သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့်ရှေ့နေတွေ့ခွင့် ရဲတပ်ဖွဲ့ခေါင်းရှောင်နေဆဲ

ဖေဖော်ဝါရီလဆန်း အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက တရားစွဲပြီးဖြစ်သည့် အမှု ၆ ခုကို ရင်ဆိုင်ရန် ရှေ့နေအဖွဲ့နှင့် တွေ့ဆုံခွင့်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ်တောင်းဆိုနေသော်လည်း ရဲတပ်ဖွဲ့က အထက်အမိန့်မရသေးဟုသာ ယနေ့တိုင် တုံ့ပြန်နေသည်။ 

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တရားရုံးတွင် Video Conferencing စနစ်ဖြင့် ယနေ့ (ဧပြီ ၂၆) ရုံးထုတ်စစ်ဆေးစဉ် ရဲတပ်ဖွဲ့က ထိုသို့အကြောင်းပြခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါဆောင်ရွက်မည့် ၆ ဦးပါ ရှေ့နေအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဇော်က မီဒီယာများကို အသိပေးသည်။

“ရဲက အရင်အတိုင်းပါပဲ။ သူတို့က အထက်ကို တင်ပြထားပါတယ်။ အခုထိ အထက်က ပြန်ကျမလာသေးပါဘူးဆိုတော့ တရားရုံးက ဘယ်အဆင့်ရောက်ပြီလဲ မေးပါတယ်။ ဘယ်နားမှာရောက်နေသလဲ၊ ဘယ်လိုအခြေအနေလဲဆိုတာ အဲဒါလည်း သူ(ရဲ)မပြောနိုင်ပါဘူးလို့ ဆိုတယ်။ အဲဒါနဲ့ တရားသူကြီးက ရှေ့နေတွေနဲ့ အမှုသည်တွေက သည်းခံပြီးစောင့်ဆိုင်းပေးဖို့ ပြောပါတယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေပြည်တော်၌ ပုဒ်မငါးခု၊ ရန်ကုန်၌ ပုဒ်မတစ်ခု အမှုဖွင့်ထားခြင်းဖြစ်သည်။ အလားတူပင် ယနေ့ (ဧပြီ ၂၆) တစ်ပါတည်း စစ်ဆေးသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့၏ ရှေ့နေနှင့် တွေ့ခွင့်မှာလည်း ရဲတပ်ဖွဲ့ထံမှ ရေရာသည့် အဖြေမရခဲ့ပေ။

Video မှတစ်ဆင့် မြင်တွေ့မှုအရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ ကျန်းမာရေးကောင်းမွန်သည်ဟု ခန့်မှန်းသိရှိရကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ နည်းနည်းပိန်သွားတယ်။ ကျန်းမာရေးအခြေအနေကတော့ သိပ်အဆိုးကြီးတော့ ကျွန်တော်တို့ မတွေ့ရပါဘူး”ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင်များဖြစ်သည့် ၎င်းတို့သုံးဦးစလုံး၏ ရုံးချိန်းကို မေ ၁၀ ရက်သို့ ချိန်းဆိုလိုက်ပြီး စွပ်စွဲခံရသူများနှင့် ရှေ့နေအဖွဲ့တွေ့ခွင့်အပေါ် ရဲတပ်ဖွဲ့၏ သဘောထား ပြန်ကြားရမည်ဟု တရားရုံးက ညွှွှန်ကြားလိုက်ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေနှင့် ပေးမတွေ့ခြင်းမှာ ကပ်းဘေးကာလအခြေအနေနှင့် အမျိုးသားလုံခြုံရေးကြောင့်ဖြစ်သည်ဟု ရုရှားနိုင်ငံ RIA News ကို စစ်ကောင်စီ၏ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် ရက်ပိုင်းက ဖြေကြားထားဖူးသည်။

“ရှေ့နေအနေနဲ့ ဒီလိုတောင်းဆိုလာတယ်ဆိုတာရဲ့ နောက်ကွယ်မှာ အခြားအကြောင်းအရာတွေ ရှိနေနိုင်ပါတယ်။ သူတို့အနေနဲ့ တရားမဝင်ဆက်သွယ်မှုများ ဆောင်ရွက်ပြီး ညွှန်ကြားချက်တောင်းခံတာမျိုးတွေ ဆောင်ရွက်လာနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ထောင်ဒဏ် ၁ နှစ်ထိ ချမှတ်နိုင်သည့် လိုင်စင်မရှိသည့်ပစ္စည်း လက်ဝယ်ကိုင်ဆိုင်မှု ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

ထို့အတူ ၎င်း၏ အနီးကပ်လုံခြုံရေးတပ်ဖွဲ့မှ သုံးစွဲသည့် စကားပြောစက်များမှာ တရားမဝင်တင်သွင်းထားသည်ဟူသော စွပ်စွဲချက်ဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ၊ ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကို ကြိုဆိုမှုဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့် စစ်ကောင်စီကတစ်မှု၊ ဦးညီညီဆိုသူကတစ်မှု တရားစွဲထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၄ နှစ်ထိ ကျခံနိုင်သည့် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် စစ်ကောင်စီက မတ် ၂၅  တွင် ရန်ကုန်မြို့၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆိုထားသေးသလို အဂတိမှုများဖြင့်လည်းစစ်ဆေးနေသည်ဟု စစ်ကောင်စီက ဆိုထားသည်။

ဦးဝင်းမြင့်မှာမူ ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ကိုဗစ်စည်းကမ်းများနှင့် မညီဘဲ ရွေးကောက်ပွဲမဲဆွယ်မှုတွင် ပါဝင်မှုအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေတို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကိုမူ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ကို တရားစွဲထားသည့် ရာဇသတ်ကြီးပုဒ်မ  ၅၀၅ (ခ)အမှု၌ အမှုတွဲအဖြစ် စစ်ကောင်စီက ထည့်သွင်းအရေးယူထားခြင်းဖြစ်သည်။

Show More

Related Articles

Back to top button