ယင်းမာပင် ကျေးလက်ဒေသတွင် စစ်တပ် တပ်စွဲပြီး သောင်းကျန်းနေ

စစ်တပ်က စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် ခြိမ်းခြောက်ရိုက်နှက်ခြင်းများဖြင့် လူထုကြောက်လန့်အောင် လုပ်ဆောင်နေပြီး ကျေးရွာတွင်ပါ အထိုင်ချကာ အနီးအနားရွာများကို ရှာဖွေဖျက်ဆီးနေသည်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းနေသော စစ်တပ်၏ တပ်မ ၇၇ ။ (ဓာတ်ပုံ-Myanmar Now) 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာတွင် အာဏာသိမ်းစစ်တပ်က ယမန်နေ့ (ဧပြီ ၂၅) ကတည်းက အထိုင်ချ တပ်စွဲထားပြီး အနီးအနားကျေးရွာများကို ဝင်ရောက်ရှာဖွေဖျက်ဆီးနေသည်။

အဆိုပါ ကပိုင်ရွာသည် မုံရွာ – ယာကြီး- ကလေးဝလမ်းမှ လေးမိုင်အကွာတွင် တည်ရှိပြီး၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်နှင့် ကပ်လျက်တည်ရှိသော ယင်းရွာကို စစ်တပ်က တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် ဝင်ရောက်တပ်စွဲခြင်း ဖြစ်သည်။ 

ယမန်နေ့ နေ့လယ်တွင် စစ်ကား ၈ စီး၊ ဘူဒိုဇာတစ်စီးတို့ ကပိုင်ရွာသို့ ဝင်လာပြီး အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ရုံး၊ တိုက်နယ်ဆေးရုံနှင့် အထက်တန်းကျောင်းတို့တွင် ဝင်ရောက်တပ်စွဲလိုက်သည်။ 

ထို့နောက် ယနေ့မနက်တွင် ကပိုင်ရွာ၏ တောင်ဘက် လေးမိုင်ခန့်အကွာတွင်ရှိသည့် လက္ကပြားကျေးရွာနှင့် ကြိုပင်ရွာတို့၌ စစ်တပ်က ၅ နာရီနီးပါး ဝင်ရောက်ရှာဖွေဖျက်ဆီးခဲ့သည်။

“ရွာထဲမှာ ဘယ်သူမှ မနေရဲဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကပိုင်ရွာမှာ တပ်စွဲထားကတည်းက ဒီဘက်ကို အချိန်မရွေးရောက်လာနိုင်လို့ အကုန်လုံးက ရှောင်နေကြတယ်။ ဒီနေ့တော့ ရွာထဲရောက်လာပြီး ပြတင်းပေါက်မှန်တွေခွဲ၊ သေတ္တာတွေ ရိုက်ဖွင့်ပြီး အိမ်တွေကို ဝင်ပြီးမွှေနှောက်သွားတယ်” ဟု လက္ကပြားဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

ဧပြီ ၂၁ တွင် ကပိုင်ရွာ၌ ပထမအကြိမ်တပ်စွဲစဉ် ကျေးရွာရှိ အိမ်ခြေ ၈၀၀ ဝန်းကျင်အနက် သုံးပုံနှစ်ပုံကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးသွားသည်ဟု ကပိုင်ရွာဒေသခံများက ဆိုသည်။  

၎င်းရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးဆိုင်းဘုတ်ကို ရိုက်ချိုးဖျက်ဆီးပြီး အတွင်းကိုလည်း ဝင်ရောက်မွှေနှောက်ကာ ဆိုင်ကယ်ဘီးများကို ထိုးဖောက်ပြီး ထုရိုက်ဖျက်ဆီးသွားသည်။

ကပိုင်ရွာဒေသခံများက အိုးအိမ်စွန့်ပစ်ကာ အထိတ်တလန့်ဖြင့် ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် စစ်တပ်က အိမ်များကို မွှေနှောက်ဖျက်ဆီး၍ ကြက်၊ ဝက်များ သတ်ဖြတ်စားသောက်ကာ တန်ဖိုးရှိသည့် ရွှေတိုရွှေစအပါအဝင် ဆိုင်ကယ်၊ စက်ဘီးတို့ကို ယူဆောင်သွားသည်။

