သတင်း

အမ်းမြို့တွင် စစ်သားတစ်ဦး မိုင်းထိပြီး အပြင်းအထန် ဒဏ်ရာရ

ရခိုင်ပြည်နယ်တောင်ပိုင်း၊ အမ်းမြို့နယ်တွင်  မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်သားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း မျက်မြင်တွေ့လိုက်ရသော ဒေသခံများက ပြောသည်။ 

အမ်းမြို့နယ်၊ ဒါးလက်အုပ်စု အနောက်ရွာအထက်ပိုင်း တစ်မိုင်ခန့်အကွာ သ‌င်္ဘောမှောက်တောင်ကုန်းဘက်တွင် ယမန်နေ့ (ဧပြီ ၂၄) နံနက်ပိုင်း  ပေါက်ကွဲသံ ကြားလိုက်ရကြောင်း၊ စစ်တပ်က ဒဏ်ရာရသူအား ကားဖြင့် တင်သွားသည်ကို မြင်တွေ့လိုက်ရကြောင်း အလည်ကျွန်းကျေးရွာမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦး က ပြောသည်။

“သူတို့မိုင်းနဲ့သူတို့ နင်းမိတာနဲ့တူတယ်။ ပေါက်တာက ၁၀ နာရီလောက်က ပေါက်တယ်။ ကားနဲ့ တင်သွားတာက ၁၁ နာရီလောက်မှာ သွားနေတာ”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သင်္ဘောမှောက်တောင်ကုန်းဝန်းကျင်တွင် စစ်တပ်ကသာ အလုံးအရင်းနေရာယူ တပ်စွဲထားခြင်းဖြစ်သည်ဟု ဒေသခံတချို့က ပြောသည်။

ဧပြီ ၂၃ ညပိုင်းကလည်း အဆိုပါနေရာနှင့် တစ်မိုင်ခန့်အကွာရှိ အလည်ကျွန်းကျေးရွာအနီးရှိ မျက်ခမ်းတောင်ကုန်းပေါ်တွင် မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ၎င်းနေရာတွင် စစ်တပ်က တပ်စခန်းချလျက် ရှိသည်။

“ဒီနေ့ ၁၀ နာရီလောက်မှာပေါက်တာက သင်္ဘောမှောက်မှာပေါက်တာ။ အလည်ကျွန်းနဲ့ဆို တစ်မိုင်လောက် ဝေးတယ်။ မနေ့က ညနေ ၇ နာရီလောက်ကို မျက်ခမ်းတောင်မှာ တစ်လုံးပေါက်ခဲ့တယ်။ သင်္ဘောမှောက်က အနောက်ရွာနဲ့လည်း နီးတယ်။ အလည်ကျွန်းနဲ့လည်း နီးတယ်” ဟု လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသူ အမ်းမြို့မှ ကိုမျိုးလွင်က ပြောသည်။

မျက်ခမ်းတောင်ကုန်းပေါ်တွင် စစ်တပ်က တပ်စွဲထားသည်မှာ တစ်နှစ်ကျော်ခန့် ရှိပြီဖြစ်ကြောင်းနှင့် ဒါးလက်အုပ်စုကျေးရွာများတွင် မိုင်းပေါက်ကွဲမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။ 

မြေမြှုပ်မိုင်းပေါက်မှုဖြစ်ပွားခဲ့သည့် ဒါးလက်အုပ်စုတွင် ကျေးရွာပေါင်း ၄၈ ရွာ ရှိပြီး ထိုအထဲမှ အလည်ကျွန်း၊ အနောက်ရွာ၊ တောင်ရွာ၊ မြောက်ရွာ၊ ရှမ်းကုန်းစသည့် ကျေးရွာပေါင်း ၁၀ ကျော်အနီးဝန်းကျင်တွင် တပ်မတော်က နေရာယူထားသည်ဟု ဒေသခံများထံမှ သိရသည်။

