သတင်း

ကယားပြည်နယ်တွင် စစ်ကောင်စီက အရပ်သားပစ်မှတ်များကို လက်တုံ့ပြန်ပစ်ခတ်နေ 

ယမန်နေ့က ထိတွေ့တိုက်ပွဲများအတွင်း အထိအခိုက်အကျအဆုံး များပြားခဲ့သည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် ယနေ့ (မေ ၂၄) တွင် ကယားပြည်နယ် လွိုင်ကော်၌ အရပ်သားပစ်မှတ်များကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးပြည်သူ ၆ ဦးအထိ ရှိလာသည်။ 

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နှင့် ကယားပြည်နယ် ဒီးမော့ဆိုတွင် ယမန်နေ့က ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် ယမန်နေ့ညပိုင်းနှင့် ယနေ့တွင် လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ယနေ့မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့နယ် နိုးကိုးရွာမှ ရေယိုရွာသို့အသွား လမ်းတွင် လက်ပြန်ကြိုးတုပ်ခံထားရသည့် လူငယ်တစ်ယောက်ကို စစ်ကောင်စီတပ်က ဦးခေါင်းကို ပစ်သတ်ခဲ့ကြောင်း ကရင်နီလူငယ်များစုဖွဲ့ထားသည့် တိုးတက်သောကရင်နီပြည်သူ့အင်အားစုဆိုသော Facebook စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။

လွိုင်ကော်မြို့နယ် ကယန်းသာယာရွာဘုရားကျောင်းကို စစ်ကောင်စီတပ်က ယနေ့နံနက် ၁ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ရွာသား ၄ ဦးသေဆုံးကာ ၈ ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပြီး ယမန်နေ့ ညပိုင်းတွင် မိုးဗြဲ − လွိုင်ကော်လမ်းမပေါ်တွင် စစ်တပ်က လမ်းဘေးဝဲယာကို လိုက်လံပစ်ခဲ့ရာ ဆိုင်ကယ်မောင်းလာသူ ဦးလှထိုက်ဆိုသူ ဝမ်းဗိုက်ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့စွန်ရှိ ရေယိုရွာနှင့် နာနတ်တောရပ်ကွက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ကာ ဝင်စီးခဲ့ပြီး မြို့တွင်း ရှမ်းပိုင်းရပ်ကွက်နှင့် မိုင်းလုံးရပ်ကွက်တွင်လည်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရေယိုရွာကို အရင်ဝင်တာပေါ့။ လွိုင်ကော်မြို့အစွန်နားကပေါ့။ ရေယိုရော၊ နားနတ်တောကရော။ သူတို့ဘက်က ဝင်စီးနေတာတွေရှိတော့ ကျနော်တို့ဘက်က ပြန်ခုခံနေရတာတွေရှိတယ်။ ၃ နာရီခွဲလောက်မှာ သူတို့ပြန်ဆုတ်သွားတယ်။ အရပ်ဝတ်နဲ့သူတွေလဲပါတယ်။ အရပ်ဝတ်တွေက သေနတ်တွေကိုင်ထားတယ်” ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

နာနတ်တောပစ်ခတ်မှုတွင် နှစ်ဦးနှစ်ဖက် အထိအခိုက်အကျအဆုံးမရှိခဲ့ဘဲ စစ်ကောင်စီက နာနတ်တောအနောက်ဘက်တွင် တပ်သားအနည်းငယ်ဖြင့် တပ်စွဲထားခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ပေါ်သို့ တက်သွားကြောင်း ၎င်းက ပြောသည်။

လွိုင်ကော်မြို့နယ် ကယန်းသာယာရွာဘုရားကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ − Supplied) 

လက်ရှိတွင် လက်နက်ကြီးကျသံမှအပ လွိုင်ကော်တစ်မြို့လုံး လမ်းသွားလမ်းလာမရှိဘဲ တိတ်ဆိတ်နေပြီး ညနေ ၆ နာရီခွဲအချိန်ထိ လက်နက်ကြီးသံများ ကြားနေရကြောင်း ဒေသခံများက ဆိုသည်။

ယနေ့နံနက် ၉ နာရီနောက်ပိုင်း မည်သူမျှအပြင်မထွက်ရန် နံနက်အစောပိုင်းကတည်းက စစ်ကောင်စီက အသံချဲ့စက်ဖြင့် လိုက်အော်ခဲ့ပြီးနောက် လွိုင်ကော်လေဆိပ်တွင် လေယာဉ်ခြောက်ကြိမ် အနည်းဆုံး ဆင်းသက်ခဲ့သည်ကို ကြားလိုက်ရကြောင်း မြို့ခံများက ဆိုသည်။ 

“လွိုင်ကော်လေဆိပ်မှာဆင်းတယ်။ စစ်သားတွေလာချတာကိုတော့ တွေ့လိုက်ရတယ်။ တစ်စီးမှာ တစ်ခေါက်မှာ ဘယ်နှယောက်လောက်ပါတယ်ဆိုတာတော့ မသိရဘူး။ လေယာဉ်ကွင်းမှာလဲ လုံခြုံရေးတင်းကျပ်ထားတယ်။ သူတို့ပစ္စည်းတွေချနေတာလဲ တွေ့ရတယ်။ သေတ္တာလိုပုံစံလိုမျိုးလဲပါမယ်။ အဝတ်ထုပ်လိုပုံစံလိုမျိုးတွေလဲပါတယ်” ဟု လွိုင်ကော်ဒေသခံတစ်ဦးက ပြောသည်။

နောက်ဆုံးလေယာဉ် အဆင်းအတက်လုပ်ချိန်မှာ မွန်းလွဲသုံးနာရီတွင်ဖြစ်ပြီး ယင်းနောက်ပိုင်း အသံမကြားရတော့ကြောင်း အခြား လွိုင်ကော်ဒေသခံတစ်ဦးက ပြောသည်။

မိုးဗြဲနှင့် ဒီးမော့ဆိုတို့တွင်လည်း ယမန်နေ့၌ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ညနေ ငါးနာရီကနေ ဆယ်နာရီကျော်အထိ လက်နက်ကြီး အလုံး ၃၀ ဝန်းကျင်ပစ်တယ်” ဟု အဆိုပါဒေသခံက ပြောသည်။

လွိုင်ကော်မြို့ပေါ်တွင် တိမ်းရှောင်သူမရှိသေးသော်လည်း တိုက်ပွဲများဖြစ်နေသည့် လွိုင်ကော်မြို့အပြင်ဘက် ကျေးရွာများအပါအဝင် ဒီးမော့ဆိုမြို့နယ်၊ မိုးဗြဲ စသည်တို့တွင် စစ်ဘေးရှောင်ပြည်သူ သောင်းနှင့်ချီရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့် ကရင်နီလူငယ်များထံမှ သိရသည်။

Show More

Related Articles

Back to top button