်းဆီးတာမျိုးတွေလုပ်နေတယ်၊ ကျောင်းသားတွေကိုလည်း ရိုက်နှက်သတ်ဖြတ်ဖမ်းဆီးတာမျိုးတွေ နေ့စဉ်နှင့်အမျှလုပ်နေလျက်နဲ့ ကျောင်းတွေကို ပုံမှန်အတိုင်းလည်ပတ်လိုတဲ့ သူတို့ရဲ့အောက်တန်းကျတဲ့ ပညာရေးစနစ်အောက်မှာ ဘယ်လိုမှ ကျောင်းတက်ချင်စိတ် မရှိဘူး”ဟု ကိုဦးက ပြောသည်။
မေလဆန်းတွင် ပြန်ဖွင့်သည့် လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် ကိုဦးတို့အပြင် မည်သည့် ကျောင်းသူကျောင်းသားမျှ မတက်ဘဲ ၎င်းတို့၏ အနာဂတ်နှင့်ပင် လဲ၍ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြသလိုက်ကြသည်။
ပုံမှန်အားဖြင့် အဆိုပါတက္ကသိုလ်၏ စာသင်နှစ်တစ်ခုအတွင်း ပထမနှစ်မှ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၅၀ ဦးခန့် တက်ရောက်လေ့ရှိကြောင်း ကိုဦးက ပြောသည်။
သူတို့တက္ကသိုလ်တွင် ကျောင်းသားတွေချည်းသာ စစ်ကောင်စီကို ဆန့်ကျင်ကြသည်မဟုတ်။
ပါမောက္ခချုပ် ဒေါက်တာကြည်သွင်အပါအဝင် ဆရာ၊ဆရာမနှင့် ကျောင်းဝန်ထမ်းစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ စစ်ကောင်စီ၏လက်အောက်တွင် တာဝန်ထမ်းဆောင်ရန် ဆန္ဒမရှိ၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားကြသည်။
ပါချုပ်ဒေါက်တာကြည်သွင်ဆိုလျှင် စစ်ကောင်စီက အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကဖြင့်ပင် အမှုဖွင့်ထားသဖြင့် တိမ်းရှောင်နေရသည်။
“ဒီစစ်ကျွန်ပညာရေးစနစ်အောက်မှာ ဘယ်သူမှ ကျောင်းမသွားချင်ကြဘူး။ ၉၀ ရာခိုင်နှုန်းကျော်က CDM ရှိတယ်။ ကျန်တဲ့ဟာက ဆက်သွယ်လို့မရဘူး။ တစ်ယောက်တစ်လေ ကျောင်းတက်ချင်တာရှိပေမယ့် ကျောင်းတော့မလာကြဘူး” ဟု ကိုဦးက ပြောသည်။
ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာခဲ့သည့် သူ့သား၏ ဆုံးဖြတ်ချက်ကို လေးစားကြည်ဖြူစွာ လက်ခံပေးထားသည်ဟု ကိုဦး၏ ဖခင်ကလည်း ပြောသည်။
“သူ့ရဲ့သဘောဆန္ဒကို ကျွန်တော်တို့က ဦးစားပေးထားတာပါ၊ မကန့်ကွက်ပါဘူး။ သူတို့က ကျွန်တော်တို့နဲ့စာရင် အတွေ့အကြုံဗဟုသုတ အများကြီးရှိတော့ သူတို့ဆန္ဒကို ဦးစားပေးတာပါ” ဟု ၎င်းက ဆိုသည်။
လေကြောင်းနှင့် အာကာသတက္ကသိုလ်ကဲ့သို့ပင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်နှင့် ကောလိပ်များ၌လည်း စစ်ကောင်စီလက်ထက်ဖွင့်သော အတန်းများကို အများစုက မတက်ရောက်ဘဲ သပိတ်မှောက်နေသည်။
