ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ် မိုင်းယွန်းဒေသ နမ့်ခုတ်မြစ်တလျှောက် မြေရှားနှင့် ရွှေတူးဖော်မှုများတွင် တရုတ်အစိုးရ ကျောထောက်နောက်ခံပြု China Investment Mining ကုမ္ပဏီ အဓိကပါဝင်ပတ်သက်နေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF)က ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
မိုင်းယွန်းဒေသကို “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကော်မရှင်တပ်တို့က ပူးတွဲထိန်းချုပ်ထားပြီး မြေရှားနှင့် ရွှေသတ္တု တူးဖော်ခွင့်ရရန် ထိုအဖွဲ့နှစ်ခုလုံးထံမှ ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဝ” တပ်ဖွဲ့က ထိုဒေသတွင် လူစိမ်းအဝင်အထွက် တင်းကျပ်ထားပြီး မြေရှားနှင့် ရွှေတူးဖော်မှုများကို ပွင့်လင်းမြင်သာစွာထုတ်ပြန်ခြင်းမရှိသော်လည်း ဂြိုဟ်တုဓာတ်ပုံများမှ ခြေရာခံနိုင်သလို China Investment Mining ကုမ္ပဏီ ပါဝင်ပတ်သက်မှုကို အတွင်းသတင်းပေးများထံမှ သိရကြောင်း ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သော ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောခွင့်ရ ယိင်းလျန်းဟန်က ပြောသည်။
“သေချာပေါက်ယုံကြည်စိတ်ချရတဲ့ အတွင်းသတင်းရင်းမြစ်ကနေမှ ကျွန်မတို့အနေနဲ့ ရတာရှင့်။ ဒီဟာ ဒီမှာပါတယ်၊ ပတ်သက်နေတယ်၊ သူတို့လုပ်နေတယ်ဆိုတာပေါ့” ဟု ၎င်းက ပြောသည်။
China Investment Mining ကုမ္ပဏီ၏ ၉၀ ရာခိုင်နှုန်းကို Shanghai Chijin Xiawu Metal Resources Co., Ltd. က ပိုင်ဆိုင်ထားသည်။ ထိုကုမ္ပဏီသည် အိမ်နီးချင်း လာအိုနိုင်ငံတွင် မြေရှားတူးရန် တရုတ်အစိုးရ ကျောထောက် နောက်ခံပြု Xiamen Tungsten Corporation နှင့် တရုတ်၏ အကြီးဆုံး ပုဂ္ဂလိက ရွှေထုတ်လုပ်သူ Chifeng Gold တို့က ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထူထောင်ခဲ့သည်ဟု သိရသည်။
China Investment Mining ကုမ္ပဏီ၏ ပါဝင်ပတ်သက်မှုကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို “ဝ”တပ်ဖွဲ့ပြောခွင့်ရ ဦးညီရန်းကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
မိုင်းယွန်းမြို့ပေါ်ကို စစ်ကော်မရှင်က ထိန်းချုပ်ထားပြီး ကျေးလက်ဒေသအများစုကို UWSA က ထိန်းချုပ်ထားသဖြင့် အဆိုပါဒေသ သတ္တုတူးဖော်မှုနှင့် ပတ်သက်သည့် အသေးစိတ် သတင်းအချက် အလက်များကို ရနိုင်ရန် ခက်ခဲနေသည်။
မိုင်းယွန်းဒေသတွင် မြေရှားသတ္တု တူးဖော်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည့် ယခုနှစ် မေလက တည်းက Myanmar Now က “ဝ”တပ်ဖွဲ့ပြောခွင့်ရ ဦးညီရန်းကို အွန်လိုင်းမှတဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိအချိန်အထိ ဖြေကြားခြင်း မရှိသေးပေ။
ထိုစဉ်ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့ တောင်ဘက် ရှိ မိုင်းယွန်းဒေသတွင် မြေရှားသတ္တုတွင်း ၂ ခုကို ဂြိုဟ်တုဓာတ်ပုံတွင် အထင်အရှားတွေ့ရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ပြောခဲ့သည် ။
ထိုင်းနယ်စပ်မှ ၃၀ ကီလိုမီတာအကွာ နမ့်ခုတ်မြစ်အထက်ပိုင်းတွင်တောင်စောင်းများကိုဖြို၍ ရွှေတိုးချဲ့ တူးဖော်နေသော လုပ်ကွက်များရှိပြီး မြစ်အနောက်ဘက်ကမ်းရှိ ရွှေသန့်စင်စက်ရုံတွင် ရွှေများသန့်စင်ကာ စွန့်ပစ်မြေနှင့် ဓာတုအကြွင်းကျန်များကို မြစ်အတွင်းသို့ စွန့်ပစ်ဖွယ်ရှိသည်ဟု သိရသည်။