“အရင်လည်း အင်အားထောင်ချီရှိတယ်။ သင်္ကြန်အတွင်း သူတို့(စစ်တပ်) က အင်အား ထပ်တိုးတယ်။ အင်အားတိုးတော့ လူသစ်တွေက သူတို့လူတွေမြှုပ်ထားတဲ့မိုင်းကို သူတို့ မသိတာလည်းဖြစ်မှာပေါ့”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

အမ်းမြို့နယ်ရှိ စစ်ဘေးရှောင်ဦးရေ ၃,၀၀၀ ကျော်ရှိသည့်အနက် စစ်ဘေးရှောင်ဦးရေ ၆၀ ခန့်ကို ဧပြီ ၇ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံများက နေရပ်ပြန်ပို့ခဲ့ပြီး ဧပြီ ၂၅ တွင် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀ ခန့်ကို ကဇူးကိုင်းအုပ်စု၊ ဂျိတ်ချောင်းကျေးရွာဘက်သို့ ပြန်ပို့မည်ဟု ဒေသခံများက ပြောသည်။

ဒေသတွင်းနေစဉ်နှင့်အမျှ မိုင်းပေါက်ကွဲမှုများဖြစ်ပွားနေသော်လည်း စစ်ရှောင်ဒုက္ခသည်များကို ထိုသို့နေရပ် ပြန်ပို့နေခြင်းအပေါ် စိတ်မချဖြစ်မိကြောင်း အလည်ကျွန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

“အခု လူတွေကလည်း ကယ်ဆယ်ရေးစခန်းက လာကြတယ်။ ကယ်ဆယ်ရေးစခန်းမှာလည်း မနေရလို့ ပြောသံကြားတယ်။ ဆိုတော့ အဲဒီလူတွေက စိတ်ချရမလား။ ကျွန်မတို့ အဲဒီလူတွေကိုလည်း စိတ်မချဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအနီးအနားမှာအမြဲတမ်း (မိုင်း)ပေါက်နေတယ်။ ဂျိတ်ချောင်းဘက်မှာလည်း စိတ်မချရဘူးလေ” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ယမန်နှစ်က တိုက်ပွဲများကြောင့် လုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံခဲ့ရပြီး ယခုနှစ်တွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံအများစုမှာ ဝမ်းရေးအတွက် အလုပ်လုပ်ရန် တောတောင်သို့ မသွားရဲမလာရဲဖြစ်ကာ စားရေးသောက်ရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

“သီဟိုစေ့တွေ ပေါ်နေတယ်။ သီဟိုစေ့ပေါ်တာတောင်မှ သီဟိုစေ့က မကောက်ရဲ အဲဒီလိုဖြစ်နေတယ်။ မနှစ်တုန်းက တစ်နှစ် ဆုံးရှုံးထားပြီးပြီ။ ဒီနှစ်ကတော့ တိုက်ပွဲဖြစ်လို့မဟုတ်ဘူး။ မိုင်းပေါက်လို့ ။ မိုင်းက နေရာတကာမှာ မြှုပ်ထားတဲ့အခါကျတော့ ကျွန်မတို့က သိတာလည်းမဟုတ်ဘူး။ ပေါက်တာတွေကလည်း ရွာအနီးအနားတွေမှာပဲ ပေါက်နေတယ်”ဟု ပြောသည်။

လက်ရှိတွင် စစ်တပ်နှင့် ရခိုင်ပြည်နယ်တွင် နှစ်နှစ်တာစစ်ပွဲဖြစ်ခဲ့သော ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများ ရပ်တန့်နေချိန်တွင် စစ်တပ်ဘက်က မိုင်းရှင်းလင်းရေး လုပ်ပေးမည်ဟုဆိုသော်လည်း စစ်ကျန်ဗုံးသီးနှင့် မိုင်းအန္တရာယ်များကြောင့် စစ်ရှောင်အများစုက နေရပ်မပြန်ရဲကြပေ။ 

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ဒါးလက်အုပ်စုတွင် စစ်တပ်နှင့် AA တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်တပ်က ကုန်းလမ်းနှင့် ရေလမ်းကို ပိတ်ခဲ့သောကြောင့် ဒေသခံများ ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

Show More

Related Articles

Back to top button