
စစ်ကောင်စီက ပြန်ဖွင့်သည့် ပုသိမ်တက္ကသိုလ်တွင် မေဂျာပေါင်းစုံမှ ကျောင်းသားကျောင်းသူ တစ်ထောင်ကျော်အနက် တစ်ရာကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
စုစုပေါင်းကျောင်းသား၊ ကျောင်းသူ စာရင်းရှိ ၁၅၆၈ ဦး ရှိသည့်အနက် စစ်ကောင်စီက ဖွင့်လှစ်သော မေ ၅ မှ မေ ၈ အတွင်း တက်ရောက်သူ ၁၆၅ ဦးရှိကြောင်း ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံကျောင်းသားသပိတ် စီစဉ်သူတို့၏ ယမန်နေ့ကြေညာချက်တွင် အမည်စာရင်းနှင့်တကွ ဖော်ပြခဲ့သည်။
“ပုသိမ်တက္ကသိုလ် စစ်အာဏာရှင်လက်အောက်ပညာရေးတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျွန်ပညာရေးစနစ်အောက်တွင် မလေ့လာပါရန်နှင့် အဆုံးထိ ကျောင်းမတက်ဘဲ ကျောင်းပျက်ပေးရန် ကျွန်တော်တို့ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများက တောင်းဆိုအပ်ပါသည်” ဟု ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မေ ၃ တွင်လည်း ” နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသည့် အာဇာနည်သူရဲကောင်းများ၊ CDM တွင် ပါဝင်သည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား စာနာထောက်ထားမှု မရှိဘဲ စစ်သူပုန်ကျွန်ပညာရေးအောက်တွင် ပညာသင်ကြားလိုသော မည်သည့်ကျောင်းသား၊ ကျောင်းသူကိုမဆို အောက်တန်းကျသော သစ္စာဖောက်လောက်ကောင်များအဖြစ် သတ်မှတ်မည်” ဟု ပုသိမ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ကျောင်းသားသပိတ်က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် မေ ၆ မှစ၍ ဘာသာရပ်အလိုက် အမည်စာရင်းလုပ်၍ ဖော်ပြခဲ့ပြီး တက္ကသိုလ်ကျောင်းသားအသိုင်းအဝိုင်းမှ ဖယ်ကြဉ်သွားရန် တိုက်တွန်းခဲ့သည်။
ပုသိမ်တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးက ”ပြည်သူတွေ စစ်မှန်တဲ့ ဒီမိုကရေစီ ပြန်မရမချင်း (ကျောင်း) မတက်ပါဘူး။ စစ်ကောင်စီအုပ်ချုပ်နေသရွေ့ မတက်ဘူး။ သေသွားတဲ့လူတွေအတွက် တစ်ထောင့်တစ်နေရာက ဆက်တိုက်ပွဲဝင်သွားမှာပါ”ဟု ပြောသည်။
“သူတို့ (ကျောင်းတက်သူများ) လုပ်ရပ် မှန်လား၊ မှားလား။ မှန်ထဲကြည့်ပြီး ပြန်မေးစေချင်တယ်။ သူတို့ လိပ်ပြာရောလုံလား။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ အဲဒီလောက် ဉာဏ်ရည်နိမ့်တဲ့လူတွေ မရှိလို့ ဝမ်းသာတယ်” ဟု ၎င်းကျောင်းသားက ဆိုသည်။
စစ်ကောင်စီ ပြန်ဖွင့်သော တက္ကသိုလ်တွင် တက်ရောက်နေသူများ၏ အမည်နှင့် ဘာသာရပ်အလိုက်ကို ပုသိမ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ကျောင်းသားသပိတ်မှ ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွင် နေ့စဉ် ဖော်ပြနေသည်။
ပြီးခဲ့သည့် မေ ၅ မှစ၍ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များကို အတင်းအကျပ်ဖွင့်လှစ်ရန် စစ်ကောင်စီက ကြိုးပမ်းနေပြီး တစ်ပြိုင်နက်တည်းမှာပင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်သော ပညာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ကြေညာနေသည်။
