
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သဖြင့် ရွာလုံးကျွတ် ထွက်ပြေးနေရသည်။
စစ်အာဏာရှင်ဆန့်ကျင်သူလူငယ်များ ပုန်းအောင်းနေသဖြင့် ချောင်းဦးမြို့ အနောက်ဘက် ၂ မိုင်ခန့်အကွာရှိ မယ်သဲကြိုးရွာကို ယနေ့ (မေ ၁၃) နံနက် ၄ နာရီခန့်တွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ချောင်းဦးလူငယ်များအဖွဲ့နှင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု Chaung U GZအဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်တပ်ဘက်မှ အင်အား ၃၀၀ ခန့်သည် စစ်ကား ၁၈ စီး၊ အိမ်စီးကား ၄ စီးဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်ဟု ချောင်းဦးလူငယ်များထံမှ သိရသည်။
ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီးနောက် စစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်တပ်က စစ်မြေပြင်သုံး စိန်ပြောင်းများဖြင့်ပါ အသုံးပြုခဲ့ကြောင်း ချောင်းဦးသပိတ်ခေါင်းဆောင်တစ်ဦးက Myanmar Now ကို ပြောသည်။
“ရွာခံတွေကို ဘေးလွတ်ရာ ပို့ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ပြန်ခံပစ်တယ်ဗျ။ ကျွန်တော်တို့ကို တိုက်ခိုက်တဲ့အချိန်မှာ သူတို့က စိန်ပြောင်းတွေပါ သုံးတယ်”ဟု ၎င်းက ပြောသည်။
လူဦးရေ ၃၀၀ ကျော် နေထိုင်သော မယ်သဲကြိုးရွာတွင် မြို့ပေါ်ကာကွယ်ရေးခံတပ်မှ စစ်အာဏာရှင်ဆန့်ကျင်သူလူငယ်များ ပြောင်းရွှေ့စခန်းချနေသဖြင့် စစ်တပ်က လာရောက်ဖြိုခွင်းခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ လူငယ်တွေကို ခိုလှုံခွင့်ပေးပြီးတော့ ထမင်းကျွေးထားတဲ့ရွာပါ” ဟု အထက်ပါ သပိတ်ခေါင်းဆောင်က ဆက်ပြောသည်။
ယမန်နေ့ (မေ ၁၂) ညပိုင်းက မန္တလေးဘက်မှ တက်လာသော စစ်ကား ၃ စီးသည် ချောင်းဦးဘက်သို့ ဆင်းလာသည်ဟု သတင်းရသဖြင့် မယ်သဲကြိုးရွာသားများနှင့် သပိတ်ခေါင်းဆောင်များသည် ရွာပတ်လည် လုံခြုံရေးတာဝန်ယူခဲ့သည်ဟု ဆိုသည်။
သို့သော် နယ်ခံတစ်ဦး(ဒလန်)၏ လမ်းပြမှုဖြင့် တောလမ်းအတိုင်း မယ်သဲကြိုးရွာကို ရွာတောင်ဘက်ပိုင်းရှိ လယ်ကွင်းများဘက်မှ စစ်တပ်က စတင်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်ဟု သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပြသည်။
“ကျွန်တော်တို့ကိုတင် မဟုတ်ပါဘူး။ ရွာခံတွေကိုပါ ပစ်မှတ်ထားဖြိုခွင်းတာပါ။ ပြီးရင် ဆိုင်ကယ်တွေကို မီးရှို့သွားပါတယ်။ အိမ်ထဲက ပစ္စည်းတွေကိုလည်း ရိုက်ခွဲသွားတယ်။ ဒီကောင်တွေက ကျွန်တော်တို့ကို ဘီလူးသဘက်ကို တွေ့နေသလို ဖြိုခွဲတာပါ”ဟု ၎င်းက ပြောသည်။
ချောင်းဦးလူငယ်များက တူးမီးသေနတ်၊ လက်လုပ်လက်နက်အနည်းအငယ်ဖြင့် ပြန်လည်ခုခံပစ်ခတ်ခဲ့သော်လည်း နာရီဝက်အကြာတွင် ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။
