သတင်း

မင်းတပ်မြို့အနီး တိုက်ပွဲများ ပြင်းထန်နေ၊ ဒေသခံများ ဆက်လက်တိမ်းရှောင်နေရ 

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့အနီးရှိ ကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ယမန်နေ့ (မေ ၂၁) မှစ၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ယနေ့ (မေ ၂၂) နံနက်ပိုင်းတွင်လည်း မင်းတပ်မြို့ အရှေ့ဘက် ၁၂ မိုင်အကွာရှိ ထင်ချောင်းရွာအနီးတွင် အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိုနေရာတွင် စစ်ကောင်စီတပ် အင်အား ၁၀၀ နီးပါးက ယမန်နေ့ကတည်းက နေရာယူထားသည်ဟု သိရသည်။ 

စစ်သားအချို့က အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်မည်ဟုဆိုကာ လက်နက်ချလျက် လက်မြှောက် ရှေ့တက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ စောင့်ကြည့်နေစဉ် စစ်တပ်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့တွေက စစ်သားတွေက CDM ဝင်မယ်ဆိုပြီး လက်နက်ချပြီး လက်တွေမြှောက်ပြီးတက်လာတော့၊ ကိုယ့်လူတွေကလည်း ပစ်လိုက်ရင်တော့ရတယ်။ ပစ်လိုက်ရင် သူတို့ အကုန်သေသွားမှာ။ ဒါပေမယ့် ကျွန်တော်တို့က လူသတ်တပ်ဖွဲ့မဟုတ်ဘူးလေ။ အဲ့ဒီအချိန်မှာ စစ်သားတွေက အကောက်ကြံစည်တာ။ သူတို့တွေကပါ တိုက်ခိုက်ကြတာပဲ” ဟု ၎င်းက ပြောသည်။ 

ယနေ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ဗိုက်တွင် လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

မင်းတပ်မြို့ တောင်ဘက် ၁၀ မိုင်အကွာ ပူကွန်းရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံး၍ ၉ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ၁ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အရပ်ဝတ်များဝတ်ဆင်ထားသည့် စစ်ကောင်စီတပ်များက တာလပတ်များခြုံကာ စစ်ဘေးရှောင်ပြည်သူများသဖွယ် အယောင်ဆောင်တက်လာပြီး အနီးကပ်ရောက်မှ မောင်းပြန်သေနတ်များဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

လေးနာရီနီးပါး ကြာမြင့်သည့် အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များက ပခုံးထမ်းလောင်ချာများ၊ စက်သေနတ်များအပါအဝင် လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။  

“သူတို့က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ မနေ့ညက ဒီဘက်မှာ မိုးသည်းတော့ တူမီးတွေက မီးမပေါက်တော့ဘူး။ သူတို့ဘက်ကလည်း တော်တော်များများတော့ ထိခိုက်ဒဏ်ရာရတယ်။ ညဘက်ကျတော့ သူတို့က နည်းနည်းနောက်ပြန်ဆုတ်သွားပြီး ပိန်ယောရွာနားမှာ တပ်စွဲထားတယ် “ ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။ 

ပူကွန်းရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အနီးအနားကျေးရွာများတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များမှာ ဝေးလံသည့် နေရာများနှင့် တောတောင်ထဲသို့ ထပ်ဆင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။  

“မနေ့က တိုက်ပွဲဖြစ်တော့ အနီးအနားမှာရှိတဲ့ စစ်ဘေးရှောင်တွေ အကုန်ပြေးရတယ်။ အဲ့ဒီနားမှာ တိုက်ပွဲဖြစ်တော့ အကုန်လုံးပြေးကုန်ကြတာ ။အိမ်ကလူတွေလည်းပြေးတယ်။ ဘယ်တွေကိုရောက်မှန်းတော့ မသိဘူး။ တချို့ကျတော့ နီးစပ်ရာ ရွာတွေ၊ တောထဲတွေ ထွက်ပြေးရတယ်” ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် ရာသီဥတုပြင်းထန်နေချိန် ထွက်ပြေးတိမ်းရှောင်နေရသည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် မဒပ်ရွာမှ အသက် ၆ ရက်သားအရွယ် မွေးကင်းစ ကလေးငယ်တစ်ဦးမှာ မိုးသက်လေပြင်းကြားတွင် ကျန်းမာရေးစောင့်ရှောက်မှု မရသဖြင့် အဆုတ်ထိကာ သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့က ဝင်မလာအောင် တိုက်ဖို့ပဲရှိတာပေါ့။ လောလောဆယ်တော့ ဆက်ရှောင်လို့ မရတော့ဘူး။ ပြန်ပြေးရရင် တောထဲကိုပဲ ပြေးရမှာ။ တောထဲကိုပြေးလို့တော့ အစုလိုက်အပြုံလိုက် သေမယ့်သဘောရှိတယ်။ မိုးရာသီလည်းဝင်လာပြီ” ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။ 

မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ၇၂ နာရီကြာ ပစ်ခတ်မှုအပြီးတွင် မေ ၁၅ ရက် ညနေပိုင်းတွင် စစ်ကောင်စီက မြို့ကို ထိန်းချုပ်လိုက်သည့်အတွက် ဒေသခံ ရှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးကူညီထောက်ပံ့မှုများ အဓိကလိုအပ်လျက်ရှိ သည်။ 

Show More

Related Articles

Back to top button