
စစ်ကိုင်းတိုင်းတောင်ဘက် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်မှ ကျေးရွာများကို ဧပြီလဆန်းမှစ၍ စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက ပစ်မှတ်ထားဖြိုခွင်းနေသည့်အတွက် ဒေသခံ သောင်းနှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။
ဧပြီ ၂၀ ရက်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များက ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်နှင့် ကပ်နေသည့် သီးကုန်းရွာ၊ ကပိုင်ရွာတို့ကို သွားရောက်ရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သည်။
တစ်လအတွင်း လေးကြိမ်မြောက်ဖြစ်သော အဆိုပါ အပြန်အလှန်ပစ်ခတ်မှုတွင် ပြည်သူ ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။
တိုက်ပွဲအပြီးတွင် စစ်ကောင်စီ၏ တပ်များက သီးကုန်းရွာဘုရားဝင်းအတွင်း တပ်စွဲလိုက်ပြီး အနီးရှိ သလောက်ရွာနှင့် ဝင်းကုန်းရွာအတွင်း သွားရောက်စစ်ဆေးရှာဖွေကြသည်။
ထို့အတွက် ယင်းမာပင်မြို့နယ် အနောက်ဘက်ရှိ ကျေးရွာများဖြစ်သည့် သစ်ရာပင်၊ တာဝ၊ ချင်းပုန်း၊ ချောင်းကောက်၊ သန်းမထုံး၊ အင်းသာ၊ အင်တော၊ ကြိုပင်၊ လက္ကပြား၊ ရွှေလမ်း၊ ဆင်တဲ၊ ရင်ပေါင်တိုင်ရွာ အပါအဝင် ရွာ ၂၀ နီးပါးမှ ဒေသခံအင်အား သောင်းနှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။
အဆိုပါ ကျေးရွာများမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်မှုများ၊ ညသပိတ်များနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ထောက်ခံပွဲများကို အခြားရွာများတွင်လည်း လှည့်လည်ဆောင်ရွက်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေးအားကောင်းသည့် ကျေးရွာများဖြစ်သည်။
စစ်တပ်၏ရန်ကြောင့် ကနီမြို့နယ်အတွင်းမှ ချောင်းမ ၊ လယ်ရှည် ၊ တရော်ကျင်း၊ သပြေအေးအပါအဝင် ကျေးရွာ ၁၀ ရွာမှ သက်ကြီးရွယ်အိုများ၊ ကလေးများ၊ အမျိုးသမီးများအပါအဝင် ဒေသခံ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

ယင်းမာပင်နှင့် ကနီမြို့မှ ကျေးရွာများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားကောင်းသည့် နယ်မြေဖြစ်သောကြောင့် ပစ်မှတ်ထားပြီး ဖြိုခွဲနေခြင်းဖြစ်သည်ဟု ကနီမြို့ဒေသခံတစ်ဦးက သုံးသပ်သည်။
“သူတို့က ဒီနယ်မြေတစ်ခုလုံးကို စိုးမိုးတယ်ဆိုတာကို ပြချင်တာ။ ဒီနယ်မြေမှာက အရမ်းကို အနီတွေအားကောင်းတယ်။ ငုံ့ခံတဲ့ အလေ့မရှိဘူး။ အဲ့ဒါကို နိုင်အောင် နယ်မြေစိုးမိုးတာကို ပြချင်တယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
တိုက်ပွဲများ၏ အစ
ဧပြီလဆန်းပိုင်းက သပြေအေးကျေးရွာ ဘုန်းကြီးကျောင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် ဆရာတော် ဦးဇောပါကကို ဖမ်းဆီးရန် လက်နက်ကိုင် ၂၀၀ ခန့် ရွာကို ဝိုင်းခဲ့ရာ ဒေသခံများနှင့် အနီးအနားကျေးရွာများမှ တူမီးသေနတ်ရှိသူများက ခုခံကြသည်။
