အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်မြို့မှ အလုပ်သမားအခွင့်အရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေး ဖမ်းဆီးခံရ

စစ်တပ်ကဖမ်းဆီးလိုက်သည့် အလုပ်သမား သမဂ္ဂခေါင်းဆောင်၏သတင်း မရသည်မှာ ရက်အတန်ကြာပြီဖြစ်ပြီး မိသားစုနှင့်လုပ်ဖော်ကိုင်ဖက်များက စိုးရိမ်နေကြသည်။

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှ အလုပ်သမားအခွင့်ရေးဆောင်ရွက်သည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM)အဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက  ဇူလိုင် ၂၅ ရက် ညပိုင်းတွင် သူ၏နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

အရပ်ဝတ်ဝတ်ထားကြသည့် စစ်ကောင်စီတပ်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက STUM ရုံးကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူ တစ်ဦးက Myanmar Now ကို ပြောသည်။

“ရုံးကိုလည်းဝင်စစ်သွားတာပေါ့။ (ဖမ်းဆီးခံရတာ)တစ်ယောက်တည်းပဲ။ အခြားသူတွေမပါဘူး။ စုံစမ်းပြီးသွားပြီ။ (ရွှေပြည်သာရဲစခန်းမှာ) မရှိဘူးလို့တော့ ပြောတယ်။ ဘယ်မှာမှန်းမသိရသေးဘူး” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။ 

၎င်း၏ မိသားစုဝင်တစ်ဦးကလည်း ၄ ရက်ခန့်ကြာသည်အထိ အဆက်အသွယ်မရသေးသလို မည်သည့်ကိစ္စဖြင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း၊ ကျန်းမာရေးအတွက်  ဆေး ပုံမှန်သောက်နေရသူဖြစ်၍ စိုးရိမ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဒေါ်မျိုးမျိုးအေးဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ 

စစ်အာဏာသိမ်းပြီးမကြာမီ ၂၀၂၁ ဧပြီတွင် အလုပ်သမားများနှင့်အတူ သပိတ်လှုပ်ရှားများတွင် ပါဝင်ခဲ့သဖြင့် ဒေါ်မျိုးမျိုးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီက  ဖမ်းဆီးထောင်ချခဲ့ပြီး ၆ လကျော်ကြာပြီးနောက် ၂၀၂၁ အောက်တိုဘာတွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ဒေါ်မျိုးမျိုးအေးသည် အလုပ်သမားများအခွင့်အရေး၊ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းရေးတို့အတွက်  ကူညီနေခြင်းကြောင့် စက်ရုံပိုင်ရှင်များ၏ တရားစွဲဆိုမှုကို ခံရဖူးသူဖြစ်သည်။ 

အလုပ်သမားအရေး၊ လူ့အခွင့်အရေးအတွက် အစဉ်တစိုက်လှုပ်ရှားခဲ့သူများကိုဖမ်းဆီးခြင်းအတွက် ကန့်ကွက်ကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“မမျိုးမျိုးအေးအပါဝင် အကျဉ်းကျခံနေရတဲ့ ရဲဘော်တွေအားလုံးအတွက်ကို၊ အဖမ်းခံနေရတဲ့ ရဲဘော်တွေအားလုံးအတွက်ကို ကျွန်မတို့က ဆက်လက်ပြီးတိုက်ပွဲဝင်ဖို့လိုအပ်တယ်” ဟု သူက ပြောသည်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက မြန်မာနိုင်ငံ စက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်ကို ဖမ်းဆီးကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားပြီး မိသားစုနှင့်တွေ့ဆုံခွင့်ပိတ်ပင်ထားကြောင်း ၎င်းက ပြောသည်။ 

စစ်ကောင်စီလက်ထက်တွင်  အလုပ်သမားအဖွဲ့အစည်းများဖိနှိပ်ခံနေရပြီး အဓမ္မခိုင်းစေမှု၊ လုပ်အားခ ခေါင်းပုံဖြတ်မှု၊ ဥပဒေပါခံစားခွင့်များ ဆုံးရှုံးမှုရှိလာသလို လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဖွဲ့စည်းလှုပ်ရှားခွင့်မရှိကြောင်း အလုပ်သမားအခွင့်ရေးလှုပ်ရှားသူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)၏ အခြေခံပြဋ္ဌာန်းချက် ၁၀ ချက်အနက် ၄ ချက်ကို သဘောတူ လက်မှတ်ရေးထိုးထားပြီး ပြဋ္ဌာန်းချက် အမှတ် ၈၇ လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့်၊ ပြဋ္ဌာန်းချက်အမှတ် ၂၉ အဓမ္မခိုင်းစေမှုပပျောက်ရေးတို့ကို ဆိုးရွားစွာချိုးဖောက်နေခြင်းကြောင့် ဇွန် ၅ ရက်တွင် ILO က ၎င်းတို့၏ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၃ အရ   အရေးယူရန်ဆုံးဖြတ်ခဲ့သည်။ 

၂၀၂၃ အောက်တိုဘာတွင် ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီမိုကရေစီနှင့် နိုင်ငံသား လွတ်လပ်ခွင့် ပြန်လည်ရရှိရေး၊ လွတ်လပ်စွာစုဝေးခွင့်၊ အသင်းအဖွဲ့တည်ထောင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပါအဝင် အချက် ၁၁ ချက် အကြုံပြုသော်လည်း စစ်ကောင်စီဘက်က လိုက်နာရန် ပျက်ကွက်ခဲ့သည်။

လွန်ခဲ့သည့် ၂၅ နှစ်က အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ အုပ်ချုပ်စဉ် ILO ၏ ပုဒ်မ ၃၃ အရ ပထမအကြိမ် အရေးယူခံခဲ့ရဖူးပြီး စစ်ကောင်စီလက်ထက်တွင် ဒုတိယအကြိမ်   အရေးယူခဲ့ခြင်းဖြစ်သည်။

Related Articles

Back to top button