ထို့ပြင် နမ့်ခုတ်မြစ်အနီး မြေရှားသတ္တုတွင်းနှစ်ခုမှာလည်း တိုးချဲ့မှုအသစ်များပြုလုပ်နေသည်ကို တွေ့ရပြီး တရုတ်ကုမ္ပဏီများအနေဖြင့် မြေရှားထုတ်လုပ်ရာတွင် တောင်စောင်းများအတွင်းသို့ ဓာတုပစ္စည်း ပမာဏအများအပြား ထိုးသွင်းရသည့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော ‘in-situ leaching’ နည်းလမ်း အသုံးပြုနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မြစ်ရေကြီးမှုမကြာခဏဖြစ်ပေါ်နေပြီး စိုက်ပျိုးမြေများတွင် နုန်းတင်ပျက်စီးမှုများ ပိုမိုဖြစ်ပေါ်လာကြောင်း ယိင်းလျန်းဟန်က ဆိုသည်။
“တရုတ်အစိုးရအနေနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ဒီဟာတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိသင့်တယ်” ဟု သူက ပြောသည်။
“နောက်တစ်ခုက စစ်ကောင်စီအနေနဲ့ကရော၊ သက်ဆိုင်ရာ EAO တွေအနေနဲ့ကရော ပြည်သူတွေပိုင်တဲ့ သယံဇာတကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိသော အုပ်ချုပ်ရေးစနစ်တစ်ခုမရမချင်းမှာ ဒီလိုမျိုး လုပ်တာတွေက ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေတာမျိုးဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ ရပ်တန့်စေချင်တယ်”
ယခုနှစ်အတွင်း ရှမ်အရှေ့ပိုင်းဒေသများကို သွားရောက်လေ့လာခဲ့သည့် သယံဇာတ စောင့်ကြည့်လေ့လာသူ အမျိုးသမီး နောက်တစ်ဦးကလည်း လက်လွတ်စပယ် သတ္တုတူးဖော်မှုများပိုမိုများပြားလာကြောင်း ပြောသည်။
“တော်တော်ဆိုးပါတယ်။ မြန်မာကုမ္ပဏီလုပ်ကွက်တွေကို တရုတ်တွေကိုရောင်းလိုက်ကြတာပါ။ လုပ်ချင် တိုင်းလုပ်နေတာပါ။ လမ်းဘေးမှာဆိုရင် ဆိုဒီယံဆိုက်ယာနိုက်ပုံးတွေဆိုတာ နေရာတိုင်းတွေ့ရတယ်” ဟု သူက ဆက်ပြောသည်။

မိုင်းဆတ်ခရိုင်မှ စီးဆင်းလာသော နမ့်ခုတ်မြစ်သည် ထိုင်းမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်ရှိ မြို့နယ် အချို့ကို ဖြတ်သန်း၍ မဲခေါင်မြစ်အတွင်းစီးဝင်သည်။ “ဝ” တပ်ဖွဲ့ထိန်းချုပ်သော မြစ်ဖျားပိုင်းတွင် ရွှေနှင့် မြေရှားတူးဖော်မှုများကြောင့် ရေညစ်ညမ်းမှု၊ ရေကြီးရေလျှံမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ အပြင်းအထန်ဖြစ်ပွားလျှက်ရှိသည်။
နမ့်ခုတ်မြစ် (Kok River) ရေကို ထိုင်းအာဏာပိုင်များက ယခုနှစ် ဧပြီလမှစ၍ နှစ်ပတ်တစ်ကြိမ် စစ်ဆေး လျက်ရှိရာ အာဆင်းနစ် (Arsenic) နှင့် ခဲဓာတ်ပါဝင်မှုသည် ဘေးကင်းလုံခြုံရေးစံနှုန်းများထက် ကျော်လွန်နေ သည် ဟု ဆိုသည်။ ထိုကြောင့် ထိုမြစ်ကို ကယ်တင်ရန် ထိုင်းဒေသခံနှင့် ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက တိုက်တွန်းမှုများရှိနေသည်။
တရုတ်အစိုးရသည် တရုတ်နိုင်ငံအတွင်း မြေရှားသတ္တုတူးဖော်မှုကို ၂၀၁၁ ခုနှစ် ဝန်းကျင်မှစ၍ တင်းကျပ်ထားခြင်းကြောင့် တရုတ်နယ်စပ်ရှိ ကချင်နှင့် ရှမ်းအရှေ့ကို ရွှေ့ပြောင်းလုပ်ကိုင်လာကြသည်ဟု သယံဇာတ တူးဖော်မှုစောင့်ကြည့်ရေးအဖွဲ့များက ဆိုသည်။
ရှမ်းအရှေ့တွင် အင်အားကြီးရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) တပ်ထိန်းချုပ်နယ်မြေတွင် မြေရှားသတ္တုတူးဖော်ထုတ်လုပ်နေမှု ယခုနှစ်အတွင်း ပိုမိုများပြားလာသည်ဟု ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်အဖွဲ့က ယခုနှစ် သြဂုတ်လ၊ ၂၅ ရက်နေ့ကလည်း ထုတ်ပြန်ထားသည်။
မြေရှားသတ္တုသည် လျှပ်စစ်ကား(EV)၊ လေစွမ်းအင်သုံးတာဘိုင်များ၊ စမတ်ဖုန်း၊ ကွန်ပျူတာနှင့် လျှပ်စစ် ပစ္စည်းများထုတ်လုပ်ရာတွင် အရေးပါသည်။
မြန်မာနိုင်ငံတွင် မြေရှားသတ္တုကို ရှမ်းအရှေ့၊ ထိုင်း-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေအချို့နှင့် တရုတ်-မြန်မာနယ်စပ် ကချင်တပ် (KIA) ထိန်းချုပ်ဒေသများတွင် တူးဖော် နေကြသည်။
ကချင်ပြည်နယ်အတွင်း တရုတ် ကုမ္ပဏီများ တူးဖော်နေသည့် မြေရှားသတ္တုတွင်းများသည် သဘာဝ ပတ်ဝန်းကျင်ကို အများအပြား ထိခိုက်စေခဲ့သည်။



