သတင်း

ဧရာဝတီတိုင်းတွင် NLD အမတ်များအပါအဝင် တက်ကြွလှုပ်ရှားသူ ၅၀ နီးပါး ထပ်တိုးအမှုဖွင့်ခံရ

ဧရာဝတီတိုင်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင် လွှတ်တော်အမတ်များအပါအဝင် တက်ကြွလှုပ်ရှားသူ ၅၀ နီးပါးကို သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မများဖြင့် စစ်ကောင်စီက ယနေ့ (မေ ၁၉) ထပ်တိုး အမှုဖွင့်လိုက်သည်ဟု သိရသည်။ 

စစ်အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည့် NLD ပါတီဝင် လွှတ်တော်အမတ်များနှင့် တက်ကြွလှုပ်ရှားသူ  ၄၈ ဦးကို ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၂/၁၂၄(က) ဖြင့် ထပ်တိုးအမှုဖွင့်လိုက်ခြင်း ဖြစ်သည်ဟု NLD ပါတီဝင် အမတ်ဟောင်းတစ်ဦးက ဆိုသည်။

“အရင်ကတည်းက အစ်မတို့ကို ၅၀၅(က) နဲ့ဖွင့်ထားတာ။ အခု ကိုယ်စားပြုကော်မတီ (CRPH) ထဲမှာ ပါတဲ့သူတွေ၊ CRPH နဲ့ နီးစပ်သူတွေကို ဖွင့်တာဆိုပြီးကြတယ်။ အစ်မတို့ကိုလည်း မြို့နယ်မှာ ပုဒ်မတွေထပ်တိုးဖွင့်မယ်ဆိုပြီး ကြားတယ်” ဟု ညောင်တုန်းမြို့နယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း  ဒေါ်နီနီမိုးက ပြောသည်။

ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံခဲ့ရပြီးနောက် တိမ်းရှောင်နေသူ NLD ပါတီဝင် ဒေါ်နီနီမိုးသည်လည်း ပုသိမ်ခရိုင်၌ ပုဒ်မ ၁၂၂/၁၂၄(က) ဖြင့် ထပ်တိုးအမှုဖွင့်ခံရခြင်းဖြစ်သည်ဟု သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၁၂၂/၁၂၄(က) ဖြင့် ထပ်တိုးအမှုဖွင့်ခြင်း ခံရသူ ၄၈ ဦးအနက် ၁၇ ဦးမှာ NLD ပါတီဝင် လွှတ်တော်အမတ်များဖြစ်ပြီး ကျန်သူများမှာ တက်ကြွလှုပ်ရှားသူများဖြစ်ကြောင်း Myanmar Now က ရရှိထားသည့် အချက်အလက်များအရ သိရသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးတွင် NLD ပါတီဝင် လွှတ်တော်အမတ် ၄ ဦးအပါအဝင် ၁၂ ဦး ဖမ်းဆီးခံခဲ့ရသည်။ 

NLD ပါတီဝင်များဖြစ်သည့် သာပေါင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ အမှတ် (၂) တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်အောင်ဦးနှင့် ပုသိမ်မြို့နယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွဋ်တို့ သုံးဦးမှာ မတ် ၃၁ ရက်တွင် ဖမ်းဆီးခဲ့ရပြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူခံထားရသည်။

ပြီးခဲ့သည့် မေ ၁၅ ရက်ညပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဧရာဝတီတိုင်းဒေသကြီး အတွင်းရေးမှူးဖြစ်သူ ပန်းတနော်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ် ထပ်မံဖမ်းဆီးခံခဲ့ရသည်။ 

ပုဒ်မ ၅၀၅(က) အပြင် ပုဒ်မ ၁၂၂/၁၂၄(က) ဖြင့်ပါ ထပ်တိုးအမှုဖွင့်ခံထားရသူများတွင် မေ ၁၅ ရက်က အဖမ်းခံခဲ့ရသည့် ဒေါက်တာတင်မင်းထွဋ်လည်း ပါဝင်သည်ဟု သိရသည်။

ဧရာဝတီတိုင်းတွင် ပုဒ်မ ၅၀၅(က) အပြင် ပုဒ်မ ၁၂၂/၁၂၄(က) ဖြင့်ပါ ထပ်တိုးအမှုဖွင့်ခံထားရသည် လွှတ်တော်ကိုယ်စားလှယ်များရှိသော်လည်း အမှုဖွင့်မခံရသည့် အာဏာသိမ်းစစ်ကောင်စီနှင့် နီးစပ်သည့် NLD ပါတီဝင် လွှတ်တော်အမတ်များလည်း ရှိနေကြောင်း ဒေါ်နီနီမိုးက ပြောသည်။

“သူတို့ကတော့ အရင်က ကိုယ်စားလှယ်အားလုံးနီးပါကို ၅၀၅(က) နဲ့ဖွင့်တယ်။ အခုထပ်တိုးပြီး ဖွင့်လာ တယ်။ တချို့ကိုယ်စားလှယ်တွေကတော့ အခုထိ အိမ်မှာအေးဆေးနေလို့ရနေတဲ့သူတွေရှိနေတယ်။ အစ်မ ကြားတာတော့ တချို့က နုတ်ထွက်စာတွေ လက်မှတ်ထိုးတယ်လို့တောင်ကြားတယ်”ဟု ၎င်းက ပြောသည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အရ ပြစ်မှုကျူးလွန်သည်ဟု စီရင်ခံရပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ရန် စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် ရာဇသတ်ကြီးပုဒ်မ ၁၂၂ အရ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်လျှင် သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်အနှစ် ၂၀ ဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။ 

ရာဇသတ်ကြီး ပုဒ်မ- ၁၂၄ (က) အရ မည်သူမဆို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ၊ ပြည်ထောင်စုအတွက်၊ သို့တည်း မဟုတ် ပြည်ထောင်စု အဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးမစားအောင်သော်လည်းကောင်း ပြုလျှင်၊ သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် ထိုသို့ လှုံ့ဆော်ရန် အားထုတ်လျှင်၊ ထိုသူကို ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

 

Show More

Related Articles

Back to top button