သမိုင်းအစဉ်အလာကြီးသည့် ရန်ကုန်တက္ကသိုလ်တွင် ကျောင်းဖွင့်ချိန်၌ ကျောင်းသား အယောက် ၁၀၀ တက်ရောက်နေပြီး ယင်းတို့အနက် ၃၃ ဦးမှာ ပါရဂူဘွဲ့ကြိုသင်တန်းသားများဖြစ်သည်ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏စာရင်းက ဆိုသည်။
ကျန် ၆၇ ဦးသော ကျောင်းသားများမှာ အထူးပြုဘာသာရပ်ပေါင်းစုံ၊ စာသင်နှစ်ပေါင်းစုံတွင်ရှိသည့် စုစုပေါင်းကျောင်းသားဦးရေ၏ ငါးရာခိုင်နှုန်းသာရှိကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုအောင်ကောင်းဆက်က ပြောသည်။
“ကျောင်းသားတွေလည်းမရှိဘူး။ ဆရာ၊ ဆရာမ အများအပြားကို တာဝန်ကရပ်ဆိုင်းတဲ့အပေါ်မှာ တက္ကသိုလ်ဆိုတဲ့နေရာကိုပဲ ယူထားပြီးတော့မှ တကယ့်တက္ကသိုလ်ရဲ့ အနှစ်သာရမရှိတဲ့ နေရာတစ်ခုပဲ”ဟု ၎င်းက ပြောသည်။
ရန်ကုန်တက္ကသိုလ်နည်းတူ အခြားတက္ကသိုလ်ကျောင်းသားသမဂ္ဂများကလည်း ၎င်းတို့၏ Facebook စာမျက်နှာများမှ သတင်းထုတ်ပြန်နေပြီး အချို့မေဂျာများ၌ ကျောင်းသားတစ်ဦးမျှ မတက်ကြဘဲ အများဆုံးတက်ရောက်သည်ဆိုသော တက္ကသိုလ်၊ ကောလိပ်များတွင်လည်း စုစုပေါင်းကျောင်းသားဦးရေမှာ ရာခိုင်နှုန်းအားဖြင့် နည်းပါးကြောင်းတွေ့ရသည်။
စစ်ကောင်စီ၏ ရွှေ့ကွက်
CDM တွင် ကျောင်းသူကျောင်းသားများရော ဆရာဆရာမများပါ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားချိန်တွင် စစ်ကောင်စီဖက်ကလည်း ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်များကို အပြောင်းအလဲလုပ်ကာ တက္ကသိုလ်အုပ်ချုပ်ရေးကို ၎င်းတို့ လက်ထဲ ဆွဲသွင်းရန် လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုအောင်ကောင်းဆက်က ပြောသည်။
သို့သော် စစ်ကောင်စီ၏ လုပ်ရပ်မှာ တရားနည်းလမ်းမကျ၍ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများက တက္ကသိုလ်ကောင်စီကို သီးခြားဖွဲ့စည်းကာ တက္ကသိုလ်စီမံခန့်ခွဲရေးကို ဆက်လုပ်သွားမည်ဟု ကိုအောင်ကောင်းဆက်က ဆိုသည်။
ဤသို့ဖြင့် မေလ ၁၁ ရက်အထိ ပေါ်ပေါက်လာသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံ ၅၃ ခု၏ ကြားကာလတက္ကသိုလ်ကောင်စီများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အသိအမှတ်ပြုထားပြီးဖြစ်သည်။
