အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

TNLA နှင့် MNDAA အုပ်ချုပ်သည့် ကွတ်ခိုင်မြို့ကို စစ်တပ်ဗုံးကြဲ၊ ကလေးအပါအဝင် ခြောက်ဦးသေဆုံး

မြောက်ပိုင်းအဖွဲ့ဝင်တပ်များ အုပ်ချုပ်နေသော ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေတပ်က ညအချိန် ဗုံးကြဲခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့သည်။

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ဟိုတယ်တစ်ခုအား ယမန်နေ့ (ဇူလိုင် ၂၉ ရက်နေ့) ညသန်းခေါင်အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးသည်ဟု ဒေသခံများထံက သိရသည်။

အမှတ် (၂) ရပ်ကွက် ရာစုသစ်ဟိုတယ် (၂) တွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး လာရောက်တည်းခိုသည့် သတ်လတ်ပိုင်းအရွယ် လေးဦးနှင့် အနီးနားရှိ နေအိမ်မှ မြေးဖွားနှစ်ဦး သေဆုံးသည်ဟု ကွတ်ခိုင်မြို့ခံ တစ်ဦးက ဆိုသည်။

“စုစုပေါင်း ငါးဦး သေဆုံးတယ်ခင်ဗျ။ ဟိုတယ်မှာ လာတည်းခိုတဲ့ထဲက ကားသမား တစ်ဦးပါတယ်။ အမျိုးသမီးတစ်ယောက်ပါတယ်။ ဘေးအိမ်က အသက်ကြီးပိုင်း အဖွားနဲ့သူ့မြေးပေါ့ သူတို့နှစ်ယောက် သေသွားတယ်” ဟု အဆိုပါကွတ်ခိုင်မြို့ခံက ပြောသည်။

ထိခိုက်ဒဏ်ရာရသူ ရှစ်ဦးတွင် ကလေးနှစ်ဦး၊ အမျိုးသမီးတစ်ဦး ပါဝင်ပြီး ဒဏ်ရာ ပြင်းထန်သူများ လည်း ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ကွတ်ခိုင်မြို့အား ၂၀၂၄ ဇန်နဝါရီတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ဖြစ်သော တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) တို့က သိမ်းပိုက်ထားသည်။  

ကွတ်ခိုင်မြို့ပေါ်ကို TNLA က ထိန်းချုပ်ထားသလို MNDAA ကလည်း ကွတ်ခိုင်မြို့အား အထူးဒေသ (၁) အုပ်ချုပ်ရေးအတွင်း ထည့်သွင်းထားကာ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲနှင့် မုံးစီးဒေသတွင် MNDAA က အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

ကွတ်ခိုင်မြို့ပညာရေး၊ ကျန်းမာရေး၊ ဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စများအား TNLA  ကတာဝန်ယူ ထားပြီး ရပ်ကွက်နှင့် ကျေးရွာအဆင့် အုပ်ချုပ်ရေးကိစ္စများအား MNDAA က တာဝန်ယူထားသည်ဟု ဒေသခံတို့ကဆိုသည်။

မြို့ပေါ်ရပ်ကွက် ၈ ခုရှိသည့် ကွတ်ခိုင်မြို့ပေါ်တွင် လူဦးရေ ငါးသောင်းနီးပါးရှိသည်၊ ကချင်၊ ရှမ်း၊ တအာင်း (ပလောင်)၊ မုန်းဝန်းဗမာ စသည့် တိုင်းရင်းသားအများစုဖြစ်ပြီး ဗမာ၊ မြောင်ဇီ၊ ၀ တိုင်းရင်းသားများ၊ ဂေါ်ရခါးလူမျိုးများလည်း နေထိုင်ကြသည်။

လားရှိုးမြို့အား MNDAA က စစ်ကောင်စီထံ လွှဲပြောင်းပြီးနောက် MNDAA နှင့် TNLA ပူးတွဲအုပ်ချုပ် သည့် ကွတ်ခိုင်မြို့အား  စစ်တပ်က လေကြောင်းတိုက်ခိုက်မှု မလုပ်သည်မှာ လအတော်ကြာရှိခဲ့ပြီဟု ဒေသခံများက ဆိုသည်။

