
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက အငြိုးတကြီးတိုက်ခိုက်လျက်ရှိရာ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့်နည်းတူ ပြီးခဲ့သည့် နှစ်ရက်အတွင်း ဒေသခံများနှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။
မုံရွာ − ယာကြီး − ကလေးဝလမ်းမပေါ် ကျေးရွာအချို့နှင့် ချင်းတွင်းမြစ်ရိုးတလျှောက် ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ဒေသခံများ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ မေ ၆ ရက်တွင် ဒေသခံနှစ်ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိထားသူများလည်းရှိကြောင်း သိရသည်။
သမင်ခြံနှင့် မိုင်တိုင် ၂၁ ထိတွေ့တိုက်ပွဲများ
မုံရွာ − ယာကြီး − ကလေးဝလမ်းမမှ ခြောက်မိုင်အကွာရှိ ကနီမြို့နယ် သမင်ခြံကျေးရွာတွင် ယမန်နေ့ (မေ ၇) နံနက်ပိုင်းက စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရွာအနီးရှိ ဘုန်းကြီးကျောင်းကို လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
“သမင်ခြံနားမှာ စစ်တပ်က ကားတွေကို ထားခဲ့ပြီး ခြေလျင်တက်လာတာ။ ကျောက်လုံးကြီးတောင်ပေါ် ဘုန်းကြီးကျောင်းကို လက်နက်ကြီးနဲ့ ထုတယ်။ တအုန်းအုန်း၊ တဒိုင်းဒိုင်းနဲ့ တောက်လျှောက်ထုတာ။ အဲ့ဒီမှာ စစ်ဘေးရှောင်တွေရော ခိုလှုံနေတာ။ အကုန်လုံးထွက်ပြေးရတယ်” ဟု သမင်ခြံ ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ကျောက်လုံးကြီးတောင်ပေါ် ဘုန်းကြီးကျောင်းတွင် ခေတ္တတပ်စွဲခဲ့ပြီး ညနေ ၅ နာရီခန့်တွင် သမင်ခြံရွာထဲသို့ ပြောင်းရွှေ့တပ်စွဲခဲ့သည်ဟု ဒေသခံများက ဆိုသည်။
သမင်ခြံကျေးရွာအပြင် မုံရွာ − ယာကြီး − ကလေးဝလမ်းမ မိုင်တိုင် ၂၁ အနီးတွင်လည်း နံနက် ၁၁ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းလွဲပိုင်းတွင် တစ်ကြိမ် ဒေသခံများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လက်နက်ကြီးတွေနဲ့ကို တောက်လျှောက်ပစ်နေတာ။ ကျွန်တော်တို့ တစ်မိုင်ခွဲလောက်ကတောင် ကြားရတယ်။ ရွာထဲမှာလည်း ဘယ်သူမှ မနေရဲဘူး။ အကုန်ထွက်ပြေးနေရတယ်။ အရမ်းနီးလွန်းတော့ ရွာနား ကပ်ပစ်နေတယ်တောင် ထင်ရတယ်” ဟု မိုင်တိုင် ၂၁ အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပတ်သက်၍ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါထိတွေ့တိုက်ပွဲအတွင်း ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ရာ တစ်ဦးမှာ ပေါင်ကို ကျည်ထိမှန်ပြီး မစိုးရိမ်ရသော်လည်း ကျန်တစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

မှန်တောင်အနီးက တိုက်ပွဲ
ကနီမြို့နယ် ချောင်းမရွာနှင့် အောင်မင်္ဂလာရွာကြား မုံရွာ − ယာကြီး − ကလေးဝလမ်းမ မိုင်တိုင် ၁၈ ရှိ မှန်တောင်အနီးတွင် မေ ၆ ရက် နံနက်ပိုင်းက စစ်ကားတစ်စီးကို ဒေသခံများက မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ် ကပိုင်ရွာအနီးတွင် တပ်စွဲထားသည့်တပ်ကို စစ်ကူခေါ်ပြီး တိုက်ခိုက်ခဲ့သဖြင့် ဒေသခံများကလည်း လက်လုပ်တူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့ရာ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုနေ့ညနေပိုင်းတွင် ကနီမြို့နယ် မုဌောရွာနှင့် သမင်ခြံရွာကြားတွင်လည်း ကျေးရွာများမှ ဒေသခံများဖြင့် စုဖွဲ့ထားသည့် ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အသက် ၃၀ ကျော်အရွယ် သမင်ခြံရွာသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်။