“စစ်ကျွန်ပညာရေးကို အမြစ်လှန်ပြီး ပြုပြင်ပြောင်းလဲရမယ်၊ သုတေသနကို အခြေပြုတဲ့ ပညာရေးရပ်ဝန်းကို ဖော်ဆောင်ရမယ်” ဟု ၎င်းက ပြောသည်။ အာဏာ မကြာခဏသိမ်းယူခံရပြီး စစ်တပ်အုပ်ချုပ်မှုအောက်၌ ကာလရှည်ရှိနေသည့်နိုင်ငံတွင် ပညာရေးဘတ်ဂျက်ကို စစ်အသုံးစရိတ်အောက် အစဉ်အမြဲ အဆပေါင်းများစွာ လျော့ကျသုံးစွဲတတ်သည့် အလေ့အထကို ဦးစွာပြင်ဆင်ရမည်ဟု ကိုအောင်ကောင်းဆက်က ယူဆသည်။
စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ၎င်းတို့လက်ထက် သင်ရိုးညွန်းတမ်းများ ပြောင်းလဲထားခြင်းမရှိ၍ “စစ်ကျွန်ပညာရေး”ဟူ၍ ပြည်သူတို့ရည်ညွှန်းပြောဆိုမှုများကို နေပြည်တော်တွင် မေ ၁၆က ပြုလုပ်သည့် သတင်းစာရှင်း၌ မေးခွန်းထုတ်ခဲ့သည်။
ထို့အတူ ယင်းမတိုင်မီ ဧပြီ ၁၀ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင်လည်း “CDM လှုပ်ရှားမှုကို နိုင်ငံဖျက်သည့် လှုပ်ရှားမှု”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ရည်ညွှန်းပြောဆိုခဲ့ဖူးသည်။
လက်တွေ့တွင်လည်း CDM တွင် ပါဝင်နေသည့် တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမနှင့် ရုံးပိုင်းဆိုင်ရာဝန်ထမ်းဦးရေ တစ်သောင်းနီးပါးကို စစ်ကောင်စီက အလုပ်မှ ယာယီထုတ်ပယ်သည်ဟု ကြေညာထားသည်။
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်အများစုအပါအဝင် တက္ကသိုလ်နှင့် ကောလိပ် ၈၈ ခုမှ CDM ဝန်ထမ်း တစ်သောင်းခန့်ကို ခွင့်မဲ့ပျက်ကွက်မှုဖြင့် မေလ ၅ ရက်ကစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်ဟု ဆိုသည်။
ယာယီထုတ်ပယ်ခံရသည့် ဝန်ထမ်းများတွင် သင်ကြားရေးပိုင်းမှ ၈,၃၀၀ ကျော်နှင့် ရုံးပိုင်းဆိုင်ရာဝန်ထမ်း ၁,၅၀၀ ခန့် ပါဝင်ပြီး ပါမောက္ခမှစ၍ ကျောင်းလုံခြုံရေး၊ သန့်ရှင်းရေးအဆုံး ရာထူးတာဝန်မျိုးစုံပါဝင်သည်။
“ဥပဒေအရဆိုလို့ရှိရင် ယာယီရပ်ဆိုင်းပြီးရင် ဝန်ထမ်းကို ခုံရုံးဖွဲ့ပြီးစစ်တာ။ အဲဒီစစ်တဲ့ဆီမှာ ကိုယ်က နေမကောင်းလို့ပါ၊ ဘာဖြစ်လို့ပါ၊ ခွင့်တင်ဖို့အဆင်မပြေလို့ပါ ဆိုတဲ့ဟာကို သူတို့က ကျေနပ်တယ်ဆိုရင် အရေးမယူဘူး၊ ပြန်ဝင်ပေါ့။ တကယ်လို့ ကိုယ်က သွားမရှင်းဘူးဆိုရင် အပြီးထုတ်တာဖြစ်သွားမယ်” ဟု မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ CDM ဆရာမတစ်ဦးက ပြောသည်။
ရေကြောင်းပညာတက္ကသိုလ်တွင် ဆရာ၊ ဆရာမ ၁၁၀ ကျော် ရှိသည့်အနက် ၅၀ ကျော် အလုပ်မှ ယာယီရပ်ဆိုင်းခံရပြီး ပါမောက္ခ/ဌာနမှူး တစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည်။
