သတင်း

နိုင်ငံတကာက ထောက်ခံရန် အဆင်သင့်ဖြစ်နေပြီဟု NUG ပြော

ဒီမိုကရေစီလိုလားသည့် နိုင်ငံကြီးများက ၎င်းတို့အစိုးရအဖွဲ့ကို ထောက်ခံကြောင်းကြေညာရန် အဆင်သင့်ဖြစ်နေပြီဟု ယနေ့ (ဧပြီ ၁၆) သတင်းစာရှင်းလင်းပွဲတွင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောလိုက်သည်။

NUG သည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အမေရိကန်နိုင်ငံနှင့် ဒီမိုကရေစီလိုလားသည့် နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း၊ ထိုနိုင်ငံများကလည်း မြန်မာလူထု၏ ရပ်တည်ချက်အပေါ် အပြည့်အဝထောက်ခံကြောင်း NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

“ကျွန်တော်တို့ရဲ့ ရှေ့ဒီမိုကရေစီအနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့ တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့ပြီးပါပြီ ” ဟု ၎င်းက Myanmar Now ၏ မေးမြန်းမှုကို ဖြေကြားစဉ် ထည့်သွင်းပြောကြားလိုက်သည်။

နိုင်ငံကြီးများက NUG အစိုးရကို ထောက်ခံသည့် ကြေညာချက်များ ယခုရက်ပိုင်းအတွင် ထုတ်ပြန်သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်ဟုဆိုသော်လည်း မည်သည့်နိုင်ငံများဖြစ်သည်ကိုတော့ အတိအကျ ဖြေကြားခြင်းမရှိသေးပေ။

“အာရပ်နွေဦးကို ဖြတ်သန်းခဲ့ရတဲ့၊ ကျနော်တို့ သိပ်ကိုအားကျခဲ့ရတဲ့ နိုင်ငံကြီးတစ်နိုင်ငံကလည်း ပါလာပါလိမ့်မယ်” ဟု ဦးလွင်ကိုလတ်က ပြောသည်။

ထို့ပြင် အာရှပစ္စဖိတ်ရေးရာဗျူရိုနှင့်လည်း ယခုရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ရာ မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည့် အာမခံချက်ကို ရယူနိုင်ခဲ့သည်ဟု ၎င်းကပြောသည်။

ယနေ့ (ဧပြီ ၁၆) တွင် ထုတ်ပြန်ကြေညာခဲ့သည့် NUG အစိုးရအဖွဲ့တွင် မန်းဝင်းခိုင်သန်းက ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ထိန်းသိမ်းခံထားရသူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့မှာ မူလရာထူးများ ပြန်လည်တာဝန်ထမ်းဆောင်သွားမည်။ 

နိုင်ငံတော်ဒုတိယသမ္မတမှာ ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဒူဝါလရှီးလ ဖြစ်သည်။

အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးရည်မွန်(ခ)မောင်တင်သစ်တို့လည်း ပါ၀င်သည်။

အခြားထင်ရှားသူများမှာ ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်ဆာခေါင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးတို့ ဖြစ်သည်။

ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးအဖြစ် တာဝန်ယူထားပြီး ဒေါက်တာဝင်းမြတ်အေးက လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး၊ ဦးတင်ထွန်းနိုင်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးတို့လည်း စာရင်းတွင် ပါဝင်သည်။

NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် (ခ) မောင်တင်သစ်က စစ်ကောင်စီသည် တရားဝင်အစိုးရထံမှ ပြည်သူ့အာဏာကို လုယူသွားခြင်းဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရားဝင်မှုရှိသည့် အာဏာမှာ ၎င်းတို့အစိုးရထံတွင်သာ ရှိသည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်(ခ) မောင်တင်သစ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အခုလို အန္တရာယ်နဲ့ ကြုံနေရပေမယ့်လည်း ပိုပြီးတော့ အားကောင်းကောင်းနဲ့ ဆောင်ရွက်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

CRPH နှင့် တိုင်းရင်းသားလက်နက်ကိုင်များ သဘောတူဖွဲ့စည်းထားသည့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့သည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်စာချုပ်ပါ လမ်းပြမြေပုံအတိုင်း တစ်ဆင့်ချင်းဆောင်ရွက်သွားမည်ဟု သိရသည်။

အစိုးရဖွဲ့ကြောင်းကြေညာချက်မှာ Facebook လူမှုကွန်ရက်တွင် ချက်ချင်းပျံ့နှံ့သွားပြီး စစ်အာဏာသိမ်းမှုကို သဘောမတူသော ပြည်တွင်းပြည်ပမှ မြန်မာပြည်သားအများအပြားက ထောက်ခံကြောင်း ဝမ်းသာအားရ မှတ်ချက်ပေးကြသည်။ 

ပြီးခဲ့သည့် ရက်ပေါင်း ၇၀ ကျော်အတွင်း အရပ်သား ၇၀၀ ထက်မနည်းကို ပစ်သတ်ခဲ့ရာတွင် တာဝန်ရှိသည့် အာဏာသိမ်းစစ်ကောင်စီကမူ လူထုထောက်ခံမှု မရရှိသည့်အပြင် နိုင်ငံတကာထောက်ခံမှုလည်း ရလမ်းမမြင်သေးပေ။

Show More

Related Articles

Back to top button