အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကန်ပက်လက်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူများနာရေး ပစ်ခတ်မှုဖြစ်၊  ၂ ဦးသေဆုံး 

စစ်တပ်က လေကြောင်းဗုံးကြဲခဲ့မှုကြောင့် သေဆုံးခဲ့ရသူများ၏ နာရေးတွင် CDF တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ နာရေးလာသူ ကျောင်းသူတစ်ဦးနှင့် စေတနာ့ဝန်ထမ်း ဆရာတစ်ဦး သေဆုံးခဲ့သည်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် အောက်တိုဘာလ ၂၄ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုဖြစ်ခဲ့ပြီး သေဆုံးခဲ့သူများ၏ နာရေးအခမ်းအနား ပြုလုပ်နေစဉ် ပစ်ခတ်မှုဖြစ်ကာ နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

ချင်းတော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် ကန်ပက်လက်မြို့ကို အောက်တိုဘာလ ၂၄ ရက်နေ့ က လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်မှုကြောင့် သုံး ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသည်။ 

ထို့နောက် အောက်တိုဘာလ ၂၅ ရက်နေ့တွင် အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူများ၏ နာရေးအခမ်းအနား ပြုလုပ်နေချိန် အရက်မူးနေသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) အဖွဲ့ဝင်ဟောင်း တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

၎င်း၏ ပစ်ခတ်မှုကြောင့် နာရေးလာသူ အသက် ၁၆ နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး နှင့် အသက် ၂၈ နှစ်အရွယ် စေတနာ့ဝန်ထမ်း ဆရာတစ်ဦး သေဆုံးခဲ့သည်။ 

Grade 12 ကျောင်းသူသည် နေရာ၌ပင် သေဆုံးပြီး ဒဏ်ရာပြင်းထန်သော အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာသည် ညနေပိုင်းတွင် သေဆုံးသွားကြောင်း  ထိုအခြေအနေကိုသိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။ 

ပစ်ခတ်ခဲ့သူမှာ ယခုနှစ် ဖေဖော်ဝါရီလကတည်းက CDF ကန်ပက်လက်တပ်ဖွဲ့တွင် ပါဝင်ခြင်းမရှိတော့ဘဲ နေအိမ်တွင် ပြန်လည်နေထိုင်နေသူဖြစ်ကြောင်း၊ နာရေးအခမ်းအနားလာသူ ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးထံက သေနတ်ကို ဆွဲယူပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံကဆိုသည်။ 

“ လူအုပ်ရဲ့နောက်မှာမူးနေပြီးတော့ ထိုးထွက်လာပြီးတော့ အဲ့ဒီရဲဘော်တစ်ယောက်ဆီက သေနတ်ကို ရုတ်တရက် ဆွဲယူလိုက်တယ်။ ဆွဲယူလိုက်ပြီးတော့မှ အပေါ်ကိုထောင်ပြီးမှ တရစပ်ပစ်တဲ့အချိန်မှာ အတွဲလိုက် ဆွဲတဲ့ခလုတ်ကို ဆွဲမိပြီးတော့ တအားလည်းမူးနေတော့ သူ့ဟာနဲ့သူမထိန်းနိုင်ဘူးထင်တယ်”

“ အဲ့ဒီအချိန်မှာ ပြောင်းက အောက်ကိုပြန်ကျလာပြီးတော့မှ အသုဘကို သွားတဲ့သူထဲကို ကျည်ဆန်တွေက ဝင်သွားပြီး Grade 10 တက်နေတဲ့ ကောင်မလေးတစ်ယောက် ပွဲချင်းပြီးသေတယ်”ဟု အထက်ပါဒေသခံက ပြောသည်။ 

သေနတ်ပစ်ခတ်ခဲ့သူကို သက်ဆိုင်ရာ ဒေသကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံ များထံက သ်ိရသည်။ 

နာရေးအခမ်းအနားတွင် ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်သေဆုံးမှုများဖြစ်ခဲ့သည့်ဖြစ်စဉ်မှာ မှန်ကန်ကြောင်း CDF ကန်ပက်လက်ပြောရေးဆိုခွင့်ရှိသူ ကိုပီတာသန်းရွှေက Myanmar Now က အတည်ပြုသည်။

သို့သော်လည်း အထက်ပါကိစ္စနှင့်ပတ်သက်ပြီး မြေပြင်တာဝန်ရှိသူများ၏ အတည်ပြုချက်မရသေးသဖြင့် အသေးစိတ် ဖြေကြားနိုင်ခြင်းမရှိနိုင်ကြောင်း သူက ဆိုသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အောက်တိုဘာ ၂၄ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများ (ဓာတ်ပုံ – ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာန)