ဝန်ထမ်းများ ယာယီရပ်ဆိုင်းခံရသည့်စာရင်းကို CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ပါမောက္ခချုပ်နှင့် ဒုပါမောက္ခချုပ်များက လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်းဖြစ်ပြီး CDM ပါချုပ်၊ ဒုပါချုပ်များကိုမူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်မှတ်ရေးထိုး ထုတ်ပယ်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီလမှစ၍ CDM ပါချုပ်၊ ဒုပါချုပ်နှင့် ပါမောက္ခများကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်နေပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အခန်း(၁၆)၊ အပိုဒ် ၁၇၃ (က) အရ ၎င်းတို့ကို တာဝန်မှ ယာယီရပ်ဆိုင်းထားသည်ဟု ကြေညာထားသည်။
CDM ပါဝင်မှုကြောင့် အနည်းဆုံး ပါမောက္ခချုပ် ၁၁ ဦး၊ ဒုပါမောက္ခချုပ် ၂၄ ဦးနှင့် တာဝန်ခံပါမောက္ခချုပ် ၁ ဦးမှာ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ခံထားရပြီး ဧပြီလ ၁ ရက်မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းခံရသည်။
ယခုတဖန် ထုတ်ပယ်ခံရသည့် ရာထူးအဆင့်မျိုးစုံပါဝင်သော ဝန်ထမ်း တစ်သောင်းခန့်စာရင်းသည် သက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများထုတ်ပြန်ချက်နှင့် ဆရာ၊ ဆရာမများထံမှ လက်လှမ်းမီသလောက် Myanmar Now က ရှာဖွေရရှိထားသည့် စာရင်းသာဖြစ်သည်။
စာရင်းမရရှိသေးသည့် ကျောင်းအမြောက်အမြား ကျန်ရှိနေသေးသဖြင့် တက္ကသိုလ်နှင့် ကောလိပ်များ၌ ထုတ်ပယ်ခံရသူ ဝန်ထမ်းအရေအတွက်မှာ ယခုထက် ပိုမိုလာဖွယ်ရှိသည်။
ပညာရေးဝန်ကြီးဌာနလက်အောက်တွင် တက္ကသိုလ်၊ ကောလိပ် ၈၇ ခု ရှိပြီး ရန်ကုန်တက္ကသိုလ်နှင့် အခြားသောဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ် စသဖြင့် ပါဝင်သည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တို့ကိုမူ အခြားသော သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လက်အောက်တွင်ထူထောင်ထားသည်။
ဆရာ၊ ဆရာမတချို့ကမူ ယခုကဲ့သို့ အလုပ်ထုတ်ခံရ၊ အမှုဖွင့်တရားစွဲခံရသည့် အခြေအနေမတိုင်မီကတည်းကပင် တက္ကသိုလ်နှင့် ကောလိပ်အင်္ဂါရပ်နှင့်မညီ၊ အနှစ်သာရနှင့်မဆီလျော်သည့် ဖိနှိပ်အုပ်ချုပ်မှုများ ရှိခဲ့ပြီးဖြစ်၍ အထူးအဆန်းတော့မဟုတ်ဟု ဆိုကြသည်။
ရှိနှင့်ပြီးသည့် စစ်ကျွန်ပညာရေး
ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်မရှိ၊ ပြည်သူ့ဘဏ္ဍာဖြင့် စားရိတ်ငြိမ်း ကျောင်းတက်ခွင့်ရပြီး နိုင်ငံတော်ကို သစ္စာစောင့်သိရမည်ဟု နေ့စဉ်အဓိဋ္ဌာန်ဆိုရကာ စစ်တပ်ကဲ့သို့ အကြောက်တရားဖြင့် အုပ်ချုပ်ခံရသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်(စစ်ကိုင်း)ဆိုလျှင် စစ်တက္ကသိုလ်ကဲ့သို့ အုပ်ချုပ်မှုပုံစံမျိုး ရှိနှင့်ပြီးဖြစ်ကြောင်း ဆရာ၊ ဆရာမတချို့က ပြောသည်။
ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း အာဏာသိမ်းပြီး နှစ်နှစ်အကြာတွင် တည်ထောင်ခဲ့သည့် ယင်းတက္ကသိုလ်သည် ပညာရေးဘွဲ့ (B.Ed) များပေးအပ်နေပြီး ၂၀၁၂ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအောက် ရောက်ခဲ့သည်။
ဒို့တာဝန်အရေးသုံးပါးကို လိုက်နာပြီး ပါတီနိုင်ငံရေးကင်းရှင်းပါမည်ဟု ခံဝန်လက်မှတ်ရေးထိုးပြီးမှ ကျောင်းတက်ခွင့်ရသည့် အဆိုပါတက္ကသိုလ်တွင် အစဉ်အဆက် ပါမောက္ခချုပ်များမှာ စစ်တပ်အရာရှိဟောင်းများဖြစ်သည်။
လုပ်သက် နှစ် ၂၀ ခန့်ရှိ အထက်ပါဆရာမတစ်ဦးသည် ဖေဖော်ဝါရီလ ၈ ရက်နေ့ကစ၍ အလုပ်မဆင်းဘဲ အဆောင်တွင်နေကာ CDM လုပ်ခဲ့သည်။ သို့သော်လည်း ဝန်ထမ်းချေးငွေ နှစ်လစာ ပြန်ဆပ်ခိုင်းပြီး အခြားဖိအားပေးမှုများကြောင့် လကုန်ပိုင်းတွင် လုံခြုံရေးတင်းကျပ်နေသည့်ကြားမှ ကျောပိုးအိတ်တစ်လုံးဖြင့် အဆောင်မှ တိတ်တဆိတ်ထွက်ခဲ့ရသည်။
“ဌာနမှူးကပြောတယ်၊ မတရားဘူး တရားတယ် အချိန်တန်ရင်ပေါ်လာမှာပဲတဲ့၊ တစ်နှစ်ဆိုတာလေး (အာဏာသိမ်းစဉ်က စစ်ကောင်စီပြောသည့်အချိန်ကာလ)ကို နေလိုက်ပေါ့။ တစ်နှစ်ဆိုလည်း မနေနိုင်ပါဘူးလို့။ ဌာနထဲမှာ နိုင်ငံရေးအကြောင်းမပြောရဘူး၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပိုစ့်မတင်ရဘူး အဲဒါတွေ လာတယ်။ လက်မှတ်ထိုးခိုင်းတယ်” ဟု အထက်ပါဆရာမက ပြောသည်။
ယခင်က ကိုဗစ်ရောဂါကြောင့် နှစ်သုတ်ခွဲ၍ တစ်လှည့်စီ ကျောင်းတက်ခိုင်းရာမှ အာဏာသိမ်းပြီးချိန်မှစ၍ အားလုံးကို အတင်းအကျပ်ကျောင်းတက်ခိုင်းခြင်း၊ လက်ဗွေနှိပ်ခိုင်းခြင်းများဖြင့် တင်းကြပ်၍ ၎င်း၏ တက္ကသိုလ်တွင် CDM မရှိဟု ပါချုပ်က စစ်ကောင်စီကို သက်သေပြနေကြောင်း ၎င်းက ဆက်ပြောသည်။
အဆောင်မှ ထွက်ခွာလာပြီးနောက် မတ်လတွင် ၎င်းနှင့်အတူ အခြားသော ဆရာ၊ ဆရာမ ၁၁ ဦးကို စစ်ကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရသော်လည်း နဂိုကပင် တင်းကျပ်စွာကိုင်တွယ်တတ်သည့် သဘောရှိပြီးဖြစ်၍ သတင်းအမှောင်ချခံရ၊ ဖုံးဖိခံရမှုများရှိခဲ့ကာ ၎င်းတို့၏ CDM သတင်းမှာ ပျံ့နှံ့မှု မရှိခဲ့ပေ။
