သတင်း

မုံရွာသပိတ်ခေါင်းဆောင်ကို စစ်ကောင်စီက ကားဖြင့်တိုက်၍ ဖမ်းဆီး

စစ်အာဏာရှင်ဆန့်ကျင်ရေး မုံရွာမြို့ပင်မသပိတ်ဦးဆောင်သူ ကိုဝေမိုးနိုင် ယနေ့ (ဧပြီ ၁၅ )နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာစဉ် စစ်ကောင်စီ၏ လက်နက်ကိုင်များက ကားဖြင့် ဝင်တိုက်၍ အကြမ်းဖက်ဖမ်းဆီးလိုက်သည်။

အသက် ၂၆နှစ်အရွယ် ကိုဝေမိုးနိုင်ဦးဆောင်သော စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းသည် မုံရွာမြို့အတွင်း ဆိုင်ကယ်များဖြင့် လှည့်လည်နေစဉ် မြို့မရွှေဂူကျောင်းလမ်း၌ ကိုဝေမိုးနိုင်စီးနင်းလာသော ဆိုင်ကယ်ကို အရပ်ဝတ် လက်နက်ကိုင်များက အိမ်းစီးကားဖြင့် ဝင်တိုက်ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မုံရွာမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“သပိတ်စစ်ကြောင်းထွက်တဲ့အချိန် သူစီးလာတဲ့ဆိုင်ကယ်ရှေ့မှာ ဆိုင်ကယ်ငါးစီးလောက် ကာဆီးထားတယ်။ (ကားက) ရှေ့က ဆိုင်ကယ်တွေကို ကျော်ပြီးတော့ ကိုဝေမိုးနိုင်ဆိုင်ကယ်ခေါင်းကို ဖြတ်တိုက်တာ။ ဆိုင်ကယ်လဲသွားတော့ ကိုဝေမိုးနိုင် ထပြေးတဲ့အချိန်မှာ အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားသူတွေ ဆင်းလာပြီး သေနတ်နဲ့ ချိန်ဖမ်းသွားတာ”ဟု အထက်ပါ အမျိုးသားက ပြောသည်။

ကိုဝေမိုးနိုင်နှင့်အတူ ဆန္ဒပြအမျိုးသမီးတစ်ဦးလည်း ဖမ်းဆီးခံရပြီး လက်ရှိတွင် မုံရွာမြို့တော်ခန်းမမှတဆင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ဖမ်းဆီးခေါ်သွားသည်ဟု ၎င်းက ဆက်ပြောသည်။

သပိတ်စစ်ကြောင်းတွင် ပါဝင်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် အကြမ်းဖက်ဖမ်းဆီးမှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို Myanmar Now အနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ကားဖြင့် တိုက်၍ ဖမ်းဆီးခံရသည့် ကိုဝေမိုးနိုင်၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု သူအဖမ်းခံရပြီး နာရီပိုင်းအတွင်းမှာပင် ရန်ကုန်မြို့ ဆွီဒင်သံရုံးက သတင်းထုတ်ပြန်သည်။  

“ကိုဝေမိုးနိုင်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး သင့်တော်လုံလောက်သည့် ဆေးကုသမှုရရှိရန်နှင့် ၎င်းတို့၏ လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် တောင်းဆိုပါသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

စစ်ကောင်စီက နိုင်ငံအနှံ့အပြားမှ ဆန္ဒပြနေသူများကို ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းနေချိန်မှာပင် ဆက်လက်အန်တုနေသည့် ဒေသများထဲတွင် မုံရွာမြို့နှင့် မန္တလေးမြို့တို့လည်း ပါဝင်သည်။

မုံရွာမြို့သပိတ်စစ်ကြောင်းကို ကိုဝေမိုးနိုင်က ဦးဆောင်ခြင်းဖြစ်ပြီး မန္တလေးမြို့သပိတ်စစ်ကြောင်းကို ဒေါက်တာတေဇာစန်းက ဦးဆောင်ခြင်းဖြစ်သည်။ ၎င်းတို့ဦးဆောင်သော သပိတ်စစ်ကြောင်းများသည် ဖေဖော်ဝါရီမှ ယနေ့အချိန်အထိ လမ်းပေါ်တွင် ရှိနေဆဲဖြစ်သောကြောင့် ပစ်မှတ်ထားခံနေရခြင်းဖြစ်သည်ဟု အများအပြားက ယူဆနေကြသည်။

ကိုဝေမိုးနိုင်အဖမ်းခံရသည်ကို သိရှိပြီးနောက် လူထုအရေးတော်ပုံကို လုံ့လဝီရိယ နှစ်ဆတိုး၍ ဆက်လက်ပြုလုပ်ကြရန် ကိုတေဇာစန်းက ၎င်း၏ Facebook လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် တိုက်တွန်းလိုက်သည်။