သပြေအေးတိုက်ပွဲအတွင်း ဒေသခံ ၄ ဦး သေဆုံးပြီး ၂ ဦး၏ ရုပ်အလောင်းကိုသာ ကောက်ယူနိုင်ခဲ့သည်။ ဒေသခံများ၏ ခုခံမှုကြောင့် လက်နက်ကိုင်များဘက်မှလည်း သေဆုံးကြသည်။
အမဲလိုက်သေနတ်သည် အားမကောင်းသော်လည်း တိုက်ပွဲဝင်သေနတ်ကိုင်သူများ ကြောက်ရွံ့ကြသည်ဟု မိန့်ကြားသူမှာ သပြေအေးဆရာတော် ဦးဇောပါက ဖြစ်သည်။
“သပြေအေးတိုက်ပွဲမှာ သူတို့ အတော်လေး အထိနာသွားတယ်။ လက်နက်မရှိတဲ့သူတွေကိုသာ ဦးနှောက်ပွင့်အောင် ပစ်ရဲပေမယ့်၊ လက်နက်နဲ့ ခုခံတဲ့အခါကျတော့ ထွက်ကိုပြေးရတဲ့သမိုင်းက သူတို့အတွက် အရှက်ရစရာဖြစ်တယ်” ဟု ဆရာတော်က မိန့်သည်။
ထို့နောက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြုလုပ်လေ့ရှိရာ ကနီမြို့ကို စစ်ကောင်စီတပ်များက သင်္ကြန်မတိုင်မီ ဝင်ရောက်လာပြီး ပြည်သူများလုပ်ထားသည့် အတားအဆီးများကို ဖျက်သိမ်းသွားသည်။
ဆန္ဒပြပွဲခေါင်းဆောင်တို့၏ နေအိမ်များကို ဝင်ရောက်ရှာဖွေပြီး တွေ့သည့် မိသားစုဝင်များကို ဖမ်းဆီးကာ မြို့အတွင်း တပ်စွဲလိုက်သည်။
ထိုလုပ်ရပ်အပေါ်မကျေနပ်သည့် ကနီမြို့ ဒေသခံများက မြို့အဝင်အထွက်ပေါက်များတွင် နေရာယူထားပြီး စစ်တပ်ကို ပိတ်ဆို့ထားသည်။
ကနီမြို့ကို စစ်ကူအင်အား၊ ရိက္ခာအင်အားပေးပို့နိုင်မည့် လမ်းကြောင်းဖြစ်သည့် မုံရွာ – ယာကြီး – ကလေးဝ လမ်းတလျှောက်တွင်လည်း ကျေးရွာအသီးသီးမှ လူငယ်များပါဝင်သည့် ကိုယ်ထူကိုယ်ထကာကွယ်ရေးအဖွဲ့များက စစ်ဆေးရေးဂိတ်များချပြီး လုံခြုံရေးအတွက် လုပ်ဆောင်ကြသည်။
ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့)တွင် ကနီမြို့ လယ်ရှည်ရွာဂိတ်မှ ကားတစ်စီးကို စစ်ဆေးရန် တားဆီးစဉ် ထွက်ပြေးသည့်အတွက် ဒေသခံများက တူမီးသေနတ် ပစ်ဖောက်ခဲ့သည်။
ကားအတွင်းမှ တွေ့ရသည့် စာရွက်စာတမ်းများအရ အဆိုပါ ယာဉ်မောင်းမှာ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးဖြစ်သည်ဟု ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုယာဉ်မောင်းနှင့် ဇနီးဖြစ်သူအား ကယ်ထုတ်ရန် မုံရွာဘက်မှ စစ်ကား ၁၀ စီးခန့် တက်လာပြီး ဖြိုခွဲခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
စက်သေနတ်များအပါအဝင် စစ်မြေပြင်သုံး လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ဒေသခံတို့က တူမီးသေနတ်များ၊ လက်လုပ် ဂက်စ်သေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်။
ထိုလယ်ရှည်တိုက်ပွဲအတွင်း ဒေသခံ ၆ ဦး သေဆုံးခဲ့ရသည်ဟု ပစ်ခတ်မှုတွင် ပါဝင်ခဲ့သည့် ဒေသခံများက ပြောသည်။ လက်နက်ကိုင်များဘက်မှ ထိခိုက်ဒဏ်ရာရသူများ၊ ကျဆုံးသူများ ရှိနိုင်သော်လည်း ပစ်ခတ်မှုများအပြီးတွင် တစ်ပါတည်း သယ်ဆောင်သွားသည့်အတွက် အရေအတွက်မသိနိုင်ဟု ပါဝင်ခဲ့သူများက ပြောသည်။
