သတင်း

အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဟောင်းကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံအဖြစ် အာဆီယံလျာထား 

လက်ရှိ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ၂၀၀၁ မှ ၂၀၀၉ အထိ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Hassan Wirajuda ကို မြန်မာနိုင်ငံအထူးသံတမန်အဖြစ် လျာထားကြောင်း Nikkei Asia ယနေ့ (ဧပြီ ၂၆) သတင်းက ဆိုသည်။

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် ခန့်အပ်တာဝန်ပေးရေးနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စုဘက်မှ လက်ခံခြင်း ရှိမရှိကိုမူ မသိရသေးပေ။

အာဆီယံအထူးအစည်းအဝေးတွင် ရရှိခဲ့သည့် ဘုံသဘောတူညီချက်များအရ ထိုအထူးသံတမန်သည် အာဆီယံအတွင်းရေးမှူးချုပ်၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် စေ့စပ်ဆွေးနွေးရေးလုပ်ငန်းစဉ်ဖြစ်မြောက်ရန် ကြားဝင်ပေးမည်ဖြစ်သည်။ 

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ် လျာထားခြင်းခံရသူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းသည် ရိုဟင်ဂျာမွတ်စလင်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့ဖူးသူဖြစ်သည်။  

အသက် ၇၂ နှစ်အရွယ် အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဟောင်း Wirajuda သည် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာရွေးကောက်ပွဲများ၊ ဒီမိုကရေစီနှင့် လုံခြုံရေးဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်သည်။ 

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်သည် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ရိုဟင်ဂျာမွတ်စလင်များအပေါ် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ ၂၀၁၆ မှ ၂၀၁၇ အတွင်း စုံစမ်းစစ်ဆေးခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ 

ကမ္ဘာပေါ်တွင် မွတ်စလင်လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏သမ္မတ ဂျိုကိုဝီဒိုက အာဆီယံအစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည်များကို လက်ခံနိုင်စရာမရှိကြောင်း၊ အကြမ်းဖက်မှုများကို ရပ်တန့်ပြီး ဒီမိုကရေစီ၊ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ပြန်လည်အသက်သွင်းရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 

အာဆီယံ၏ နာမည်ကြီးမူဝါဒတစ်ခုမှာ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးအခြေအနေကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေးဖြစ်သည်။ ဤအခြေအနေကြောင့် အာဆီယံက မြန်မာ့အရေး ကြားဝင်ဖြေရှင်းရေးဆောင်ရွက်မှုများသည် အလုပ်ဖြစ်မည်မဟုတ်၊ စစ်ကောင်စီ၏ ရည်ရွယ်ချက်များ အထမြောက်စေရန် အချိန်ဆွဲပေးသကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု ဝေဖန်ခံနေရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ဖြစ်သူ Christine Schraner Burgener ကို လာရောက်ခွင့်ပြုရေး စဉ်းစားပေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့သည်ဟုလည်း Nikkei Asia သတင်းက ဆိုသည်။

မြန်မာ့အရေး အာဆီယံအထူးထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြီးခဲ့သည့် စနေနေ့က အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ရာတွင် ကုလအထူးသံတမန် Christine Schraner Burgener က မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ရရန် မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။

“ကျွန်မကိုလက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ တပ်မတော်ဘက်က ပြောတော့ စိတ်မကောင်းမိဘူး။ ကျွန်မကတော့ ဆွေးနွေးဖို့ အဆင်သင့်ပါပဲ။ အကြမ်းဖက်မှုတွေက ဘယ်တော့မှ ရေရှည်ခိုင်မြဲတဲ့ ဖြေရှင်းမှုတွေကို ဦးတည်စေမှာ မဟုတ်ပါဘူး” ဟု ကုလအထူးသံတမန်က ဆိုသည်။

အာဆီယံအထူးအစည်းအဝေးမတိုင်မီကတည်းက အရှေ့တောင်အာရှသို့ ရောက်ရှိနေသည့် ယခင် ထိုင်းနိုင်ငံနှင့် ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ဟောင်းဖြစ်သူ Christine Burgener သည် စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးများနှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။

မြန်မာစစ်တပ်အကြီးအကဲ၏ သဘောတူညီမှုက အားတက်စရာဖြစ်သည်ဟု ဒေသတွင်းသံတမန်များကဆိုပြီး အရပ်သားပြည်သူ ၇၅၀ ကျော်သေဆုံးမှုနှင့် ၄၄၇၀ ထက်မနည်း ဖမ်းဆီးခံထားရမှုအပေါ် တာဝန်ရှိသူ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေးဖိတ်ကြားခဲ့ခြင်းက စစ်အုပ်စုကို တရားဝင်အသိအမှတ်ပြုရာရောက်မည်ဆိုသော ဝေဖန်မှုများကိုလည်း ငြင်းဆိုကြသည်။

တနင်္ဂနွေနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဆီယံအစည်းအဝေးတက်ရောက်ခြင်းသည် သံတမန်ရေးရာ ခိုင်မာအားကောင်းမှုဖြစ်ပြီး မြန်မာအနေဖြင့် အာဆီယံပဋိညာဉ်နှင့်အညီ အာဆီယံအဖွဲ့နိုင်ငံများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပုံဖော်ရေးသားထားသည်ဟု Nikkei Asia သတင်းက ဆိုသည်။

Show More

Related Articles

Back to top button