စစ်တပ်မှ စိန်ပြောင်း ၆ ချက်ခန့် ပစ်ခတ်ခဲ့ပြီးနောက် ရွာသားများနှင့် ခုခံတိုက်ခိုက်နေသူများသည် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရကြောင်း၊ လူငယ်တစ်ဦးမှာမူ လဲကျသွားရာမှ ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
“ဆုတ်တဲ့အချိန်မှာ ကလေးတစ်ယောက်က လဲပြီးကျန်ခဲ့တာ။ သူ့ကို လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်နေတယ်”ဟု ၎င်းသပိတ်ခေါင်းဆောင်က ပြောသည်။
လက်နက်ကြီးများအသုံးပြုကာ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းမှုကြောင့် မီးလောင်ကျွမ်းသည့် နေအိမ်များရှိသည့်နည်းတူ ဘုန်းကြီးကျောင်းဝင်းရှိ ဘုရားစောင်းတန်းအဆောင်ပါ မီးလောင်ကျွမ်းခဲ့သည်ဟု သိရှိရသည်။
စစ်တပ်က ရွာအတွင်း ဝင်ရောက်ကာ ရွာသားများ၏ ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးနေပြီး အိမ်များကိုလည်း ထုခွဲဖျက်ဆီးနေကြောင်း မျက်မြင်တွေ့ခဲ့သည်ဟု ၎င်းသပိတ်ခေါင်းဆောင်က ဆိုသည်။
“ရွာမှာရှိတဲ့ တဲတွေ၊ ဆိုင်ကယ်တွေကို မီးရှို့ထားပါတယ်။ ကျွန်တော်တို့ကို ထောက်ပံ့ထားတဲ့ စားနပ်ရိက္ခာတွေကို အကုန်သယ်သွားပါတယ်။ မြို့ကို ကာကွယ်ဖို့ လုပ်ထားတဲ့ လက်နက်ခဲယမ်းတွေကို အကုန်သယ်သွားပါတယ်။ အင်အားမမျှတော့တဲ့အခါမှာ ရွာခံတွေကို အရင်ကယ်ထုတ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။
ယနေ့နံနက်တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူ ၅ ဦးခန့်ရှိသည်ဟု သိရှိရသည့်အပြင် ဒေသခံများဘက်မှလည်း ဒဏ်ရာရသူ ၆ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အများစုမှာ လက်နှင့် ခြေထောက်တို့တွင် ကျည်ဆန်ထိမှန်ထားသည်ဟု မယ်သဲကြိုးရွာသို့ ကယ်ဆယ်ရေးသွားရောက်ခဲ့သည့် မုံရွာမြို့အခြေစိုက် ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“သေဆုံးတဲ့သူတော့ မရှိသေးဘူးဗျ။ ကျွန်တော်တို့က ရွာထဲ ဝင်လို့မရဘူး။ ဆေးအဖွဲ့ဖြစ်တဲ့အခါကျတော့ လူနာထုတ်လို့ရတဲ့နေရာမှာပဲ နေကြတယ်။ သူတို့(စစ်တပ်)က အကုန်ပိတ်ထားတယ်” လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်တပ်က စစ်ကားများအပြင် အိမ်စီးကားများဖြင့်ပါ သွားလာလှုပ်ရှားနေပြီး စစ်ကား ၁၀ စီးခန့်သည် လက်ရှိအချိန်တွင် ချောင်းဦးမြို့၏ တောင်ဘက် ၁၂ မိုင်အကွာရှိ မုံရွာမြို့သို့ ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရပြီး မယ်သဲကြိုးရွာ၌ အိမ်စီးကား ၄ စီး၊ စစ်ကား ၈ စီး ခန့် ကျန်ရှိနေသေးသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ချောင်းဦးမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများတွင်လည်း စစ်တပ်က တပ်စွဲထားသည်ဟု သိရသည်။