ပါမောက္ခချုပ်အပါအဝင် စီမံအုပ်ချုပ်ရေးပိုင်းမှ ထိပ်ပိုင်းဝန်ထမ်းများသည် စစ်တပ်အရာရှိဟောင်းများဖြစ်ပြီး သင်ကြားရေးပိုင်းတွင်လည်း စစ်တပ်ထွက်အချို့ပါဝင်ကာ ဌာနတိုင်းနီးပါးတွင် စစ်တပ်အဆက်အနွယ် အများအပြားရှိကြောင်း၊ ကျောင်းသားဦးရေစုစုပေါင်း၏ ထက်ဝက်ခန့်သည်လည်း စစ်တပ်အသိုင်းအဝိုင်းမှဖြစ်ကြောင်း CDM ဆရာမအချို့ထံမှ သိရသည်။
ထိုသို့ နှစ်ရှည်လများ လွန်စွာတင်းကျပ်ထားသည့် ကျောင်းတွင်ပင် ဆရာ၊ ဆရာမ အင်အား ၁၇၀ ဝန်းကျင်ရှိသည့်အနက် လက်ရှိအချိန်အထိ CDM လုပ်နေသူ ၃၅ ဦးပေါ်ထွက်ခဲ့ကြောင်း အဆိုပါ ဆရာမက ဆက်ပြောသည်။
ကျောင်းသူ၊ ကျောင်းသားအင်အားတွင်လည်း ပညာရေးဘွဲ့ ငါးနှစ်သင်တန်း နောက်ဆုံးနှစ်အတန်းတွင် စာရင်းရှိ ၃၀၂ ဦးအနက် CDM အရေအတွက်မှာ ၃၄ ဦး ရှိသည်။ အဆိုပါကျောင်းတွင် တက်ရောက်သူများမှာ ပညာသင်နှစ်ငါးနှစ်အတွင်း မြန်မာ့သိုင်းနှင့် စစ်သင်တန်းကို တစ်လ မဖြစ်မနေတက်ရပြီး ကျောင်းဖွင့်ရက်များတွင် လက်ကိုင်ဖုန်းသုံးစွဲခွင့်ပိတ်ပင်ခံရကြောင်း သိရသည်။
“ဒီကျောင်းရဲ့ သဘောသဘာဝက အပြင်တက္ကသိုလ်တွေနဲ့မတူဘူး။ နဂိုကတည်းကကိုမှ အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာပေါ့။ အပြင်တက္ကသိုလ်မှာ ပညာမာနလည်းရှိကြတယ်၊ လွတ်လပ်ခွင့်လည်းရှိကြတယ်၊ ပြောရေးဆိုခွင့်လည်းရှိကြတယ်။ ဒါပေမယ့် ဒီကဆရာတွေက အဲ့လိုမတွေးကြဘူး။ ဒီကပါချုပ်တွေ အဘတွေက ပေးလို့ရတဲ့ရာထူးတွေလို့ ထင်ကြတယ်။ နွားခြေရာခွက်ထဲက ဖားသူငယ်လေးတွေဖြစ်နေတာပေါ့” ဟု CDM ဆရာမက ပြောသည်။
ဘဝနှင့်ရင်း၍ တိုက်နေသည့်ပွဲ
အလုပ်ယာယီရပ်ဆိုင်းခံရသည့် ဆရာ၊ ဆရာမများသည် CDM လုပ်နေသည့် တက္ကသိုလ်နှင့် ကောလိပ် ကျောင်းသားများနည်းတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်မှုအောင်ပွဲရပါက ၎င်းတို့၏ ပညာရပ်နယ်ပယ်ကိုပါ ပြုပြင်ပြောင်းလဲနိုင်မည်ဆိုသော ရည်မှန်းချက်များ ရှိနေသည်။
“ကျွန်တော်တို့ နိုင်ရမယ်လို့ အာမခံတယ်၊ လုံးဝယုံကြည်ချက်ရှိတယ်။ ကျွန်တော်တို့ရဲ့ရာထူးက လက်ရှိ သေသွားတဲ့ သူရဲကောင်းတွေနဲ့စာရင် ဘာမှ မဟုတ်သေးဘူး။ အလုပ်က အချိန်မရွေးရှာလို့ရတယ်။ သေသွားတဲ့သူရဲ့ အသက်က ပြန်ရှာလို့မရဘူး” ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ CDM ဆရာတစ်ဦးက ပြောသည်။