“အလောင်း ပြန်မရဘူး။ လက်နက်ကြီးထိပြီး ကျသွားတာ။ အလောင်းကောက်ဖို့ သွားတဲ့သူတွေကို ဟိုဘက်က ပစ်နေလို့ မကောက်နိုင်ခဲ့ဘူး” ဟု ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ချင်းတွင်းမြစ်ရိုးက တိုက်ပွဲ
ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကင်းရွာအနီးတွင်လည်း မေ ၆ ရက်က စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၂၀ အရွယ် အထက်ကင်းရွာသား ကိုကျော်ဇင်ဖြိုး သေဆုံးခဲ့သည်။
ချင်းတွင်းမြစ်အထက်ပိုင်းသွားမည့် စစ်လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် သင်္ဘောတစ်စီးကို ဒေသခံများက ပိတ်ဆို့တားဆီးခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်
အထက်ကင်းရွာတိုက်ပွဲတွင် ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ ကင်းရွာ၊ အထက်ကင်း၊ မိချောင်းတွင်း၊ ပဲကင်း၊ တောင်ကိုးလုံးကျေးရွာများမှ ဒေသခံများပူးပေါင်း တိုက်ခိုက်ခဲ့သည့်နည်းတူ စစ်ကောင်စီဘက်မှလည်း စက်လှေငါးစီးဖြင့် စစ်ကူများရောက်ရှိလာသောကြောင့် နေ့လယ် ၂ နာရီမှ ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
“အခြေအနေဆိုးသွားတာက တိုက်ပွဲအတွင်းမှာ မိုးရွာလာတယ်။ မိုးရွာလာတော့ ကျွန်တော်တို့ ရိုးရာလက်နက် တူမီးတွေက ယမ်းမပေါက်တော့ဘူး။ ယမ်းမပေါက်တော့ သူတို့ကလည်း အဲ့ဒီအချက်ကို အခွင့်ကောင်းယူပြီးတော့ အနောက်ဘက်ကမ်းကို တက်လာပြီးတော့ ပြည်သူတွေကို လိုက်ပစ်တယ်” ဟု အဆိုပါတိုက်ပွဲတွင် ပါဝင်ခဲ့သူ ကင်းရွာဒေသခံတစ်ဦးက ပြောသည်။

ကနီဒေသခံများ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်ရ
ကနီမြို့နယ်အတွင်း နှစ်ရက်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ချင်းတွင်းမြစ်ရိုးတလျှောက်ရှိ ကင်းရွာ၊ အထက်ကင်း၊ မိချောင်းတွင်း၊ ပဲကင်း၊ တောင်ကိုးလုံး စသည့် ကျေးရွာများမှ သက်ကြီးရွယ်အိုများနှင့် ကလေးများပါမကျန် ထွက်ပြေးတိမ်းရှောင်နေရသည်။
“စစ်တပ်က သူတို့ လိုချင်တာမတွေ့ရင် မြေလှန်ရှာမှာဆိုပြီး အသံလွှင့်ထားတယ်။ ကျွန်တော်တို့မှာ မနေ့ကဆို ခါးဝတ်ခါးစားနဲ့ ပြေးလာရတာ။ ဘာမှ မပါဘူး။ စားစရာသောက်စရာကအစ သူများဆီက ချေးငှားပြီး စုပေါင်းချက်စားနေရတာ။ ရွာလည်း ပြန်ပြီး မယူရဲဘူး” ဟု အထက်ကင်းရွာမှ ဒေသခံတစ်ဦးက ပြောသည်။
မေ ၇ ရက် နံနက်ပိုင်းတွင် အထက်ကင်းရွာအတွင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်က မွှေနှောက်ရှာဖွေကာ ပြည်သူများ၏ ပစ္စည်းများ ယူသွားသည်ဟုလည်း ဒေသခံများက ပြောသည်။
ကနီမြို့နယ်အတွင်း ချောင်းမ၊ အောင်မင်္ဂလာ၊ ဇီးပင်တွင်း၊ သမင်ခြံရွာများမှ ဒေသခံများလည်း တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ကနီနယ်တဝိုက်တွင် စစ်ကောင်စီတပ်က အငြိုးတကြီး ဖိနှိပ်နေသည့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ခုချိန်မှာ ကနီလောက် တပ်က အငြိုးခံရတာ မရှိဘူး။ လက်နက် လူအင်အားအများကြီးနဲ့ကို တိုက်နေတာ။ ကျွန်တော်တို့မှာ ဘာမှမရှိဘူး။ ဖြစ်နိုင်ရင် လက်နက်အင်အား အကူအညီလိုနေတယ်။ ခုက တကယ့်အရေးပေါ်အခြေအနေကို ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ မြို့ရွာများတွင် ဒေသခံများက ရိုးရာလက်လုပ် တူမီးသေနတ်များဖြင့် ပြန်လည်ခုခံတော်လှန်နေသည့်အတွက် စစ်ကောင်စီတပ်များက ရွာများတွင် အထိုင်တပ်စွဲကာ ဆက်တိုက်နှိမ်နင်းလျက်ရှိသည်။
ပြီးခဲ့သည့် ဧပြီအတွင်း ယင်းမာပင်နှင့် ကနီမြို့နယ်များ စစ်တပ်နှင့် ဒေသခံများ လေးကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သား ၂၀ ထက်မနည်း သေဆုံးခဲ့ရသည်။