ပုသိမ်တက္ကသိုလ်မှ CDM ပြုလုပ်နေသော ပါမောက္ခအပါအဝင် ဆရာ၊ ဆရာမ ၁၂၈ ဦးကို စစ်ကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း မေ ၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပုသိမ်တက္ကသိုလ် အမှုထမ်း ၁၈ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခြင်းခံရသည်။
“ဝမ်းသာတယ်။ သူတို့ (စစ်တပ်) မကောင်းတာက ကိုယ်နဲ့ မသက်ဆိုင်တော့ဘူးပေါ့။ အာဏာစသိမ်းကတည်းက ကျောင်းမတက်တော့တာပါ။ အလုပ်တာဝန်က ယာယီရပ်ဆိုင်းတော့ ပြတ်ပြတ်သားသား ဖြစ်သွားတာပေါ့” ဟု ပုသိမ်တက္ကသိုလ်မှ CDM ဆရာမတစ်ဦးက ပြောသည်။
ကျောင်းသားကျောင်းသူတချို့ စစ်ကောင်စီဖွင့်သည့်ကျောင်း တက်ရောက်နေသည့်အပေါ် ” ကလေးတွေက နားမလည်သေးဘူး။ နိုင်ငံတကာနည်းတူ ပညာသင်ကြားနည်း ပြောင်းလဲသွားစေချင်လို့၊ ဆရာ၊ ဆရာမတွေက မကြိုက်လို့ ဘဝရော၊ အလုပ်ရော အပျက်ခံပြီး CDM လုပ်ခဲ့တာ။ ပြောရမယ်ဆိုရင် ကိုယ်တွေ မသင်ခဲ့ရတဲ့ပုံစံမျိုး သင်ကြားစေချင်တာကြောင့်ပါ” ဟု ၎င်းဆရာမက ဆက်ပြောသည်။
ထိုသို့ ဆရာ၊ ဆရာမများ တာဝန်မှ ရပ်ဆိုင်းခံရချိန်တွင် စစ်ကောင်စီဖွင့်လှစ်သောကျောင်းများကို မတက်ရောက်ရန် ကျောင်းသား၊ကျောင်းသူ အများစုက ဆုံးဖြတ်ခဲ့ကြပြီး လူထုကလည်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒပြပွဲများ နိုင်ငံအနှံ့ အရှိန်မြင့်တက်နေသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် မအူပင်ကွန်ပျုတာတက္ကသိုလ်မှ ပါမောက္ခအပါအဝင် ဆရာ၊ ဆရာမ ၃၁ ဦး၊ မအူပင်တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၁၃၇ ဦးနှင့် မအူပင်ရှိ တက္ကသိုလ်များမှ ပညာရေးဝန်ထမ်း ၂၁၇ ဦး၊ မအူပင် (နည်းပညာတက္ကသိုလ်) မှ ပါမောက္ခများအပါအဝင် ၄၉ ဦး၊ ပုသိမ်နည်းပညာတက္ကသိုလ်မှ ပါမောက္ခအပါအဝင် ၄၄ ဦး တို့အား နိုင်ငံ့ဝန်ထမ်းဥပဒေ ဖောက်ဖျက်သည်ဟုဆိုကာ စစ်ကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းခဲ့သည်။
မအူပင် (နည်းပညာတက္ကသိုလ်) မှ တာဝန်မှ ယာယီရပ်ဆိုင်းခံရသူများတွင် ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ သရုပ်ပြ၊ ဌာနမှူးများနှင့် အကြီးတန်းစာရေးများပါ ပါဝင်နေသည်။
“ဆရာမတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တဲ့အတွက် ဒီစာက ကျွန်မအတွက် ဂုဏ်ယူစရာပါ”ဟု တာဝန်မှ ယာယီရပ်ဆိုင်းခံရသည့် မအူပင်(နည်းပညာတက္ကသိုလ်) မှ ဆရာမတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သူများထဲတွင် ကျောင်းသားလူငယ်များလည်း ထိပ်ဆုံးမှ ပါဝင်ကြသည်။ တချို့မှာ ပစ်သတ်ခံရပြီး ဖမ်းဆီး၊ နှိပ်စက်၊ အကျဉ်းချခံရသူ၊ တိမ်းရှောင်နေရသူ ကျောင်းသူကျောင်းသားများလည်း အများအပြားရှိနေသည်။