
ကျေးလက်ဒေသခံတချို့ ကိုင်ဆောင်သော လုပ်သေနတ်များ စစ်ကောင်စီတပ်ဖွဲ့ထံ အပ်နှံသည်ဟူသော သတင်းများ ထုတ်ပြန်နိုင်ရခြင်းမှာ စစ်ကောင်စီခန့် ရွာလူကြီးတို့၏ ကြိုးစားအားထုတ်မှုနှင့်လည်း သက်ဆိုင်နေသည်။
မကွေးတိုင်း၊ ပေါက်မြို့နယ် ဒီးဒုတ်ကွင်းကျေးရွာသား ၇ ဦးက လက်နက်အပ်ခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ခဲ့သော်လည်း ထိုသို့အပ်နှံသူများမှာ ရွာအုပ်ချုပ်ရေးမှူးတို့အုပ်စုသာဖြစ်သည်ဟု ဒေသခံတချို့က ပြောသည်။
ထိုသတင်း၌ ပါဝင်သော ၇ ဦးသည် စစ်ကောင်စီခန့် ရပ်ကျေးအဖွဲ့ဝင်များသာဖြစ်ကြကြောင်း၊ ယခုတော်လှန်ရေးကာလတွင် အဆိုပါသတင်းကြောင့် ရပ်ရွာနာမည်ပျက်၊ ဂုဏ်ငယ်ရကြောင်း စစ်ကောင်စီကို ဆန့်ကျင်နေသော ဒေသခံရွာသားများက ဆိုကြသည်။
“အဲ့ဒါက လုပ်ကြံသတင်း၊ အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ စစ်တပ်မထောက်ခံတဲ့ ရွာသားတော်တော်များများက မကျေနပ်ကြဘူး။ အခုဟာက ရွာသားတွေက အပ်တယ်ဆိုတော့ တစ်ရွာလုံးက စစ်တပ်ထောက်ခံတဲ့ သဘောဖြစ်နေတာ။ ဒါပေမယ့် ဒီမှာက ဒလန်တွေကလည်း များတော့ ပေါ်ပေါ်ထင်ထင် သိပ်မပြောရဲကြဘူး”ဟု ဒီးဒုတ်ကွင်းရွာသား လူလတ်ပိုင်းတစ်ဦးက Myanmar Now ကို ပြောသည်။
မေ (၇) ည ပိုင်းက စစ်တပ်ပိုင် မြဝတီရုပ်သံတွင် ထိုသတင်း ထည့်သွင်းကြေညာခဲ့သည်။
“မြို့နယ်အချို့၌ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုက လက်လုပ်သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ” ဟူသော သတင်းတွင် ထိုသို့ကြေညာခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်ရှိန်၊ မောင်မင်းလွင်၊ ဦးလှဝင်း၊ ဦးမြတ်သိန်း၊ ဦးခင်ဇော်၊ ဦးလင်းခိုင်၊ ချိန်မင်းဌေးတို့သည် စစ်တပ်ထောက်ခံဆန္ဒပြပွဲများပြုလုပ်ပါက အမြဲပါဝင်လေ့ရှိသူများဖြစ်ကြောင်း ဒီးဒုတ်ကွင်းရွာသားနှစ်ဦးက ပြောသည်။
ထိုသူများသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များဖြစ်ကြကြောင်း၊ စစ်ကောင်စီထံ အပ်သော လက်နက်များသည်လည်း ရက်ပိုင်းအတွင်း ဝယ်ယူထားခြင်းဖြစ်နိုင်ကြောင်း ဒီးဒုတ်ကွင်းကျေးရွာနှင့် ၂ မိုင်ခန့်ကွာဝေးသော ပေခုနစ်ပင်ရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။
“သူတို့က ဝါသနာအရ လိုက်ပစ်နေတဲ့သူတွေလည်း မဟုတ်ဘူး။ ဒီစစ်တပ်ကို ဆန့်ကျင်နေတဲ့သူလည်း မဟုတ်ဘူး။ ဖြစ်နိုင်တာက ပိုက်ဆံနဲ့ ဝယ်ပြီး သူ့အထက်လူကြီးကို ဖားချင်တာနေမှာပေါ့။ ပြီးတော့ ကျွန်တော်တို့ ရွာသားအချင်းချင်းလည်း သွေးခွဲချင်တဲ့သဘော ပါမလားတော့ မသေချာဘူး”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂ နှစ်ခန့်မှစ၍ ဒေသခံတချို့က လက်လုပ်သေနတ်ကိုင်ဆောင်လာကြောင်း အဆိုပါရွာသားက ပြောသည်။
အနည်းငယ်ရှိသေးသည်ဟူသော လက်နက်အရေအတွက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသူများဖြစ်၍ လက်နက် လုံးဝအပ်သွားမည်မဟုတ်ကြောင်း အဆိုပါရွာသားများက ပြောသည်။
မေ (၃) တွင် ဒီးဒုတ်ကွင်းရွားသားများက ဆန္ဒပြခဲ့ကြပြီး ပါဝင်သူအချို့သည် ရွာခံ ဒလန်များ၏ သတင်းပေးတိုင်တန်းမှုကြောင့် အဖမ်းခံရမည်ကို စိုးရိမ်ပြီး တခြားဒေသသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါကျေးရွာသည် အိမ်ခြေ (၆၀၀) ထက်မနည်းရှိပြီး ပေါက်မြို့မှ ခုနစ်မိုင်ကွာဝေးသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအနိုင်ရခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက မဲအနည်းငယ်အသာဖြင့် အနိုင်ရခဲ့သည်။
စစ်ကောင်စီထံ လက်နက်အပ်ခဲ့သည်ဟုဆိုသော ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးအောင်ရှိန်နှင့် ရပ်ကျေးအဖွဲ့ဝင်များကို ရွာသားတို့၏ စွပ်စွဲချက်နှင့် ပတ်သက်၍ Myanmar Now က ဆက်သွယ်မေးမြန်းခွင့် မရသေးပေ။
စစ်ကောင်စီကို ဆန့်ကျင်နေကြသော ဒေသအသီးသီးတွင် လုပ်သေနတ်၊ လေသေနတ်နှင့် အမဲလိုက်တူမီးများ ရှိတတ်ကြပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးအတွက် ထိုလက်နက်တစ်မျိုးမျိုး ကိုင်ဆောင်ထားသူတချို့ ရှိတတ်သည်။
စစ်ကောင်စီတွင် တာဝန်အရှိဆုံးဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အသက် ၆၅ နှစ်ပြည့်ခါနီး ပင်စင်ယူရတော့မည့်အချိန်တွင် အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။ နိုင်ငံအတွက် အရေးပေါ်အခြေအနေဖြစ်နေသည်ဟုဆိုကာ ပင်စင်မယူဘဲ ရာထူးတွင် ဆက်လက်ရှိနေဦးမည်ဟု အများက ယူဆကြသည်။
အာဏာသိမ်းမှုကို နိုင်ငံအနှံ့အပြားတွင် ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်မှုကြောင့် အရပ်သား ရာနှင့်ချီ သေဆုံးပြီး ပြည်သူလူထုကလည်း ခုခံကာကွယ်ရေးအတွက် ရရာလက်နက် ကိုင်စွဲလာကြခြင်းဖြစ်သည်။
ခုခံစစ်ဆင်နေသော ပြည်သူတို့ကို စစ်ကောင်စီက ဆူပူအကြမ်းဖက်သူများဟု တံဆိပ်ကပ်ထားသည်။