“ကွတ်ခိုင်ကို ဗုံးမကြဲတာ အတော်ကြာပြီ။ အခုမှ ရုတ်တရက် ပြန်လာကြဲတော့ လူထုတွေက အတော် စိုးရိမ်နေကြတာ။ သိန္နီကို ပြန်ပေးမပေး သတင်းတွေထွက်နေချိန်လည်း ဖြစ်နေတော့ အားလုံးက စဉ်းစားစရာ ဖြစ်နေတယ်” ဟု အထက်ပါကွတ်ခိုင်မြို့ခံက ပြောသည်။

ကွတ်ခိုင်မြို့ပေါ်တွင် KIA ဆက်ဆံရေးရုံးရှိပြီး မြို့နယ်အတွင် ကချင်တပ် KIA ၏ တပ်မဟာ(၁၀) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားမှုရှိသလို စစ်ရေးမဟာမိတ်များဖြစ်ကြသော KIA,TNLA, MNDAA တို့ ယမန်နှစ်ကုန်ခန့်က ဆက်ဆံရေးတင်းမာမှုများပေါ်ပေါက်ခဲ့သောဒေသလည်းဖြစ်သည်။ 

စစ်ကောင်စီလေတပ်က ယမန်နှစ် နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နှင့် မိုင်းငေါ့မြိုတို့ကို နာရီပိုင်းသာခြား၍ ဗုံးကြဲရာ ကလေးတစ်ဦး၊ အမျိုးသမီး နှစ်ဦး သေဆုံးကာ ၁၈ ဦးခန့် ဒဏ်ရာရ ရှိခဲ့သေးသည်။

TNLA ထိန်းချုပ်သည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း လူစည်ကားရာရပ်ကွက်များအား ဇူလိုင် ၂၉ ရက်နံနက်တွင် လေကြောင်းမှ ဗုံးကြဲခဲ့ရာ လေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့သည်။ ယင်းနေ့ ညနေပိုင်းမှာတွင် မိုးကုတ်နှင့် မိုင် ၂၀ အကွာရှိ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းလုံမြို့အား လေကြောင်း မှ တိုက်ခိုက်ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီးတွင် ကွတ်ခိုင်မြို့အား စစ်ကောင်စီတပ်က နောက်ထပ် လေကြောင်းမှ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံကြားဝင်မှုဖြင့် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့များအား ပြန်ပေးရန် စစ်ကောင်စီတပ်က တောင်းဆိုခဲ့ရာ TNLA နှင့် သဘောတူညီမှု မရသဖြင့် စစ်ကောင်စီက နောင်ချိုမြို့ အား ထိုးစစ်ဆင်ခဲ့ပြီး  ဇူလိုင် ၁၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။

ကျန်နေသည့် ကျောက်မဲ၊ မိုးကုတ်၊ သီပေါမြို့များအား စစ်ကောင်စီတပ်က လေကြောင်းမှ နေ့စဉ် လိုလို ဖိအားပေး တိုက်ခိုက်နေသည်။

Myanmar Now က ပြုစုထားသည့် စာရင်းများအရ ဇွန်လ ၁ ရက်နေ့မှ ဇူလိုင် ၂၉  ရက်နေ့ အထိ TNLA  ထိန်းချုပ်ရာ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်၊ မိုင်းလုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့မြို့ များအား လေကြောင်းမှ အကြိမ် ၃၀ နီးပါး တိုက်ခိုက်ခဲ့ရာ ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် ၂၉ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ဒဏ်ရာရခဲ့သည်။

မိုးကုတ်မြို့တွင် သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရသူ ၃၄ ဦး ရှိခဲ့ပြီး ထိခိုက်သေဆုံးမှုအများဆုံး ဖြစ်ခဲ့ သည်။ ဒုတိယထိခိုက်သေဆုံးမှုအများဆုံးမြို့မှာ ကျောက်မဲမြို့ဖြစ်ပြီး သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာ ရသူ ၃၁ ဦးအထိ ရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၂၉ ရက်နေ့အထိ စာရင်းများအရ ရှမ်းပြည်နယ်၌ စစ်ကောင်စီတပ်ကြောင့် စုစုပေါင်း ၅၁ ဦး သေဆုံးခဲ့ပြီး ထိုအထဲ ကလေးငယ် ၁၃ ဦး ပါဝင်သည်။ 

သေဆုံးသူများအနက် ၃၄ ဦးမှာ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ဟိုတယ်အပျက်အစီးများကို တွေ့ရစဉ်။  (ဓာတ်ပုံ- ဆဏ်းမောင် ကွတ်ခိုင်)

Related Articles

Back to top button