အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က ချင်းနှင့် ကလေးမြို့နယ်တောင်ပိုင်းကို အင်အားဖြည့် စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မြောက်ဘက် ချင်းပြည်နယ်အတွင်း စစ်တပ်က အင်အားဖြည့်၊ စစ်ကြောင်းထိုးခြင်းများပြုလုပ်နေသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက် စစ်တပ်က ယမန်နေ့မှ စတင်ကာ မြောက်ဘက် ချင်းပြည်နယ် နှင့် မြို့နယ်တောင်ဘက် ကျေးရွာများကို တပြိုင်နက် စစ်ကြောင်းထိုးနေပြီး ချင်းပြည်နယ် တီးတိန်တွင် လေကြောင်းမှ အင်အားဖြည့်နေကြောင်း ချင်းတော်လှန်ရေးအင်အားစုများက ပြောကြသည်။ 

ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်နေ့) တွင် ချင်းတောင်ပေါ်သို့ အင်အား အများအပြားဖြင့် စစ်ကြောင်းထိုး ခြင်းလာခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

“ချင်းပြည်နယ်ဘက်ကို ကလေးကနေ တက်လာပြီးတော့မှ တီးတိန်မြို့နယ်ထဲကိုစပြီးတော့ ဝင်နေတယ်။ မြေပြင်ကသူတို့က လက်နက်ကြီးတွေနဲ့လက်နက်ငယ်တွေနဲ့ အင်အားဖြည့်လာနေတယ်။ တီးတိန်မြို့ပေါ်မှာလည်း အင်အားတွေထပ်ပြီးတော့ချနေတယ်”ဟု ၎င်းက ဆိုသည်။ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တက်လာသည့် စစ်တပ်စစ်ကြောင်းကြောင့် လက်ရှိတွင် ဒေသခံအများစု ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်လမ်းကို လုံခြုံရေးအခြေအနေအရ ပိတ်ထားမည်ဖြစ်ကြောင်း  ချင်းတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် Civic Defense Militia (Siyin) စီးယင်းအဖွဲ့က ယမန်နေ့က ထုတ်ပြန် ထားသည်။ 

တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ချင်းပြည်နယ်တွင် စစ်ကော်မရှင်သည်  နယ်မြေထက်ဝက်ကျော် လက်လွှတ်ထားရသည်ဖြစ်ရာ ယခုနှစ် မေလဒုတိယပတ်အတွင်း ချင်းပြည်နယ်မြောက်ပိုင်းကို  စစ်တပ် စစ်ကြောင်းထိုးရန် ကြိုးပမ်းခဲ့သေးသည်။

ထိုစဉ်က  ချင်းတော်လှန်ရေးပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တစ်လခွဲကျော် တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီးနောက် စစ်တပ်က ကလေးမြို့ဘက်သို့  ပြန်လည်ဆုတ်သွားသည်။

ယခု ရွေးကောက်ပွဲနီးကပ်လာချိန် ချင်းပြည်နယ်မြောက်ပိုင်းသို့ အင်အားအလုံးအရင်းဖြင့် တကျော့ပြန် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ထိုစစ်ကြောင်းမှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာမှတဆင့် ချင်းပြည်နယ်ဘက် ဆက်လက် ဦးတည်နိုင်သော်လည်း ရွေးကောက်ပွဲ လုပ်မည့်ဟု ကြေညာထားသည့် တီးတိန် သို့မဟုတ် တော်လှန်ရေး အဖွဲ့များ ထိန်းချုပ်သည့် ဖလမ်းမြို့တို့ တွင် မည်သည့်ဘက်သို့ ဦးတည်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ချင်းတော်လှန်ရေးအဖွဲ့များက သုံးသပ်သည်။ 

