သတင်း

မကွေးတိုင်း စလင်းမြို့နယ်တွင် NLD ပါတီဝင်နေအိမ်များ ဝင်ရောက်စီးနင်းခံရ 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သမားချောင်ကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မြို့နယ်အလုပ်အမှုဆောင်နှင့် ဘဏ္ဍာရေးမှူးတို့၏ နေအိမ်များကို စစ်ကောင်စီလက်နက်ကိုင်များက ယမန်နေ့ (ဧပြီ ၁၅) ညပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသဖြင့် တိမ်းရှောင်နေသူ NLD ပါတီဝင်များကို ဖမ်းဆီးရမိခြင်း မရှိသဖြင့် နေအိမ်ကို ဝင်ရောက်စီးနင်းကာ ကျန်မိသားစုဝင်များကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသူ စလင်းမြို့နယ် NLD ပါတီဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“မြို့နယ်အလုပ်အမှုဆောင် ဦးကျော်ဖိုးကျော်၏ အိမ်ကို မနေ့ည ၁၁ နာရီလောက်က ဝင်စီးတယ်။ သူ့ကို ဖမ်းမမိတဲ့အတွက် မိန်းမနဲ့ ကလေးတွေကို ဝင်ဖမ်းတယ်။ သူတို့လည်း ရှောင်နေတော့ လွတ်သွားတယ်။ သူတို့ကို ဖမ်းမမိတော့ အိမ်မှာရှိတဲ့ ယောက်ဖဖြစ်သူကို ဖမ်းသွားတယ်။ နောက်ပြီး ကလေးတွေရဲ့ မှတ်ပုံတင်နဲ့ ပိုက်ဆံတစ်သိန်းကျော်လည်း ယူသွားတယ်ပြောတယ်” ဟု အထက်ပါ NLD ပါတီဝင်က ပြောသည်။

စလင်းမြို့နယ် NLD အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးကျော်ဖိုးကျော်မှာ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ ရုံးတာဝန်ခံနှင့် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံလည်းဖြစ်ကာ ၎င်းတွင် ၂၀ နှစ်အရွယ်နှင့် ၁၀ နှစ်အရွယ် သားသမီးသုံးဦးရှိသည်ဟု သိရသည်။ 

“ည ၂ နာရီလောက်မှာ မြို့နယ် NLD ဘဏ္ဍာရေးမှူးဖြစ်တဲ့ ဦးစိုးမင်းအောင်ရဲ့ အိမ်ကိုလည်း ဝင်စီးတယ်။ လူကို ဖမ်းမမိဘူး။ ဆိုင်ကယ်နှစ်စီးနှင့် စက်ဆီပုံးတွေ ယူသွားတယ်” ဟု ၅၀၅ (က) ဖြင့် ဝရမ်းထုတ်ခံရထားသဖြင့် ၎င်းကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်နေရသူ အထက်ပါ NLD ပါတီဝင်က ပြောသည်။

မကွေးတိုင်း စတင်းမြို့နယ်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ဝရမ်းထုတ်ခံထားရသူ ၈ ဦးရှိပြီး NLD ပါတီဝင် သုံးဦးပါဝင်ကြောင်းလည်း ၎င်းက ပြောသည်။

နိုင်ငံရေးသမားကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသဖြင့် အိမ်တွင်တွေ့ရသူတစ်ဦးကို ဖမ်းခေါ်သွားသည်၊ ဆိုင်ကယ်၊ ဆီပုံး၊ ငွေကြေးတို့ကို လုယူသွားသည်ဟူသော  ပြောဆိုချက်နှင့် ပတ်သက်ပြီး စလင်းမြို့နယ်ရဲစခန်း၊ အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

NLD အနိုင်ရရှိသော ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲသည် မျှတမှုရှိသည်ဟု ပြည်တွင်းပြည်ပလေ့လာသူများက သုံးသပ်ကြသော်လည်း အကြီးအကျယ်ရှုံးခဲ့သည့် ပါတီများထဲမှ တချို့က ရလဒ်ကို စောဒကတက်ခဲ့ကြသည်။

လွှတ်တော်သစ် ပြန်လည်အစပြုမည့် ဖေဖော်ဝါရီလဆန်းတွင် စစ်တပ်က မဲစာရင်းမှားသည်ဟု အကြောင်းပြ၍ အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။

ဤအတောအတွင်း အာဏာသိမ်းမှုဆန့်ကျင်သည့် ပြည်သူအများအပြားကို ဖမ်းဆီးသတ်ဖြတ်လျက်ရှိသည်။ 

ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများထဲတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် CDM ဟု ခေါ်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေကြသည်။

Show More

Related Articles

Back to top button