သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းရန် NUG စီစဉ်နေ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တည်ထောင်သွားရန် စီစဉ်နေသည်ဟု ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ဧပြီ ၁၆ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Myanmar Now ၏ မေးမြန်းမှုကို ဖြေကြားရာတွင် NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် ဖက်ဒရယ်ဒီမိုကရေစီလိုလားသူလူငယ်များ ပါဝင်သွားမည်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်များနှင့်လည်း မဟာမိတ်ဖွဲ့ပြီး ပြည်သူကို ကာကွယ်စောင့်ရှောက်သွားရန် ရည်ရွယ်သည်ဟု ပြောသည်။ 

“ဖက်ဒရယ်အာမီ မတိုင်မီမှာ Federal Alliance ဆိုတဲ့ စုဖွဲ့မှုမျိုးလည်း ရှိလာနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ကဗျာဆရာတစ်ဦးဖြစ်သူ ဦးရည်မွန်(ခ) မောင်တင်သစ်မှာ ပုဗ္ဘသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဗိုလ်ချုပ်ဟောင်းဝေလွင်ကို ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ၂ ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့သူဖြစ်သည်။

“တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေအရ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ လေးလေးနက်နက်လည်း ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

ဖက်ဒရယ်တပ်မတော်တစ်ရပ်ကို တည်ထောင်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်များနှင့်လည်း နိုင်ငံရေးဆိုင်ရာသဘောတူညီမှုများ ဆက်လက်ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပြီး ယခုတည်ထောင်မည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ဖက်ဒရယ်တပ်မတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅၏ ပြောရေးဆိုခွင့်ရှိသူ ဖဒိုမန်းမန်းက ဖက်ဒရယ်အခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာမည့်ကိစ္စမှာ အသစ်အဆန်းမဟုတ်ကြောင်း ပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားလုံးက သူတို့နယ်မြေ၊ သူတို့ဒေသမှာ သူတို့ရဲ့ လွတ်မြောက်ရေးတပ်ဖွဲ့တွေရှိတဲ့အခါကျတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့အခါ ဒါတွေအားလုံးက ဖက်ဒရယ်တပ်မတော်တွေဖြစ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

သင်္ကြန်အတက်နေ့ (ဧပြီ ၁၆) တွင် အစိုးရအဖွဲ့ဝင်များ၏ အမည်များကို ထုတ်ပြန်ကြေညာပြီးနောက် နာရီပိုင်းအကြာတွင် NUG က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး ၎င်းတို့ အစိုးရအဖွဲ့၏ ရှေ့ဆက်သွားမည့် မူဝါဒများကို သတင်းထောက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။

Show More

Related Articles

Back to top button