ကိုဝေမိုးနိုင်အဖမ်းခံလိုက်ရသော်လည်း နောက်ထပ်ဝေမိုးနိုင်များစွာ လူထုကြားထဲတွင် ထွက်ပေါ်လာလိမ့်မည်ဟု စစ်ကောင်စီကို သတိပေးကြောင်း ကိုတေဇာစန်းက ရေးသားထားသည်။

“ဒီဝေမိုးနိုင်တစ်ယောက်ကို ဖမ်းလိုက်လည်း နောက်ထပ်ဝေမိုးနိုင်တွေ အများကြီးလာလိမ့်မယ်ဆိုတာ မြဲမြဲမှတ်ထားပါ” ဟု ၎င်းက ရေးသားထားသည်။

ကိုဝေမိုးနိုင်သည် ၂၀၁၄ မှ ၂၀၁၅ အထိ မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး စစ်အစိုးရအသွင်ပြောင်း ဦးသိန်းစိန်အစိုးရလက်ထက်က မုံရွာ၌ ဆဲဗင်းဂျူလိုင်အခမ်းအနား ဦးဆောင်ကျင်းပမှုကြောင့် ပုဒ်မ၂ခုဖြင့် အရေးယူခံခဲ့ရဖူးသူဖြစ်သည်။

ထို့အပြင် ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်ပိုင်း သပိတ်ခေါင်းဆောင်ဖြစ်လာချိန်တွင် စစ်ကောင်စီက သူ့ကို လူသတ်မှု၊ အိမ်ကျော်နင်းမှု၊ ခိုးမှုများ ကျူးလွန်သည်ဟု စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ထားသည်။ စစ်ကောင်စီကို သတင်းပေးနေသည်ဟု ယူဆခံရသူတစ်ဦးကို ပြည်သူများက ဖမ်းဆီးလိုက်ပြီး နောက်ပိုင်းတွင် ထိုသို့ စွပ်စွဲခံရခြင်းဖြစ်သည်။

“သူကို တော်လှန်ရေးနဲ့မဆိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲထားတာ”ဟု မုံရွာမြို့မှ CDMရှေ့နေတစ်ဦးက ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီသည် မတ် ၂၅ ညက မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်၌ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ ကိုရန်မိုးနိုင်နှင့် ကိုတရုတ်ကြီးတို့ကို ခိုင်မာသည့် အထောက်အထားမပြနိုင်ဘဲ စွပ်စွဲ၍ မတ် ၂၇ တွင် အမှုဖွင့်ထားသည်။

မုံရွာမြို့ ပြည်သူလူထုကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီပြန်ကြားရေးအရာရှိကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

ကိုဝေမိုးနိုင်က အဖမ်းမခံရအောင် ကြိုးစားတိမ်းရှောင်နေကြောင်း၊ မည်သူ အဖမ်းခံရခံရ နွေဦးတော်လှန်ရေးအပေါ်မှာထားသည့် ယုံကြည်ချက်၊ မျှော်လင့်ချက်များကို လွယ်လွယ်ကူကူမလွှတ်ချရန်၊ သူအဖမ်းခံရပါက ကျန်နေခဲ့သည့် ရဲဘော်ရဲဘက်များက လုပ်စရာရှိတာ ဆက်လုပ်သွားကြရန် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဧပြီ ၆ ရက်နေ့က ရေးသားထားသည်။ 

“လူထုက တက်ညီလက်ညီ လိုက်ပါကြဖို့သာ အရေးကြီးတာပါ။ မုံရွာအနေနဲ့ သပိတ်တွေ ခုထိ ရတဲ့နည်းနဲ့ ရသလို ထွက်နေကြသေးတယ်။ CDM ဝန်ထမ်းတွေကို အကြမ်းဖက်သောင်းကျန်းသူအုပ်စုက အငြိုးတကြီး လိုက်တိုက်ခိုက် ဖမ်းဆီးဖို့ ကြိုးစားနေသလို ဝန်ထမ်းတွေလဲ တောင့်ခံနေကြတယ်။ မုံရွာမြို့နယ်အတွင်း ရပ်/ကျေးအဆင့်မှာ ခုထိ အကြမ်းဖက်စစ်အုပ်စုက နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်သေးဘူး။ ဒါကိုက ကျနော်တို့ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုအတိုင်းအတာပါပဲ”ဟု ကိုဝေမိုးနိုင်က ရေးသားထားသည်။ 

အခြေအနေများမှာ ပိုမိုးဆိုးရွားလာနိုင်သဖြင့် လှုပ်ရှားမှု ပိုမိုခက်ခဲလာပါကလည်း လူထုအနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ သပိတ်ကော်မတီတို့၏ ဦးဆောင်မှုအောက် တညီတည်းလိုက်ပါပေးကြရန် ကိုဝေမိုးနိုင်က တိုက်တွန်းထားသည်။ 

Show More

Related Articles

Back to top button