အဆိုပါ ပစ်ခတ်မှုအတွင်း အမျိုးသား ၃၀ ဦးကို ဖမ်းဆီးရမိပြီး တူမီး ၁၉ လက်၊ လက်လုပ်ဗုံး ၅ လုံးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဧပြီ ၁၇ ရက်နေ့ထုတ် စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ခုခံသည့် ရွာသားများကို “ဆူပူအကြမ်းဖက်သူများ” ဟု သတင်းတွင် ဖော်ပြထားသည်။
“အကြမ်းဖက်ရန်ပြု ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်“ လူစုခွဲခဲ့သည်ဟု သတင်းက ဆိုသည်။
သေနတ်သမားတို့က အကြမ်းဖက်ခြင်းမရှိကြောင်း ထိုနေ့သတင်းစာ၏ အာဘော်ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။
“မီဒီယာတွေ၊ တစ်ဖက်ပိတ်တွေ၊ တချို့ပြည်ပနိုင်ငံတွေက စွပ်စွဲနေကြသလို ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူလူထုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းဆိုတာမျိုးတော့ မဟုတ်ဘူး။ တကယ်က အကြမ်းဖက်ဆူပူ သောင်းကျန်းကြတဲ့ အဖျက်သမားတွေကို ငြိမ်းချမ်းစွာ ထိန်းသိမ်းလို့ မရလို့ အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့်နဲ့ ထိန်းသိမ်းဖြေရှင်းရခြင်းပါ” ဟု ဆောင်းပါးရှင်က ဆိုသည်။
လယ်ရှည်တိုက်ပွဲအပြီး ညပိုင်းတွင် စစ်ကောင်စီတပ်များက မုံရွာကို ပြန်လည်ဆုတ်ခွာသွားသည်။ ၁၇ ရက်နေ့တွင် လယ်ရှည်ရွာအနီးမှ ချောင်းမရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး တပ်စွဲလိုက်သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရသည်။
ခုခံစစ်
ဧပြီ ၁၈၊ ၁၉ ရက်နေ့တို့တွင် ကလေးဝ-ယာကြီး-မုံရွာ လမ်းပေါ်ရှိ ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အစပ်ဖြစ်သည့် ဆယ်ရွာချောင်နှင့် တောင်တွင်းချောင်ရွာအနီး (လာပို့ကျေးရွာတဝိုက်တွင်) အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦး သေဆုံးခဲ့သည်။
ထိုလမ်းမှာ အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အတိုဆုံးလမ်းကြောင်းဖြစ်ပြီး ကလေး၊ တမူးမြို့များသို့ ဆက်သွယ်ထားသည့်အတွက် အရေးပါသည့် လမ်းကြောင်းဖြစ်သည်။
အဆိုပါလမ်းပေါ်တွင် ဒေသခံတို့က သဘာဝအရံအတားများကို အကာအကွယ်ယူပြီး ရရာလက်နက်ဖြင့် ခုခံတော်လှန်ခြင်းဖြစ်သည်ဟု ကနီမြို့ ဒေသခံတစ်ဦးက ပြောသည်။
“နယ်မြေဒေသအရ လွင်ပြင်မဆန်တော့ သစ်တောလေးတွေ၊ ကုန်းလေးတွေ၊ တောင်ကမူ တောင်စောင်းလေးတွေ ရှိတယ်။ ပြည်သူတွေက သီးသန့်ခံတပ်သဘောမျိုး လုပ်တာမဟုတ်ဘဲ သဘာဝအလျောက် ပေးထားတဲ့ တောတောင်လေးတွေကို အကာအကွယ်ယူပြီး သူတို့လာတဲ့အချိန်ကို ပြည်သူအင်အားစုပြီး ဖြတ်တိုက်တဲ့သဘောမျိုးပဲ” ဟု ထိုဒေသခံတစ်ဦးက ပြောသည်။