ချင်းပြည်နယ်တွင် မြို့နယ် ကိုးခုအနက် မြို့တော် ဟားခါး၊ ထန်တလန်နှင့် တီးတိန်မြို့တို့ကိုသာ စစ်တပ် က ထိန်းချုပ်ထားနိုင်ပြီး ဟားခါးနှင့် တီးတိန်မြို့တို့တွင် ရွေးကောက်ပွဲအပိုင်း(၁) ပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။

အမှတ် (၂၆၉) ခြေလျင်တပ်ရင်း အခြေစိုက်ရာ တီးတိန်မြို့ပေါ်ကို အောက်တိုဘာလ ၂၆ ရက်နေ့ကစပြီး လေကြောင်းမှ အင်အားဖြည့်တင်းမှုများ နှစ်ရက်ဆက် လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ခန့်မှန်းတာကတော့ အရင်ကရှိတာက ၂၀၀ ကျော် လောက်တော့ရှိတယ်။ အခုက ရဟတ်ယာဉ် ၁၀ စီး လောက်ဆိုတော့လေ တစ်စီးမှာ ၂၀၊ ၃၀ ပတ်ဝန်းကျင်လောက်စီးလို့ရမယ်ဆိုရင် အယောက် ၃၀၀ လောက် ရှိမယ်။အဲ့ဒါကြောင့် ၆၀၀ ပတ်ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ အင်အားအလုံးအရင်းနဲ့ ဖြည့်လာတာ ဒီကာလမှာတော့ ပထမဆုံးပါပဲ” ဟု တီးတိန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။ 

ရွေးကောက်ပွဲလုပ်မည့် မြို့တော်ဟားခါးတွင်လည်း စစ်တပ်က လေကြောင်းမှ အင်အားဖြည့်တင်းမှုများ ရှိနေကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF Hakha က ယနေ့ ထုတ်ပြန် ထားသည်။

ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန် မြေပြင်စစ်ကြောင်း၊ လေကြောင်းမှအင်အားဖြည့်တင်းမှု သာမက ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံမြို့နယ်တို့တွင် အောက်တိုဘာလ ဒုတိယပတ်မှ စပြီး စာသင်ကျောင်းများအပါအဝင် အရပ်သားပစ်မှတ်များပါမချန် လေကြောင်း တိုက်ခိုက်မှုများ လုပ်နေသည်။ 

ယမန်နေ့ကလည်း ချင်းအမျိုးသားတပ်မတော်၏ ဌာနချုပ်တည်ရှိရာ ဗစ်တိုရီးယားကမ့်ကို လေကြောင်း ကင်းထောက်ပျံဝဲမှုများရှိကြောင်း ဆလိုင်းထက်နီက ပြောသည်။ 

ချင်းတောင်၊ စစ်ကိုင်းနယ်စပ် တွင် စစ်ကြောင်းလှုပ်ရှားမှုပြမြေပုံ ။

ကလေးမြို့နယ် တောင်ပိုင်းကိုလည်း စစ်ကြောင်းတစ်ခုထိုးနေ

ကလေးမြို့၊ နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်တပ်က ကလေးမြို့ တောင်ဘက်ရှိ ကလေး – ဂန့်ဂေါလမ်းပေါ် ကျေးရွာများသို့ ယမန်နေ့မှ စတင်ပြီး စစ်ကြောင်းထိုးလာရာ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပြီး ကျွန်းချောင်းရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါစစ်ကြောင်းသည် ရှေ့ဆက်တိုးနေပြီး ယနေ့ နံနက်တွင် ထောက်ကြန့်ကျေးရွာကို မီးရှို့နေကြောင်း ၎င်း တို့က ဆိုကြသည်။ 

ဒေသခံအများစု ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် ကျွန်းချောင်းနှင့် ထောက်ကြန့်ရွာ တို့မှ နေအိမ်ပျက်စီးမှုအခြေအနေ အသေးစိတ်အား မသိရသေးပေ။ 

