မကွေးတိုင်း ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ဒေသခံပြည်သူများ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံနှစ်ဦးနှင့် စစ်ကောင်စီဘက်မှ ၄ ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံများက ပြောသည်။
ထီးလင်းမြို့နယ်၊ ပညာရေးမှူးရုံးတွင် ယနေ့ (မေ ၃) နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့သော လက်လုပ်မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထီးလင်းမြို့မှ ၃ မိုင်ခန့်အကွာရှိ ထန်းပင်ကုန်းရွာသို့ ရဲနှင့် စစ်တပ်က လာရောက်ရှာဖွေရာတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
“ထီးလင်းမြို့မြောက်ဘက်ကို ပြေးတယ်ဆိုပြီး အဲဒီရွာ (ထန်းပင်ကုန်း) ဘက်ကို ပုန်းတယ်ဆိုပြီး တိုက်ပွဲဖြစ်ကြတာပေါ့။ (တိုက်ပွဲက) မနက်က ၈ နာရီပတ်ဝန်းကျင်ပေါ့။ ပစ်ခတ်မှုက ၁၀ နာရီလောက်မှာ ပြီးသွားတယ်” ဟု အမည်မဖော်လိုသည့် ထီးလင်းမြို့ခံတစ်ဦးက ပြောသည်။
ပစ်ခတ်မှုတွင် ဒေသခံ နှစ်ဦးသေဆုံးကာ စစ်တပ်နှင့် ရဲဘက်မှ ၄ ဦးထက်မနည်း သေဆုံးသည်ဟု ယူဆရကြောင်းလည်း ထန်းပင်ကုန်းရွာသားတစ်ဦးက ပြောသည်။
“ဒီညတောင် (တိုက်ပွဲ) ထပ်ဖြစ်နိုင်တဲ့အခြေအနေရှိတယ်။ တင်းမာနိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ထန်းပင်ကုန်းရွာမှ သေဆုံးသူနှစ်ဦးမှာ အသက် ၅၀ အရွယ်ရှိ ဦးသန်းဘိုနှင့် အသက် ၄၀ အရွယ်ရှိ ကိုဇော်လင်းဦးတို့ ဖြစ်သည်ဟု သေဆုံးသူ ကိုဇော်လင်းထွန်း၏ ဇနီးက အတည်ပြုသည်။
လက်ရှိတွင် စစ်ကောင်စီဘက်က စစ်သား ၄၀ ခန့်ဖြင့် အင်အားထပ်မံဖြည့်တင်းထားပြီး ထီးလင်းမြို့နယ် ထွေအုပ်ရုံး၌ တပ်စွဲထားသည်ဟု သိရသည်။
လွန်ခဲ့သည့်တစ်လခန့်က ထန်းပင်ကုန်းရွာတွင် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ညသပိတ်ပြုလုပ်နေစဉ် စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွဲရာ ရွာသားတစ်ဦး သေဆုံးခဲ့သည်။
ထို့ပြင် ယနေ့ နေ့လယ်ပိုင်းတွင်လည်း ဂန့်ဂေါမြို့မြောက်ဘက် ဟားခါးနှင့် ကလေးမြို့သွားရာလမ်းခွဲတွင် စစ်ကား ၈ စီး ဖြတ်သန်းလာစဉ် လက်လုပ်မိုင်းဟု ယူဆရသည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
“ကလေးမြို့ကနေပြီးတော့ စစ်ကား ၈ စီး လာတာကို လက်လုပ်မိုင်းလို့ ယူဆရတဲ့မိုင်းပေါ့။ ပေါက်ကွဲတယ်။ ဂန့်ဂေါမြို့ရဲ့မြောက်ဘက်လမ်းခွဲ၊ ဟားခါးမြို့ကိုသွားတာရယ် ကလေးမြို့ကိုသွားတာရယ် လမ်းခွဲပေါ့။ အဲဒီနားမှာလို့ ကြားတယ်။ အသေအပျောက်ရှိတယ်လို့ ကြားပါတယ်” ဟု ဂန့်ဂေါဒေသခံက ဆိုသည်။
အဆိုပါစစ်ကားများမှာ ကလေးမြို့ဘက်မှ ဆင်းလာခြင်းဖြစ်ပြီး ဟားခါးမြို့သို့ သွားမည်ဟု ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။
“ကားက ကလေးမြို့ဘက်က လာတာ။ လောလောဆယ် စစ်ကားတွေကတော့ ဂန့်ဂေါမှာပဲ။ ဒီကားတွေက ဟားခါးဘက်ကို သွားမယ်လို့ ယူဆရတယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့ (မေ ၂) ည ၇ နာရီခန့်က ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ စစ်တပ်မှ ၄ ဦး သေဆုံးကြောင်း Chinland Defense Force (ဟားခါး) က ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်ကောင်စီရန်မှ ကာကွယ်ရန် ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်နှင့် ချင်းပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများက ဧပြီလဆန်းပိုင်းတွင် Chinland Defense Force ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။