ကရင်ပြည်နယ်အတွင်း အရပ်သားပစ်မှတ်များကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ရုံသာမက လေကြောင်းမှပါ တိုက်ခိုက်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (မေ ၁) တွင် သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဧပြီ ၃၀) တွင် နံနက် ၁ နာရီ ၄၀ မိနစ်ခန့်မှစ၍ တပ်မဟာ ၅ နယ်မြေ ဒါးကွေ မယ်ခါးထာကို ဗုံးကြဲခဲ့ကြောင်း၊ နေ့လယ် ၁၁ နာရီ ၂၀ မိနစ်တွင် ဒါးကွေကို ထပ်မံဗုံးကြဲခဲ့ပြီး လေယာဉ်စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မွန်းလွဲ ၁ နာရီခန့်တွင် ဝေဘုထာနေရာကိုလည်းကောင်း၊ ၁ နာရီခွဲခန့်တွင် ဒါးကွေနေရာကိုလည်းကောင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်၊ လူသောမြို့နယ်၊ လယ်မူပလောကျေးရွာအုပ်စု ထော့မူပလယ်မဲရှိ လယ်ယာလုပ်ငန်းခွင်နေရာများသို့ လက်နက်ကြီး ၁၇ လုံး ပစ်ခဲ့ကြောင်း KNU ဘက်က ဆိုသည်။
ထိုသို့လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာတွင် ဒေသခံ စောဆာဝါး၏ စပါးကျီကို ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ကလည်း တပ်မဟာ ၁ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း၌ စစ်အုပ်စု၏ တိုက်လေယာဉ်များ လှည့်ပတ်ပျံသန်းနေမှုများကြောင့် ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးနယ်အုပ်စု ၆ စုမှ ဒေသခံပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။
တစ်ဖက်သတ်အပစ်အခတ်ရပ်စဲထားမှုကို မေ ၁ မှ ၃၁ အထိ သက်တမ်းတစ်လ ထပ်တိုးကြောင်း စစ်တပ်က ကြေညာသည့်နေ့တွင်ပင် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မေးမြန်းရန် စစ်တပ်ပြန်ကြားရေးဌာနကို ဆက်သွယ်၍ မရသေးပေ။
ပြီးခဲ့သည့် မတ်၂၇ တပ်မဟာ ၅ နယ်မြေ ကရင်ပြည်နယ်၊ မူတရော်ခရိုင် (ဖာပွန်) အတွင်းရှိ စစ်တပ်၏ သီးမူထာစစ်စခန်းကို KNU ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) က ဝင်ရောက်သိမ်းပိုက်နိုင်ပြီး ယင်းညမှစ၍ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
တပ်မဟာ ၃ နှင့် တပ်မဟာ ၅ နယ်မြေများတွင် လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ယင်းဗုံးကြဲမှုများအတွင်း အရပ်သား ၂၀ သေဆုံးခဲ့ကြောင်း သိရသည်။
မတ် ၂၇ မှ ဧပြီ ၃၀ အတွင်း KNLA နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဧပြီ ၂၇ နံနက်အစောပိုင်း၌ ထိုင်း − မြန်မာနယ်စပ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ သော်လဲထာတပ်စခန်း၊ ညနေပိုင်း၌ မယ်ရာထာစခန်းကို KNLA တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
မယ်ရာထာစခန်းသိမ်းတိုက်ပွဲ၌ စစ်တပ်ဘက်မှ တပ်ခွဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုလည်းရှိခဲ့ကြောင်း KNU ဘက်မှ သတင်းထုတ်ပြန်ထားသည်။
ယင်းနေ့ နေ့လယ် ၁ နာရီဝန်းကျင်တွင် သောလယ်ထာစခန်းနှင့် ၁၀ မိုင်အကွာရှိ ဒါးကွေဒေသ ကရင်ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။