အောက်တိုဘာလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုသည် ကန်ပက်လက်မြို့နယ်၊ မြို့မ (၂) ရပ်ကွက်တွင်  ပြုလုပ်ခဲ့သော CDF ကန်ပက်လက် စစ်ဦးစီးချုပ်၏ မင်္ဂလာဆောင်ကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် မင်္ဂလာဆောင် ဖိတ်စာနှင့် တကွ‌ ထုတ်ပြန်သည်။  

CDF (ကန်ပက်လက်) ပြောရေးဆိုခွင့်ရှိသူ ပီတာသန်းရွှေကမူ မြို့တွင်းအများပြည်သူနေထိုင်ရာနေရာကို လေကြောင်းတိုက်ခိုက်မှုဖြစ်သဖြင့် ထိခိုက်မှုများရှိခဲ့သည်ဟုသာ တုံ့ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း သက်လတ်ပိုင်းအရွယ် အမျိုးသမီး နှစ်ဦး၊ အမျိုးသား တစ်ဦး သေဆုံး သည်။ ယင်းအပြင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့သည် ဟုသာ သိရပြီး အခြေအနေ အသေးစိတ်ကို မသိရပေ။ 

နောက်တစ်နေ့ (အောက်တိုဘာလ ၂၅ ရက်နေ့) တွင် ကန်ပက်လက်မြို့ပေါ် မီးသတ်ရုံး လေကြောင်းမှ ဗုံးကြဲခံရပြီး ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း အဆောက်အအုံအချို့ပျက်စီးခဲ့ကြောင်း သိရသည်။ 

“ကျွန်တော်တို့လည်ပတ်နေတဲ့ ယန္တရားတွေကို အနှောင့်အယှက်ပြုချင်လို့ ဗုံးကြဲတိုက်ခိုက်တာ ဖြစ်နိုင်သလို ကျွန်တော်တို့ကို ရှုံးမဲ မဲနေတာလည်းဖြစ်နိုင်တယ်။ ပြည်သူပိုင်အဆောက်အဦတွေ၊ ပြည်သူတွေရဲ့ နေအိမ်တွေကို တိုက်ခိုက်တယ်ဆိုတာ လုံးဝမလုပ်သင့်တဲ့အရာတွေပေါ့။ လုံးဝမလုပ်သင့်တဲ့အရာတွေကို ကျူးလွန်နေတာဖြစ်တယ်”ဟု ပီတာသန်းရွှေက ပြောသည်။  

စစ်တပ်က အရပ်သားနှင့် တော်လှန်ရေးအဖွဲ့ကိုခွဲခြားခြင်းမရှိ လေကြောင်းတိုက်ခိုက်မှုများလုပ်နေသည့် အတွက် လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်မည့် ကတုတ်ကျင်းများ တူးထားရန်နှင့် လူစုလူဝေး ဖြစ်စေသည့်ပွဲများကို မပြုလုပ်ကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ လ၂၆ ရက်နေ့က ထုတ်ပြန် ထားသည်။ 

ချင်းပြည်နယ်နှင့်မကွေးနယ်စပ်ရှိ ကန်ပက်လက်မြို့နယ်ကို CDF (ကန်ပက်လက်) ပါဝင်သည့် ချင်းညီနောင် အင်အားစုက ၂၀၂၄ နှစ်ကုန်တွင် သိမ်းပိုက်ပြီးနောက် မြို့အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေသည်။ 

နိုင်ငံအနှံ့စစ်ရေးအရှိန်မြှင့်နေသည့် စစ်တပ်က ချင်းပြည်နယ်တွင် မြေပြင်စစ်ကြောင်းမထိုးနိုင်သေး‌သော်လည်း လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။ 

ချင်းပြည်နယ် မြို့တော် ဟားခါး၊ တီးတိန်နှင့် ထန်တလန်တို့မှအပ ကျန်မြို့နယ်များကို လက်လွှတ်ထားရသည့် စစ်တပ်သည် မြေပြင်စစ်ကြောင်းမထိုးနိုင်သေးသော်လည်း အောက်တိုဘာလအတွင်း မင်းတပ်၊ မတူပီ၊ ဟားခါး၊ တွန်းဇံ၊ ကန်ပက်လက်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေ သည်။ 

အောက်တိုဘာ ဒုတိယပတ်အတွင်း ချင်းပြည်နယ် ဟားခါးနှင့် မင်းတပ်မြို့နယ်ရှိ စာသင်ကျောင်း များကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကျောင်းသားငါးဦးနှင့် ပြည်သူတစ်ဦး သေဆုံးသည့်အပြင် နှစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းများ ပိတ်ထားရသည့်အခြေအနေဖြစ်သည်။ 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အောက်တိုဘာ ၂၄ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုအပြီး အပျက်အစီးများ (ဓာတ်ပုံ – ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာန)

Related Articles

Back to top button