သတင်း

မုံရွာတွင် ကိုဝေမိုးနိုင်အပါအဝင် ၄၂ ဦးကို ပုဒ်မငါးခုစီဖြင့် စစ်ကောင်စီ တရားစွဲဆို

ဧပြီ ၁၅ ရက်က ရိုက်နှက်ဖမ်းဆီးခံခဲ့ရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် အသက်မပြည့်သေးသူ ၄ ဦး အပါအဝင် မုံရွာမြို့တွင် ဖမ်းဆီးခံထားရသူ ၄၂ ဦးကို စစ်ကောင်စီက ပုဒ်မငါးခုစီဖြင့် တရားစွဲဆိုထားကြောင်း လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ထံမှ သိရသည်။

ကိုဝေမိုးနိုင်အပါအဝင် ၄၂ ဦးကို လူသတ်မှုပုဒ်မ ၃၀၂၊ ဥပဒေနှင့်မညီဘဲ လူစုလူဝေးစုဖွဲ့မှု ပုဒ်မ ၁၄၉၊ လူကိုမတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ လူသတ်ရန်ရည်ရွယ်၍ သွေးဆောင်ခေါ်ယူမှု ပုဒ်မ ၃၆၄ နှင့် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅-က တို့ဖြင့် ယမန်နေ့ (ဧပြီ ၂၃) က စွဲချက်တင်ခဲ့သည်ဟု မုံရွာခရိုင်ရှေ့နေများကွန်ရက်မှ ရှေ့နေတစ်ဦးက ပြောသည်။

တရားစွဲခံရသူများတွင် အသက် ၁၈ နှစ်မပြည့်သေးသူ လေးဦးပါဝင်ပြီး ကလေးသူငယ်တရားရုံးတွင် တရားစွဲတင်ထားသည်ဟု ရှေ့နေက ဆိုသည်။

“မနေ့က Video Conferencing နဲ့ ရုံးထုတ်တော့ ဘယ်နေရာမှာ ရှိတယ်လို့တော့ မပြောဘူး။ ကျန်းမာရေးကောင်းတယ်လို့ စုံစမ်းသိရတယ်” ဟု ရှေ့နေက ဆိုသည်။

လက်ရှိတွင် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မည်သည့်နေရာ၌ ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရဘဲ ရှေ့နေနှင့် တိုက်ရိုက်တွေ့ခွင့်လည်း မရသေးကြောင်း၊ နောက်ရုံးချိန်းကို မေလ ၇ ရက်တွင် ချိန်းဆိုထားကြောင်း ၎င်းက ပြောသည်။

မတ်လ ၂၅ တွင် ရဲနှစ်ဦးအသတ်ခံရသည့် အမှုအတွက် ပုဒ်မ ၃၀၂ လူသတ်မှုဖြင့် တရားစွဲခံရခြင်းဖြစ်ပြီး မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးခင်သန်းက တရားလိုပြုလုပ် စွဲဆိုထားသည်ဟု ရှေ့နေက ပြောသည်။

ရဲနှစ်ဦးအသတ်ခံရချိန်တွင် ကိုဝေမိုးနိုင်သည် သပိတ်လှည့်လည်ပြီးချိန် လူငယ်များကို လက်ခံထားသည့် နေအိမ်တစ်အိမ်တွင် လုံခြုံစွာ ပုန်းအောင်းနေသည်ဟု သိရသည့်အတွက် ကိုဝေမိုးနိုင်အနေဖြင့် ပြစ်မှုများကို ကျူးလွန်ထားခြင်းမရှိနိုင်ဟု မိခင်ဖြစ်သူ ဒေါ်မိုးစန္ဒာကြူက Myanmar Now ကို ပြောသည်။

“(ပြစ်မှု)မကျူးလွန်ကြောင်းကို ထုချေမယ်လို့ စိတ်ကူးပါတယ်။ အဲလိုထုချေခွင့်ရဖို့ ကျွန်မ အမြန်ဆုံးလိုချင်တယ်” ဟု ၎င်းက ပြောသည်။

သားဖြစ်သူ ကျန်းမာရေးကောင်းမွန်ကြောင်း တရားရုံးအသိုင်းအဝိုင်းမှတစ်ဆင့် ကြားသိရသော်လည်း ကိုယ်တိုင်တွေ့မြင်ခွင့်ရလိုသည်ဟု ဒေါ်မိုးစန္ဒာကြူက ဆိုသည်။

ကိုဝေမိုးနိုင်ကို ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲပိုင်းတွင် အရပ်ဝတ် စစ်ကောင်စီလက်နက်ကိုင်များက အိမ်စီးကားဖြင့် တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

ကိုဝေမိုင်းနိုင်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားသည်ဟု သပိတ်တွင် ပါဝင်သူများကဆိုပြီး အဖမ်းခံရပြီးနောက်တစ်ရက်တွင် မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် ကိုဝေမိုးနိုင်၏ ဓာတ်ပုံသည် လူမှုကွန်ရက်တွင် ပျံ့နှံ့လာခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်ပြုလုပ်လာပြီး ဖမ်းဆီးခံရသည့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများရှိသည်ဟုလည်း ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူအချို့ကို ကိုးကားလျက် သတင်းဌာနအချို့က ရေးသားထားသည်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ သေဆုံးသူ ၇၃၀ ကျော်နှင့် ဖမ်းဆီးခံရသူ ၃၀၀၀ ကျော်ရှိသည်။ 

Show More

Related Articles

Back to top button