
အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အာဏာသိမ်းသည့် လုပ်ရပ်အပေါ် ကျေနပ်မှုမရှိသည့် စစ်ဗိုလ်ချုပ်များစွာရှိနေပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ခြင်းဖြင့် ပြည်သူ့အစိုးရနှင့် အမြန်ဆုံးပူးပေါင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဧပြီ ၁၆ သတင်းစာရှင်းလင်းပွဲတွင် ဖိတ်ခေါ်လိုက်သည်။
NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင် ၎င်းနှင့် ခင်မင်ရင်းနှီးခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများကို ထိုသို့ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၅နှစ်တာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တွေ့ဆုံခင်မင်ခဲ့သည့် တပ်မတော်မှ ထိပ်တန်းစစ်ဗိုလ်ချုပ်များမှာ စစ်အာဏာသိမ်းသည့် လုပ်ရပ်အပေါ် မနှစ်မြို့ကြသူများဖြစ်ကြောင်း၊ ထိုဗိုလ်ချုပ်ကြီးများအနေဖြင့် ပြည်သူ့အစိုးရနှင့် အမြန်ဆုံးပူးပေါင်းဆောင်ရွက်သင့်ကြောင်း ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းက ပြောသည်။
“ကျွန်တော်တို့ နီးစပ်တဲ့ သူငယ်ချင်းတွေဆီက ပြန်ကြားရတာလည်း ဒီဗိုလ်ချုပ်ကြီးတွေဟာလည်း မင်းအောင်လှိုင် အခုလို အာဏာသိမ်းတာကို လုံးဝလက်မခံကြပါဘူး” ဟု ၎င်းက ပြောသည်။
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းသည် အပစ်ရပ်လက်မှတ်ထိုးထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC )၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည်။
ဒေါက်တာလျန်မှုန်းဆာခေါင်းမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူအဖြစ် ထင်ရှားသည်။
ဧပြီ ၁၆ တွင် NUG ဖွဲ့စည်းပြီးနောက် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းသည် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဖြစ်လာသည်။
“စစ်ခေါင်းဆောင်ကြီးများ၊ စစ်ဗိုလ်ချုပ်ကြီးများ ပြည်သူလူထုတစ်ရပ်လုံးနဲ့ ပူးပေါင်းပြီးတော့ CDM လုပ်ကြပါ။ မင်းအောင်လှိုင်နောက်ကိုပဲ မလိုက်ကြနဲ့။ အမှန်တရားနောက်ကို လိုက်ကြပါ။ သစ္စာတရားနောက်ကို လိုက်ကြပါ။ လူသားစိတ်နဲ့ လူအချင်းချင်းဆက်ဆံနိုင်တဲ့ လူ့ဘောင်ဖွဲ့စည်းဖို့အတွက် ဝိုင်းပြီးတော့ ပါဝင်ကြပါ” ဟု ဒေါက်တာလျန်မှုန်းဆာခေါင်းက ဆက်ပြောသည်။
မြန်မာ့ရိုးရာ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ တွင် ဖွဲ့စည်းလိုက်သည့် NUG တွင် ယာယီဒုတိယသမ္မတ မန်းဝင်းခိုင်သန်းက ဝန်ကြီးချုပ်တာဝန်ရယူထားပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို မူလရာထူးများ ပြန်လည်ပေးအပ်ထားသည်။