
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ရုပ်သံလိုင်းဖမ်းယူသည့် PSI စက်များကို ဖြုတ်သိမ်းပေးရန် ဖိအားပေးနေ၍ ယနေ့ (ဧပြီ ၂၈) ၌ ဖြုတ်သိမ်းပေးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
စစ်တပ်က ခန့်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပတ်လှည့်လည်ကာ စလောင်းဖြုတ်သိမ်းရန် ကြေညာခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“ဒီနေ့ အားလုံး ဖြုတ်ခဲ့ရပါတယ်။ ကျွန်တော့်မှာရှိတဲ့ စလောင်းကိုလည်း ဖြုတ်လိုက်ရတယ်။ ခရိုင်ရဲ့ ညွှန်ကြားချက်အရဆိုပြီးတော့ မနေ့က သုံးဘီးနဲ့ပတ်ပြီး စပီကာနဲ့ တပ်တောင်တစ်မြို့လုံးကို အော်ပါတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
PSI ရုပ်သံဖမ်းစက်သည် ထိုင်းနိုင်ငံမှ ထုတ်လုပ်ထားပြီး ရုပ်သံသတင်းနှင့် ရုပ်ရှင်ဇာတ်လမ်းတွဲများကိုပါ ဖမ်းယူကြည့်ရှုနိုင်သဖြင့် မြန်မာနိုင်ငံအနှံ့အပြား လူသုံးများနေသည်။
ဥပဒေအရအရေးယူမည်ဟု ပြောဆိုခြင်းမှာ ခြိမ်းခြောက်သည့်သဘော သက်ရောက်ကြောင်း အမ်းမြို့နယ်မှ လူမှုရေးလုပ်ငန်းများလုပ်ဆောင်နေသည့် ကိုမျိုးလွင်က ပြောသည်။
“ဒီ PSI စလောင်းမှာက ဒီဗွီဘီတို့ ၊ မဇ္ဈိမတို့လာတယ်။ အဲဒီအထဲမှာ ဗွီအိုအေတို့ နောက်ထပ်အစီအစဉ်တွေလည်း လာတာတွေပါတယ်။ ဘီဘီစီတို့လည်း အဲဒီအစီအစဉ်တွေမှာပါတယ်။ ဒီအမှန်တရားကို ကြည့်နေကြတဲ့ ပြည်သူတွေအနေနဲ့ အမှန်တရားနဲ့ ကင်းဝေးသွားပြီးတော့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားတဲ့ ပုံစံမျိုး ကြုံတွေ့လာနိုင်တယ်” ဟု ၎င်းက ပြောသည်။
PSI စလောင်းများ ဖြုတ်သိမ်းစေရေးအစီအစဉ်ကို ခရိုင်အဆင့်စစ်ကောင်စီက အကြောင်းကြားလာသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယမန်နေ့ (ဧပြီ ၂၇) ၌ အမ်းမြို့တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
တရားဝင်သုံးစွဲခွင့် ပြုထားခြင်းမရှိသော PSI စလောင်းအသံဖမ်းစက်များတပ်ဆင်၍ ရုပ်သံလိုင်းများ တရားမဝင်ကြည့်ရှုအသုံးပြုနေသည်ကို တွေ့ရှိရသည်ဟု ခရိုင်၏ အကြောင်းကြားစာတွင်ပါရှိကြောင်း သိရသည်။
သတင်းလုပ်ငန်းလိုင်စင် ရုပ်သိမ်းသည်ဟု စစ်ကောင်စီက ကြေညာထားသော သတင်းဌာန ငါးခုအနက် DVB, Mizzima ရုပ်သံလိုင်းများကို အဆိုပါ PSI ရုပ်သံဖမ်းစက်မှ ဖမ်းယူကြည့်ရှုနိုင်နေခြင်း ဖြစ်သည်။
ထို့ကြောင့် အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူတို့ကို လိုက်လံနှိပ်ကွပ်ရန် တာဝန်ပေးခံရသော ရဲနှင့် စစ်သားများသည် ဧပြီ ၈ နောက်ပိုင်းမှစ၍ PSI စလောင်းများ ဖြုတ်သိမ်းစေရေးအစီအစဉ်ကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်အပါအဝင် နေရာဒေသအများအပြားတွင် ဖိအားပေးလုပ်ဆောင်လာကြသည်။
မန္တလေးတိုင်း ညောင်ဦးမြို့နယ်တွင်လည်း ယင်းစက်များ ဖြုတ်သိမ်းရန် ဧပြီ ၂၆ က ကြေညာခဲ့ပြီး စစ်တပ်က မြို့ရွာအနှံ့ လိုက်လံဖြုတ်သိမ်းရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်လည်း ယခုကဲ့သို့ စစ်တပ်က ဖြုတ်သိမ်းရန် ဖိအားပေးစေခိုင်းခဲ့ခြင်း ဖြစ်သည်။
ဂွမြို့နယ်တွင်လည်း PSI စက်များ ဖြုတ်ပေးရန် လွန်ခဲ့သည့်တစ်လအတွင်းက ကြိုးပမ်းခဲ့သည်ဟု မြို့ခံများက ဆိုသည်။
“အဲဒီစက်တွေရောင်းတဲ့ ဆိုင်တွေကိုလည်း မရောင်းနဲ့ဆိုပြီး ပြောတာတွေလည်းရှိတယ်လို့ ကြားပါတယ်။ ဂွတစ်မြို့နယ်လုံးကို ပြောတာလို့ သိရပါတယ်။ ဟိုတလောက PSI တွေကို လိုက်ပြီးတော့စစ်တယ် ဘာညာပြောတော့ ဖြုတ်ထားလိုက်တယ်။ အခုတော့ သူတို့ ဘာမှမပြောတော့ ပြန်တပ်ထားတယ်”ဟု ဂွမြို့ခံတစ်ဦးက ပြောသည်။
အမ်းမြို့တွင် PSI စက်များကို ဖြုတ်သိမ်းသည်ကို ကြားသိရသော်လည်း မင်းပြားတွင် တစ်စုံတစ်ရာ အသိပေးအကြောင်းကြားခြင်းမရှိသေး၍ ဆက်လက်အသုံးပြုနေကြဆဲဖြစ်သည်ဟု မင်းပြားမြို့ခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်အချို့တွင် PSI ရုပ်သံဖမ်းစက်များအသုံးပြုမှုကို စစ်ကောင်စီက တရားမဝင်ဟုဆိုကာ ဖြုတ်သိမ်းရန် ဖိအားပေးမှုများရှိနေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပုံမှန်သုံးစွဲလျက်ရှိနေကြသည်။
သတင်းအမှောင်ချလိုသည့် စစ်ကောင်စီသည် စလောင်းဖြုတ်သိမ်းနေသည့်အပြင် တယ်လီဖုန်းဖြင့် အင်တာနက် အလွယ်တကူသုံးစွဲမှုမပြုနိုင်စေရန်လည်း ပိတ်ပင်လျက်ရှိသည်။
တန်ဖိုးနည်း PSI ရုပ်သံဖမ်းစက်ကို သတင်းကြည့်လိုသူများသာမက ရုပ်ရှင်နှင့် ဖျော်ဖြေရေးအစီအစဉ်ကြည့်လိုသူများကလည်း အားကိုးနေကြသည်။