“ကလေးတောင်ပိုင်းရွာအားလုံးလိုလိုရှောင်နေရတယ်။ အခုလည်းပဲ ကျွန်တော်တို့လည်း အကုန်လုံး ရှောင် ကြတယ်။ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့တောက်လျှောက်သွားနေတာ။ စပါးက မသိမ်းရသေးဘူး။ တချို့က မှည့်ခါနီးနေပြီ။ ရိတ်သိမ်းဖို့ အချိန်နီးလာပြီ”

“ ၁၁ လပိုင်းဆို ရိတ်သိမ်းဖို့ စတော့မှာ ဒီစစ်ကြောင်းတွေနဲ့ဆိုတော့ စပါးရိတ်သိမ်းဖို့ကမဖြစ်နိုင်တော့ဘူး။ ရက်ကျော်သွားရင် ရိတ်လို့တော့ အထွက်နှုန်းတွေက ကျသွားမှာ။ အခုက ရိတ်သိမ်းချိန် ကပ်နေပြီ”ဟု ကလေးမြို့နယ်မှ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။ 

အထက်ပါ စစ်ကြောင်းအန္တရာယ်ကြောင့် ကလေးတောင်ပိုင်းမှ ကျွန်းချောင်း၊ ရေပြာချောင်း၊ လေးအိမ်စု၊ သုံးအိမ်စု၊ ရှားတော၊ စက္ကန့်၊ ကြာအင်း၊ နတ်ချောင်း၊ ချောင်းခွ ၊ တင်သား၊ မှန်တော၊ အောင်သာယာ၊ အောင်မင်္ဂလာ စသည့် ရွာ ၁၃ ရွာထက်မနည်းမှ ဒေသခံ ငါးသောင်းခန့်သည် ဘေးလွတ်ရာ ထွက်ပြေးနေရသည်။ 

“ အရေးပေါ် ထွက်ပြေးရတော့ မိုးကာ၊ ဆေးဝါးနဲ့ ဆန်တွေ လိုအပ်နေတာပေါ့”ဟု ကလေးမြို့နယ်မှ စစ်ရှောင်အရေးကူညီနေသည့် အမျိုးသားတစ်ဦးကလည်း ပြောသည်။ 

ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည့် ကလေးမြို့နယ်တွင် စစ်တပ်က နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ကြိုးပမ်းနေပြီး မြို့မြောက်ပိုင်းရော၊ တောင်ပိုင်းရော ဆက်တိုက်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ 

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များတွင် နယ်မြေပြန်လည် စိုးမိုး နိုင်ရေးနှင့် အရေးကြီးသည့် လမ်းပိုင်းများကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းတွင် စစ်တပ်က အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေသည်။ 

လာမည့် ဒီဇင်ဘာလကုန်ပိုင်းကစပြီး စစ်တပ်ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပရန် ပြင်ဆင်နေပြီး တော်လှန်ရေးအင်အားစုများက ဆန့်ကျင်ကန့်ကွက်ထားသည်။

“ရွေးကောက်ပွဲရဲ့အကျိုးဆက်က ဒီထက်ပိုပြီးတော့ဆိုးသွားတဲ့အခြေအနေပဲရှိမှာ။ နိုင်ငံရေးပြဿနာကို သူကပဋိပက္ခကို ပိုပြီးတော့ ဆိုးရွားစေမယ့်လုပ်ရပ်ဖြစ်တဲ့အတွက် ပြည်သူလူထုတွေ ကောင်းကောင်း သတိထားကြဖို့ပဲ မေတ္တာရပ်ခံချင်တယ်” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလကို ယနေ့ (အောက်တိုဘာလ ၂၈ ရက်နေ့) တွင် စတင်မည်ဟု စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး  တော်လှန်ရေးအင်အားစုများကလည်း မဲဆွယ် စည်းရုံးရေးကာလစတင်သည့် ယနေ့မှစ၍  ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရွေးကောက်ပွဲသပိတ်မှောက် ဆန့်ကျင်ရေးကာလ အဖြစ်သတ်မှတ်ကြောင်း ထုတ်ပြန်ထားကြသည်။

Related Articles

Back to top button