စစ်ကောင်စီက ငြင်းပယ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း CDM ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၏ အလုပ်အကိုင်တည်မြဲရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ရန်အခွင့်အရေးတို့ မဆုံးရှုံးစေရဟု အာမခံထားသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အောင်မြင်၍ ပြည်သူ့အစိုးရပေါ်ပေါက်ချိန်တွင် CDM ဝန်ထမ်းများကို ပြန်လည်ခန့်အပ်ရန်၊ ကြားကာလတွင် လစာပေးနိုင်ရန်၊ အင်တာနက်မှတစ်ဆင့် ကျောင်းသူကျောင်းသားများကို ဘာသာရပ်ဆိုင်ရာများသင်ကြားပေးရန် NUG ၏ ပညာရေးဝန်ကြီးဌာနက စီစဉ်နေခြင်းဖြစ်သည်။
စစ်ကိုင်းမှ တက္ကသိုလ်တစ်ခုအခြေအနေ
ကျောင်းတက်သူ အများဆုံးသောတက္ကသိုလ်မှာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ဖြစ်သည်။ ထိုကျောင်း၏ ပဥ္စမနှစ်(နောက်ဆုံးနှစ်) သင်တန်းကို ဖွင့်လှစ်ခဲ့ရာ ကျောင်းတက်သူ ၃၀၂ ဦးအနက် ၂၇၆ ဦး တက်ရောက်ခဲ့သည်။
အခြားကျောင်းများနှင့် မတူသော အချက်မှာ ထိုတက္ကသိုလ်တက်သူများ ကျောင်းလခပေးရန် မလိုအပ်သည့်အပြင် နေစားရိတ်၊ စားစရိတ်ငြိမ်း တက်ရောက်ရခြင်းဖြစ်သည်။ ကျောင်းဝတ်စုံ၊ စာအုပ်စာတမ်းများလည်း အခမဲ့ရကြသည်။
ကျောင်းစစဖွင့်ချင်း CDM ကျောင်းသား ၃၄ ဦး ရှိသော်လည်း နောက်ဆုံးနှစ် ၂ လတက်ပြီးသည်နှင့် ဘွဲ့ရမည်ဟု မက်လုံးပေးသောကြောင့် ၂၆ ဦးသာ ကျန်ရှိတော့ကြောင်း နောက်ဆုံးနှစ်ကျောင်းသူတစ်ဦးထံမှ သိရသည်။
ပထမနှစ်မှ စတုတ္ထနှစ်အထိ အတန်းများမှာ မဖွင့်လှစ်ရသေးဘဲ ဂျူနီယာကျောင်းသားများ CDM ပြုလုပ်ကြရန်လည်း ဝိုင်းဝန်းတိုက်တွန်းသွားမည်ဟု အဆိုပါကျောင်းသူက ပြောသည်။
CDM ကျောင်းသား ၂၆ ဦးမှာ တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူမျိုးစုများဖြစ်ပြီး ကယားပြည်နယ်(ကရင်နီပြည်နယ်)က အင်အားအများဆုံးဖြစ်သည်။
“သူတို့က ဖိအားပေးတာများတယ်၊ တချို့က ဘွဲ့မရမှာကြောက်တော့ သွားတဲ့လူတွေများတယ်” ဟု ကရင်နီပြည်နယ်မှ ကျောင်းသားတစ်ဦးက ဆိုသည်။
“အမှားနဲ့အမှန်ကို ခွဲခွဲခြားခြားသိစေချင်တယ်၊ တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ဘဲ အများနဲ့ကြည့်စေချင်တယ်။ ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာတွေ စားနေတော့ ပြည်သူဘက် ရပ်တည်စေချင်တယ်” ဟု ကရင်နီပြည်နယ်မှ ကျောင်းသားက တိုက်တွန်းလိုက်သည်။