ဧပြီ၂၀ ရက်နေ့တွင် ကလေးဝ- ယာကြီး -မုံရွာလမ်းနှင့် လေးမိုင်ခန့်အကွာတွင် တည်ရှိသည့် သီးကုန်းနှင့် ကပိုင်ကျေးရွာတို့ကို စစ်တပ်က အင်အားအများအပြားဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်။
အာဏာသိမ်းအပြီးတွင် မဟာမြိုင်တောအတွင်း လာရောက်တပ်စွဲထားသည့် တပ်မှာ ပိတ်မိနေသည့်အတွက် စစ်ကူရောက်လာခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်သည်။
သီးကုန်းရွာတိုက်ပွဲအတွင်း ဒေသခံများက အင်အားထောင်ဂဏန်းဖြင့် စုစည်းပြီး အသင့်ပြင်ဆင်ထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ဒေသခံများနှင့် ထိပ်တိုက်မတွေ့တော့ဘဲ နည်းဗျူဟာပြောင်းလဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ စစ်တပ်က ရွာသားတို့၏ တည်နေရာကို ဒရုန်းအသုံးပြု ထောက်လှမ်းပြီးမှ ဖျက်အားပြင်းသည့် လက်နက်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့သည်။
ယင်းတိုက်ပွဲတွင် ဒေသခံ ၅ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းမာပင်မြို့နှင့် ကနီမြို့ရှိ ကျေးရွာများတွင် အင်အား ၆၀၀ နီးပါး တပ်စွဲထားသည့်အတွက် လတ်တလော ခုခံတိုက်ခိုက်မှုများက ငြိမ်သက်နေဆဲဖြစ်သည်။ တူမီးသေနတ်များကို အမြန်ဆုံးအပ်ရန် တပ်က အမိန့်ပေးနေသော်လည်း ဒေသခံများက အပ်နှံခြင်းမရှိဘဲ ဆက်လက်ကိုင်စွဲထားသည်။
လက်နက်အင်အား အဆမတန်ကွာခြားသော်လည်း ဒေသခံများက ရရာလက်နက်စွဲကိုင်ပြီး ဆက်လက်ခုခံတော်လှန်သွားရန် စိတ်အားထက်သန်နေသည်။ ရေရှည်တွင် တပ်နှင့် ထိပ်တိုက်တွေ့မည့်အစား “ပြောက်ကျားနည်းလမ်း” ကိုသာ သုံးသွားမည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်သွားမည်ဟု ပြောကြားထားသည်။
ထိုသို့တိုက်တွန်းအပြီး ရက်ပိုင်းအတွင်းတွင် ဒေသတွင်းတပ်ဖွဲ့များဖွဲ့စည်းကြောင်း ကြေညာချက်များထွက်လာသည်။ ထိုအဖွဲ့များမှာ ဧရာဝတီဖက်ဒရေးရှင်းအာမီ (Ayeyarwaddy Federation Army), ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force)၊ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (မွန်ပြည်နယ်) တို့ ဖြစ်သည်။
ယင်းမာပင်နှင့် ကနီမြို့မှ ဒေသခံများသည် ရရာလက်နက်စွဲကိုင် ခုခံနေသော်လည်း အစုအဖွဲ့အဖြစ် သီးသန့်ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ကျေးရွာများမှ တစ်ရွာလျှင် လူအင်အား ၅၀ နီးပါးဖြင့် စုပေါင်းတိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပြည်သူ ၄ ဦးအထိ သေဆုံးသည့် ဆယ်ရွာချောင်တိုက်ပွဲတွင် ပါဝင်သူတစ်ဦးက ခုခံစစ်ဆက်လက်ဆင်နွှဲသွားမည်ဟု ပြောလိုက်သည်။
“ကျွန်တော်တို့မှာ လက်နက်အင်အားလည်းနည်းတယ်။ ဘယ်လိုမှ အင်အားမမျှဘူး။ ဒါပေမယ့် သေတဲ့အထိ လက်မလျှော့ဘူး။ တိုက်ပွဲဝင်သွားမှာ”