မန္တလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီအလိုမရှိကြောင်း နေ့စဉ်ရက်ဆက် ချီတက်ဆန္ဒပြသည့် ကျန်းမာရေးမိသားစုသပိတ်စစ်ကြောင်းကို စစ်ကောင်စီလက်နက်ကိုင်တပ်များက ယနေ့ (ဧပြီ ၁၅) နံနက်ပိုင်းတွင် အကြမ်းဖက်ဖြိုခွင်းခဲ့သည်။
ယနေ့ နံနက် ၉ နာရီတွင် ၇၆ လမ်းနှင့် ၃၄ လမ်း စုရပ်၌ သပိတ်စစ်ကြောင်းထွက်ခွာရန် ပြင်ဆင်နေချိန် အာဏာသိမ်းစစ်ကောင်စီတပ်က လာရောက်ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း သပိတ်စစ်ကြောင်း၌ ပါဝင်သူများက ပြောသည်။
“စထွက်ထွက်ချင်း၊ တန်းစီတုန်း ရောက်လာပြီး ဝင်ပစ်တာ။ (ပစ်တဲ့လူနဲ့) တအားနီးလို့ အရမ်းကို ပြေးခဲ့ရတယ်။ ဘာမှကို မကြည့်နိုင်တော့ဘူး။ ခုထိလည်း ပစ်နေတုန်းပဲ” ဟု သပိတ်စစ်ကြောင်းတွင်ပါဝင်သူ ဆရာဝန်တစ်ဦးက Myanmar Now က ပြောသည်။
နံနက် ၁၀ နာရီခွဲအချိန်ထိ စစ်ကောင်စီတပ်က ပိတ်ဆို့ပစ်ခတ်နေဆဲဖြစ်ပြီး အပစ်ခံရသူ၊ ဒဏ်ရာရသူ အများအပြားရှိကြောင်းလည်း သိရသည်။
“လက်ရှိ နှစ်ယောက်ပစ်ခံရတယ် ကြားထားတယ်။ ပိတ်ထားပြီး ပစ်နေတာ”ဟု အထက်ပါဆရာဝန်က ဆက်ပြောသည်။
ဒဏ်ရာရသူအရေအတွက်နှင့် ဖမ်းဆီးမှုအခြေအနေများကို Myanmar Now က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲ ဖြစ်သည်။
မန္တလေးမြို့တွင် ကျန်းမာရေးဝန်ထမ်းများ၏ အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းဖြိုခွင်းခံရရာတွင် ၁၆ ယောက်ထက်မနည်း ဖမ်းဆီးခံရသည်ဟု မျက်မြင်များက ပြောသည်။ ဆရာဝန် ၁၀ ဦးနှင့် အရပ်သား ၆ ဦး ဖြစ်သည်ဟု ဆိုသည်။
မန္တလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက သပိတ်စစ်ကြောင်းများသာမက လူနေရပ်ကွက်များကိုပါ နေ့ရော၊ ညပါ အကြမ်းဖက်ဝင်ရောက်ပစ်ခတ်နေသော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ချီတက်ဆန္ဒပြသော သပိတ်စစ်ကြောင်းများ ရှိသည်။
ယမန်နေ့ည ၈ နာရီခန့်ကလည်း စိန်ပန်းရပ်ကွက်နှင့် လန်ဒန်ဝင်းရပ်ကွက်များအတွင်း အာဏာသိမ်းစစ်တပ်က ဆိုင်ကယ်ဖြင့် ပစ်ခတ်သဖြင့် သုံးဦးထက်မနည်း ကျည်ထိမှန်ခဲ့သည်။
ထို့ပြင် စိန်ပန်းရပ်ကွက်အတွင်း ဒဏ်ရာရရှိသူကို သွားရောက်ခေါ်ဆောင်သည့် နိဗ္ဗာန်သုခ လူနာတင်ယာဉ်ကားကို တာဆီးကာ ယာဉ်ပေါ်ပါ လူနာနှင့် လူနာရှင်အမျိုးသမီးတစ်ဦးကို ဆံပင်ဆောင့်ဆွဲကာ ကားပေါ်မှ ဆွဲချလျက် ပရဟိတသမားသုံးဦးကိုပါ ဖမ်းသွားသည့် ရုပ်သံမှတ်တမ်းတစ်ခုလည်း လူမှုကွန်ရက်တွင် တွေ့ရှိရသည်။
ယမန်နေ့တွင် ရတနာပုံတက္ကသိုလ်ကျောင်းသားကျောင်းသူများသပိတ်၊ မန္တလေးမြို့ တပ်ပေါင်းစုသပိတ်စစ်ကြောင်း၊ တကသစစ်ကြောင်း၏ သွေးမတိတ်သပိတ်၊ ကျန်းမာရေးဝန်ထမ်းများ၏ သပိတ်များအပါအဝင် ချီတက်ဆန္ဒပြခဲ့ကြသည်။