“မုန့်ဆိုင်တွေကနေ မုန့်တွေယူသွားတယ်။ ဆိုင်ဖွင့်ထားတဲ့အိမ်တွေက အရက်တွေ၊ ဘီယာတွေ ယူသောက်၊ ကြက်တွေချက်စားပြီး နှစ်ညလောက် ပျော်ပျော်ပါးပါးနေသွားကြတာ။ စီဒီစက်ရှိတဲ့အိမ်တွေမှာဆို တချို့က သီချင်းတွေဆိုပြီး အဲဒီလိုနေသွားတာ” ဟု ကပိုင်ကျေးရွာဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

စစ်ကောင်စီ၏ တပ်များက ယခုလဆန်းပိုင်းကတည်းက စတင်ကာ ယင်းမာပင်နှင့် ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို ပစ်မှတ်ထားကာ တပ်စွဲပြီး ဝင်ရောက်ရှာဖွေမှုများလုပ်နေသည့်အတွက် ရွာပေါင်း ၃၀ ကျော်မှ ဒေသခံ သောင်းနှင့်ချီပြီး ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ထွက်ပြေးတိမ်းရှောင်နေသူများတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များပါဝင်ပြီး ရာသီဥတု အပူရှိန်ပြင်းထန်သည့်အတွက် သောက်ရေနှင့် စားစရာ အခက်အခဲကြုံနေရသည်ဟု တိမ်းရှောင်နေရသူများက ပြောသည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းသည့် နယ်မြေများဖြစ်သည့် ယင်းမာပင်နှင့် ကနီမြို့နယ်တို့မှ ကျေးရွာများကို စစ်တပ်က လက်ပစ်ဗုံးများ၊ စက်သေနတ်များအပါအဝင် လက်နက်ကြီးအင်အား အလုံးအရင်းဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံများကလည်း လက်လုပ်တူမီးသေနတ်များအပါအဝင် ရရာလက်နက်ဖြင့် ခုခံကာကွယ်ခဲ့သည်။ 

ယခုလအတွင်း ယင်းမာပင်နှင့် ကနီမြို့နယ်တဝိုက် ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့် ဒေသခံများကြား လေးကြိမ်ထက်မနည်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ ၂၀ နီးပါး သေဆုံးခဲ့သည်။ 

ကလေးမြို့နယ်တွင် စာသင်ကျောင်း တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအနောက်ပိုင်း လက်ပံချောင်း-ရာဇဂြိုဟ်ကားလမ်းမကြီးဘေးရှိ ရွာစာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်သည်။

အဝေးထိန်းမိုင်း ထိန်းချုပ်စက်များ သုံးရန် စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားထား

တော်လှန်ရေးအဖွဲ့များ အဓိကသုံးစွဲလေ့ရှိသည့် မိုင်းဒဏ် မခံရစေရေး Jammer (ဆက်သွယ်ရေးလှိုင်း ဖြတ်တောက်စက်) ၆ မျိုး သုံးစွဲရန် စစ်ကောင်စီက အောက်ခြေတပ်များကို အမိန့်ပေးထားသည်။

ပြည်သူအပေါ် အကြမ်းဖက်နေသည့် မြန်မာစစ်တပ်ကို အင်ဒိုကာကွယ်ရေးဝန်ကြီး ဆုံးမ

လူထု၏ မုန်းတီးခြင်းခံနေရသည့် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံရေးမှ ဖယ်ခွာပြီး ပြည်သူကို ကာကွယ်ရေးဆိုသော စစ်တပ်၏ ပဓာနတာဝန်ကိုသာ ထမ်းဆောင်သင့်ကြောင်း အင်ဒိုနီးရှားစစ်တပ် ဗိုလ်ချုပ်ဟောင်း၊ လက်ရှိ ကာကွယ်ရေးဝန်ကြီးက ပြောသည်။

မုန်တိုင်းသင့်ဒေသများကို ဝင်ရောက်ခွင့်မရသေးကြောင်း ကုလထုတ်ပြန်

မိုခါမုန်တိုင်းကြောင့် နေအိမ်၊ လယ်ယာနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရာ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လူဦးရေ ၁ ဒသမ ၆ သန်းခန့်မှာ သေရေးရှင်ရေးတမျှ

လားရှိုးထောင်ရှိ အမျိုးသမီးတစ်ဦး နှစ်နှစ်ကျော်အထိ ဦးခေါင်းဒဏ်ရာ ဆေးကုခွင့်မရ

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးမှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အဖမ်းခံရခြင်းဖြစ်ကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ အမှတ် (၅၇) စစ်ကြောရေးတွင် တစ်ပတ်ခန့် အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်။