မန္တလေးမြို့၏ နာမည်ကျော် မြတောင်သပိတ်စစ်ကြောင်း ယနေ့( မေ ၂) နေ့တွင် ချီတက်ရန် ပြင်ဆင်နေစဉ် လူစုခွဲခံရပြီး အရပ်သား ၄ ဦး အဖမ်းခံရသည်။
မွန်းတည့် ၁၂ နာရီခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်စုရပ်တွင် ရှိနေသော ဆန္ဒပြသူတို့ထံ စစ်ကား၊ ရဲကား ၅ စီး ရောက်လာပြီး လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသူ ၄ ဦးအား ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သပိတ်တွင်ပါဝင်သူများက ပြောသည်။
“ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ထဲ ထိုင်နေချိန် “တစ်ယောက်မှ မထနဲ့၊ မပြေးနဲ့” ဆိုပြီး ရောက်လာတယ်။ အကုန် ထပြေးကြတယ်။ မိသွားတဲ့လေးယောက်က သပိတ်ကလူတွေ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။
ထိုသို့ ဖမ်းဆီးပြီး ပြည်သူများ၏ ဆိုင်ကယ် ၇ စီးကိုပါ ယူဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း မန္တလေးစိန်ပန်းရပ်ကွက်နှင့် အရှေ့ပတ္တာရပ်ကွက်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ကြောင်း၊ မည်မျှဖမ်းဆီးခံရသည်ကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။
အလားတူ မန္တလေး ၄၁ လမ်း၊ ၈၄ လမ်းအနီး သပိတ်စစ်ကြောင်းမှ ပြန်လာသည်ဟု ယူဆရသည့် ဆိုင်ကယ်များကို လိုက်လံဖမ်းဆီးစဉ် စစ်တပ်က သေနတ် ၃ ချက် ပစ်ဖောက်ခဲ့သည်ဟု မြို့ခံများက ပြောသည်။
ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာဝင်းအတွင်း၌လည်း စစ်တပ်က အင်အားအများအပြားဖြင့် နေ့လယ်ပိုင်း၌ စီးနင်းရှာဖွေခဲ့သည်။
ယင်းကဲ့သို့ နေ့ရောညပါ စစ်တပ်က ခြိမ်းခြောက်၊ ပစ်ခတ်၊ ဖမ်းဆီးနေသော်လည်း မန္တလေးတွင် မြတောင်သပိတ်စစ်ကြောင်း၊ တပ်ပေါင်းစုသပိတ်၊ အမရပူရသပိတ်၊ တကသနှင့် ဗကသများ၏ သပိတ်အပါအဝင် သပိတ်စစ်ကြောင်းများက အားကောင်းနေဆဲဖြစ်သည်။
ဧပြီ ၂၄ နံနက် ၉ နာရီခန့်က မန္တလေးတွင် ဆန္ဒပြသပိတ်စစ်ကြောင်းတစ်ခု ပစ်ခတ်ဖြိုခွင်းခံရပြီး ရပ်ကွက်နေပြည်သူတစ်ဦး ဒဏ်ရာရရှိကာ ၅ ဦးထက်မနည်း ဖမ်းဆီးခံရသည်။ ယင်းနေ့မှာပင် ချမ်းမြသာစည်မြို့နယ်တွင် ကားတာယာမီးရှို့သည့် လူငယ်တစ်ဦးကို စစ်ကောင်စီလက်နက်ကိုင်တို့က ပစ်သတ်ခဲ့သည်။
မန္တလေးမြို့တွင် ဧပြီ ၂၆၊ ည ၇ နာရီခန့်က အသက် ၄၀ ကျော်အရွယ် ထမင်းကြော်ရောင်းသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီ၏ လက်နက်ကိုင်များက ပစ်သတ်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ယမန်နေ့ (မေ ၁) အထိ စစ်ကောင်စီလက်နက်ကိုင်များက ၇၅၉ ဦးကို ပစ်သတ်ခဲ့ပြီး လူ ၄၆၀၀ ခန့်ကို ထိန်းသိမ်းထားသည်။
စစ်ကောင်စီကမူ ထိုစာရင်း မှားယွင်းနေကြောင်း၊ စာရင်းထဲရှိ ၇ ဦး မှာ ၎င်းတို့လက်ချက်ကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း စစ်ကောင်စီက ၎င်းတို့၏ သတင်းစာများတွင် ဧပြီ ၃၀နှင့် မေ ၂ ရက်နေ့များက ငြင်းဆိုသည်။
ဧပြီလဆန်းပိုင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် စစ်ကောင်စီပြောခွင့်အရာရှိက သေဆုံးမှုအရေအတွက်မှာ ရဲ ၁၀ ဦး၊ စစ်သား ၆ ဦးအပါအဝင် စုစုပေါင်း ၂၄၈ ဦးသာ ရှိသည်ဟု ပြောခဲ့သည်။