မေ ၁၂ ရက်နေ့က မြင်းခြံ၊ တလုပ်မြို့ကျေးရွာတွင် တက္ကသိုလ်ကျောင်းသား ကိုဇင်ကိုထွန်း အဖမ်းခံရပြီး နောက်တစ်နေ့တွင် ဒဏ်ရာများစွာနှင့် သူ၏ ရုပ်အလောင်းကိုသာ မိသားစုက ပြန်ရခဲ့သည်။
မြင်းခြံနည်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ၂၃ နှစ်အရွယ် ကိုဇင်ကိုထွန်း၏ ညာဘက်လက်မောင်းတွင် ထိုးထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အလံနေရာ၌ သံပူဖြင့် ကပ်ထားသည်ဟု ယူဆရသော ဒဏ်ရာကို မိသားစုနှင့် မိတ်ဆွေများ တွေ့လိုက်ရသည်။
တိုက်ပွဲအတွင်း ဘယ်ဘက်တံတောင်ဆစ်တွင် ရရှိခဲ့သည့် သေနတ်ဒဏ်ရာအပြင် မည်သည့်အတွက်ကြောင့်ရရှိသည်ဟု အတည်မပြုနိုင်သော ဘယ်ဘက်ရင်အုံဖောက်ထွက်ဒဏ်ရာပါ ရှိနေသည်ဟု ကိုဇင်ကိုထွန်း၏ မိသားစုနှင့် သူငယ်ချင်းများက ယူဆထားကြသည်။
“ဒဏ်ရာနဲ့ အဖမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ပဲ ကျနော်ကတော့ ယူဆတယ်။ ကျန်တာ ဘာမှမသိရဘူး”ဟု မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
ညောင်တိုရွာသား ကိုဇင်ကိုထွန်းမှာ မေ ၁၂ရက်တွင် မြင်းခြံမြို့နှင့် ခုနှစ်မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ တလုပ်မြို့ကျေးရွာမှ ဒေသခံ ခုခံရေးသမားများကို သွားရောက်ကူညီရင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
သို့သော် ယင်းနေ့ညပိုင်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားက တလုပ်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးခံရသူ ၆ဦးအကြောင်း သတင်းထုတ်ပြန်ရာတွင် သုံးထားသည့် ဓာတ်ပုံ၌ ကိုဇင်ကိုထွန်း မပါဝင်ကတည်းက အသက်သေဆုံးသွားနိုင်ခြေရှိသည်ဟု ယူဆမိခဲ့ကြောင်း ၎င်း၏ မိသားစုဝင်က ပြောသည်။
နောက်တစ်ရက် နံနက် ၉နာရီခွဲခန့်တွင် မြင်းခြံအမှတ် ၂ ရဲစခန်းက ကိုဇင်ကိုထွန်းသေဆုံးကြောင်း၊ မြင်းခြံပြည်သူ့ဆေးရုံကြီးတွင် ရုပ်အလောင်း သွားရောက်ထုတ်ယူရန် ကြားလူတစ်ဦးမှတစ်ဆင့် အသိပေးမှုခဲ့ကြောင်း အဆိုပါမိသားစုဝင်ထံမှ သိရသည်။
“မြင်းခြံဆေးရုံမှာ အလောင်းတစ်ခုရှိတယ်။ ပိုင်ရှင်မဲ့သလိုဖြစ်နေတယ်ပေါ့။ ဆေးရုံရောက်တော့ ညီလေးရဲ့ သင်္ကေတတွေတွေ့တော့ အတည်ပြုပြီးတော့ ထုတ်ခဲ့တာပေါ့”ဟု ၎င်းက ပြောသည်။
ကိုဇင်ကိုထွန်း၏ ဈာပနကို ယနေ့ (မေ ၁၄) နံနက်ပိုင်းက ဇာတိမြေ ညောင်တိုရွာသုသာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကိုဇင်ကိုထွန်းသည် မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
တက္ကသိုလ်ကျောင်းသား အဖမ်းခံရပြီး ဒဏ်ရာများစွာနှင့် သေဆုံးသွားသည့်အကြောင်း စစ်ကောင်စီပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
စစ်သားနှင့် ရဲတို့၏ သတ်ဖြတ်မှု
စစ်ကောင်စီတွင် တာဝန်အရှိဆုံးဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အသက် ၆၅ နှစ်ပြည့်ခါနီး ပင်စင်ယူရတော့မည့်အချိန်တွင် အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။ နိုင်ငံအတွက် အရေးပေါ်အခြေအနေဖြစ်နေသည်ဟုဆိုကာ ပင်စင်မယူဘဲ ရာထူးတွင် ဆက်လက်ရှိနေဦးမည်၊ နိုင်ငံကို ရေရှည်အုပ်ချုပ်ရန် ရည်ရွယ်ထားပုံရသည်ဟု အများက ယူဆကြသည်။
အာဏာသိမ်းမှုကို နိုင်ငံအနှံ့အပြားတွင် ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်ချေမှုန်းလျက်ရှိသည်။
ရဲနှင့် စစ်သားတို့၏ လက်ချက်ကြောင့် သေဆုံးသူ ၇၈၈ ဦးအထိ ရှိနေပြီဖြစ်ပြီး အမှန်တကယ်ကျဆုံးသည့် အရေအတွက်မှာ ထို့ထက်ပိုမိုများပြားနိုင်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေ ၁၃ တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က ပြည်သူ ၃၉၃၆ ဦးကို ဖမ်းဆီးထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AAPP ၏ စာရင်း မှားယွင်းနေကြောင်း၊ စာရင်းထဲရှိ ၇ ဦးမှာ ၎င်းတို့လက်ချက်ကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း စစ်ကောင်စီက ၎င်းတို့၏ သတင်းစာများတွင် ဧပြီ ၃၀နှင့် မေ ၂ ရက်နေ့များက ငြင်းဆိုသည်။
ဧပြီလဆန်းပိုင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင်မူ စစ်ကောင်စီပြောခွင့်ရအရာရှိက သေဆုံးမှုအရေအတွက်မှာ ရဲ ၁၀ ဦး၊ စစ်သား ၆ ဦးအပါအဝင် စုစုပေါင်း ၂၄၈ ဦးသာ ရှိသည်ဟု ပြောခဲ့သည်။