သတင်း

မြင်းခြံမှာ စစ်တပ်က ဆယ်ကျော်သက် ၁ ဦးကို ပစ်သတ်၊ ၅ ဦးကို ဖမ်းဆီး 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာ၌ စစ်တပ်က ယနေ့ (မေ ၇) တွင် ဆယ်ကျော်သက်တစ်ဦးကို ပစ်သတ်ပြီး သူ၏ အသက် ၆၇ နှစ်အရွယ် အဘိုးဖြစ်သူကို ဖမ်းဆီးလိုက်သည်။ 

ယနေ့ နံနက် ၅ နာရီခန့်က လယ်သစ်ရွာရှိ ဒလန်ဟု စွပ်စွဲခံရသူတစ်ဦးက သူ၏ နေအိမ်တွင် လက်လုပ်ဗုံးပေါက်သည့်ကိစ္စနှင့် ပတ်သက်၍ စစ်တပ်ကို အကြောင်းကြားခဲ့ကြောင်း လယ်သစ်ရွာခံတစ်ဦးက ပြောသည်။ 

ထို့နောက် မြင်းခြံ-တံတားဦး လမ်းဘေးရှိ လယ်သစ်ရွာအတွင်း စစ်တပ်က နံနက် ၇ နာရီခန့်၌ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

“ဒလန်တစ်ယောက်က စစ်တပ်ကို ခေါ်လိုက်တာ။ စစ်တပ်ရောက်လာတော့ ရွာက ဒလန်က လမ်းပြခေါ်လာတယ်ပေါ့။ သူ (ဒလန်) အမြင်ကပ်တဲ့အိမ်တွေကို ဝင်ရှာခိုင်းတယ်။ ပြီးတော့ စစ်တပ်က ရမ်းပစ်တာတွေ လုပ်တယ်” ဟု မြင်းခြံသပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

စစ်ကားများ ရွာထဲဝင်လာစဉ် အသက် ၁၆ နှစ်အရွယ် နဝမတန်းကျောင်းသား မောင်ထက်အောင် (ခ) ဖိုးချစ်သည် ကြောက်လန့်၍ ထွက်ပြေးရာ ပစ်ခတ်ခံရပြီး ဦးခေါင်းကျည်ထိမှန်ကာ နေရာမှာပင် သေဆုံးသွားခြင်း ဖြစ်သည်။ 

ရုပ်အလောင်းကို စစ်တပ်က ယူသွားပြီး အဘိုးဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးသောင်းရင်အပါအဝင် ၅ ဦးကိုပါ ဖမ်းဆီးသွားသည်ဟု ရွာခံများက ပြောသည်။ 

ကျန် ၄ ဦးမှာ အသက် ၁၉ နှစ်အရွယ် မောင်ဝဏ္ဏအောင်၊ ၊ အသက် ၃၀ ကျော် ကိုရဲသွင်၊ အသက် ၅၀ ဝန်းကျင် ဒေါ်လှိုင်လှိုင်မြင့်၊ အသက် ၆၀ ကျော်အရွယ် ဒေါ်စန်းတို့ ဖြစ်ရသည်။ 

ယခင်က ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ NLD ပါတီဝင်များ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေသော်လည်း ရှောင်တိမ်းနေကြကြောင်း၊ အမျိုးသား ၃ ဦးနှင့် ၎င်းတို့၏ ဆွေမျိုးများဖြစ်သည့် အမျိုးသမီးနှစ်ဦးတို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရွာခံများက ပြောသည်။ 

မြင်းခြံမြို့မှ တစ်မိုင်ခန့်အကွာ လယ်သစ်ရွာမှာ လူဦးရေ တစ်ထောင်ကျော်ဝန်းကျင် နေထိုင်ပြီး ၎င်းရွာမှ စစ်တပ်အား သတင်းပေးသူမှာ ကိုမင်းမင်းဆိုသူဖြစ်ကြောင်း ရွာခံများက စွပ်စွဲထားသည်ဟု သပိတ်ခေါင်းဆောင်က ဆိုသည်။ 

“လယ်သစ်မှာ ဒလန်က တအားများတယ်။ သူတို့ကိုယ်သူတို့ မလုံခြုံတော့ဘူးလို့ ခံစားရင် အဲဒီကောင် (စစ်တပ်) တွေကို လှမ်းလှမ်းခေါ်တာ။ အဲဒီကောင် (စစ်တပ်)ကလည်း ရောက်ရောက်လာတာ။ ဒီနေ့မနက်လည်း အဲဒီလိုခေါ်လို့ ကောင်လေးက ကျသွားတာ”ဟု ၎င်းက ရှင်းပြသည်။

မိဘများ မရှိတော့ဘဲ အဘိုးဖြစ်သူနှင့်အတူ နေထိုင်ရသူဖြစ်သည့် မောင်ဖိုးချစ်၏ ရုပ်အလောင်းကို ဆွေမျိုးများက လိုက်လံတောင်းယူရန် ကြိုးစားနေကြောင်း ရွာခံများက ပြောသည်။ 

လယ်သစ်ရွာအပါအဝင် မြင်းခြံအနီးတစ်ဝိုက်ကျေးရွာများသည် မြင်းခြံမြို့ပေါ်သို့ တက်ကာ စစ်ကောင်စီအား ဆန့်ကျင်ကြောင်း ဆန္ဒပြနေသော ကျေးရွာများဖြစ်သည်။ 

ပြီးခဲ့သည့် ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ နံနက် ၄ နာရီခန့်တွင် လယ်သစ်ကျေးရွာကို စစ်တပ်က စီးနင်း၊ ပစ်ခတ်၊ ရှာဖွေ၊ ဖမ်းဆီးခဲ့သေးသည်။ 

၎င်းရွာသို့ အကြိမ်ကြိမ်သွားရောက်၍ အကြမ်းဖက်နှိပ်ကွပ်နေမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအရာရှိကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

Show More

Related Articles

Back to top button