ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၅ ထိန်းချုပ်ရာနယ်မြေကို အာဏာသိမ်းစစ်ကောင်စီတပ်က နယ်ခြားစောင့်တပ် (BGF) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ယမန်နေ့ (မေ ၂၄) တွင် BGF တစ်ဦး သေဆုံးကာ စစ်ကောင်စီဘက်မှ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန် (ဘူးသို) မြို့နယ်အတွင်း ပါဟက်အုပ်စု၊ ကော်ဘောဒဲနယ်မြေ၌ KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
KNU ဗဟို နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက တိုက်ပွဲဖြစ်သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြီး “တိုက်ပွဲကြီးတော့ မဟုတ်ပါဘူး။ ဒီရက်ပိုင်းကတော့ အမြဲလိုလို တိုက်ပွဲဖြစ်နေတာပါပဲ” ဟု ဆိုသည်။
ယမန်နေ့ ညနေပိုင်းတွင်လည်း ကရင်ပြည်နယ်၊ ဖာပွန်-ကတိုင်တိလမ်းမပေါ်၌ KNLA တပ်မဟာ ၅ နှင့် BGF တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ KNLA လက်ဖြောင့်သေနတ်သမား (စနိုက်ပါ) လက်ချက်ဖြင့် နယ်ခြားစောင့်တပ် (BGF) စစ်ကြောင်းမှူးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း KNU ထံမှ သိရသည်။
ယင်းနေ့ ညနေ ၆ နာရီခွဲခန့်၌ စစ်တပ်၏ ဖာပွန်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၁၉ နှင့် ခမရ ၃၄၀ မှ တပ်ဖွဲ့များသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ အရပ်သားများ၏ ဥယျာဉ်ခြံမြေများအတွင်း လက်နက်ကြီး ၇ လုံး ပစ်ချခဲ့ကာ ၆ လုံးပေါက်ကွဲခဲ့ပြီး ၁ လုံးမှာမူ မပေါက်ကွဲခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA ကြား စစ်ရေးအခြေအနေ တင်းမာလျက်ရှိကာ ထိတွေ့ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။
ပြီးခဲ့သည့် မေ ၁၉ ရက်တွင် မူတြော် (ဖာပွန်) ခရိုင် လူသောမြို့နယ် ဝါကလူတူနှင့် ကိုကော်ဒေးအခြေစိုက် စစ်ကောင်စီတပ်စခန်းများ လက်နက်ကြီး ၅ လုံးပစ်ခဲ့ကြောင်း သိရသည်။
မေ ၂၀ တွင်လည်း တပ်မဟာ ၅ နယ်မြေအတွင်း ဝင်ရောက်လာသည့် ကရင်နယ်ခြားစောင့်တပ် (BGF) ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး နယ်ခြားစောင့်တပ်မှ တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့သည်။
ယင်းနေ့နံနက်ပိုင်း၌ ထိုင်း-မြန်မာနယ်စပ်ရှိ တပ်မဟာ ၅ ထိန်းချုပ်ရာ မယ်ခါးထာနယ်မြေအတွင်းသို့ မယ်တရိထာ (မယ်ခါးထာ) အခြေစိုက် ခမရ – ၃၄၀ မှ လက်နက်ကြီးနှင့် လက်နက်ငယ်များ ပစ်ခတ်ခဲ့ရာ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ထို့နောက် အာဏာသိမ်းစစ်တပ်က မူတြော်ခရိုင် (ဖာပွန်)အတွင်း ရိက္ခာနှင့် လူအင်အား ဖြည့်တင်းမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
မေ ၂၁ နံနက်ပိုင်းတွင်လည်း ဖာပွန်မြို့နယ် မထောကျေးရွာ၌ စစ်ကောင်စီတပ်များနှင့် KNLA တို့ တိုက်ပွဲဖြစ်ကာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ကားတစ်စီးပျက်စီးကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။
မေ ၂၂ မွန်းတည့်ချိန်၌လည်း ဖာပွန်-ကတိုင်တိလမ်းမပေါ်ရှိ မထောကျေးရွာနှင့် ခွေးသေကျေးရွာအကြား KNLA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကရင်နယ်ခြားစောင့်တပ်(BGF) လည်း စစ်တပ်ဘက်မှ ကူတိုက်ပေးခဲ့သည်ဟု KNU ဘက်မှ ဆိုသည်။
ယင်းတိုက်ပွဲတွင် ကရင်နယ်ခြားစောင့်တပ် (BGF) မှ တပ်ရင်း (၁၀၁၃) ၊ တပ်ရင်း (၁၀၁၄) မှ ဗိုလ်မောင်ချစ်နှင့် ဗိုလ်ပန်းယု တို့ ဦးဆောင်ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများကို ကိုးကား၍ ပြောသည်။
ယင်းနေ့ မေ ၂၂ နေ့လယ်မှာပင် ခဲဒိုးအုပ်စု လယ်ပူထာ၊ ဝါမီလူနယ်မြေများ၌ KNLA တပ်မဟာ ၅ နှင့် တပ်မဟာ ၃ တို့ ပူးပေါင်း၍ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားကာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကာ MA – 1 တစ်လက် နှင့် MA – 2 တစ်လက်ကို သိမ်းဆည်းရမိခဲ့သည်။
ယင်း (မေ ၂၁ နှင့် ၂၂) နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း KNLA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
စစ်အာဏာသိမ်းမှုဖြစ်ပွားနောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော KNU ၏ တပ်မဟာအချို့နှင့် စစ်ကောင်စီကြား နိုင်ငံရေးနှင့် စစ်ရေးအခြေအနေ တင်းမာကာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။