သတင်း

စစ်ကောင်စီကြောင့် ဒုက္ခိတဖြစ်ရသူ အင်ဂျင်နီယာကျောင်းသား မျက်လုံးခွဲစိတ်ရန် အခက်ကြုံနေ

စစ်ကောင်စီလက်ချက်ကြောင့် ညာလက်တစ်ဖက်ပြတ်ကာ ဒုက္ခိတဖြစ်ခဲ့ရသူ မကွေးမြို့မှ မြို့ပြအင်ဂျင်နီယာကျောင်းသား မောင်လျှံဖြိုးအောင်မှာ ယမ်းစထိမှန်ဒဏ်ရာရရှိထားသည့်  ညာဘက်မျက်လုံးကို အလျင်အမြန် မကုသနိုင်ပါက ကွယ်သွားနိုင်သော်လည်း အမှုရင်ဆိုင်ရဦးမည်ဖြစ်သဖြင့် အခက်တွေ့နေရကြောင်း ၎င်း၏ သူငယ်ချင်းတစ်ဦးက Myanmar Now ကို ပြောသည်။

“သူ့မျက်လုံးက ခွဲဖို့ လိုအပ်ပါတယ်။ သူတို့အမှုပြီးမှ လွတ်လပ်တဲ့တစ်နေရာမှာ သွားခွဲရမှာ။ ခြေထောက်ကလည်း ပုံမှန်အတိုင်း မဖြစ်နိုင်တဲ့အတွက်ကြောင့် အကြောတို့ အရိုးတို့ အထူးကုဆေးရုံတွေမှာ ကုသဖို့ လိုအပ်ပါတယ်” ဟု မောင်လျှံဖြိုးအောင်၏ သူငယ်ချင်းက ပြောသည်။

မကွေးနည်းပညာတက္ကသိုလ်၌ မြို့ပြအင်ဂျင်နီယာဘာသာရပ် ဆည်းပူးနေသူ ဒုတိယနှစ်ကျောင်းသား မောင်လျှံဖြိုးအောင်သည် မတ် ၂၇ က စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်။ 

မောင်လျှံဖြိုးအောင်၏ ညာဘက်လက်မှာ လက်ကောက်ဝတ်အထက်နားမှ ပြတ်ကာ၊ ညာဘက်မျက်လုံးသည်လည်း ကွယ်လုမတတ်ဖြစ်ခဲ့ရပြီး ဘယ်ဘက်လက်နှင့် ပေါင်တို့တွင်လည်း ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ 

ထိုသို့ ပစ်ခတ်ဖြိုခွဲခံရပြီးနောက် သေစေနိုင်လောက်သော ဒဏ်ရာများရရှိထားသည့် မောင်လျှံဖြိုးအောင်ကို စစ်တပ်က မကွေးမြို့ရှိ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး ယနေ့ (မေ ၈)အထိ ဆေးရုံမှ ဆင်းခွင့်မပေးသေးပေ။

စစ်အာဏာရှင်က ခြေမွှလိုက်သော မြို့ပြအင်ဂျင်နီယာ အိပ်မက် | Myanmar NOW (myanmar-now.org)

ထိုသို့ ဒဏ်ရာများကို ကုသမှုခံယူနေစဉ် ဧပြီလဆန်းပိုင်း၌ မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ – ကဖြင့် အမှုဖွင့်ခံခဲ့ရပြီး မကွေးထောင်တွင်းတရားရုံး၌ မေ ၆ ရက်တွင် ရုံးထုတ်စစ်ဆေးရန် စစ်ကောင်စီက စီစဉ်ခဲ့သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာမသိရဘဲ မေ ၁၃ ရက်သို့ ထပ်မံ ပြောင်းလဲချိန်းဆိုခဲ့သည်ဟု မောင်လျှံဖြိုးအောင်၏ သူငယ်ချင်းက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးလကျော်အတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပြင် ကလေးသူငယ်များပါမကျန် စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲများက အကြမ်းဖက်ပစ်ခတ်ခဲ့ရာ မေ ၇ ရက်အထိ အရပ်သားပြည်သူ ၇၇၄ ဦး သေဆုံးခဲ့ရပြီးဖြစ်ကာ ဖမ်းဆီးခံရသူ ၃၇၇၈ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button